home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

အိမ်ကနေအလုပ်လုပ်ရလို့ သက်သာလိုက်တာလို့ ထင်ရင် လွဲနေပါပြီ။ ကားမစီးရတာကလွဲရင် ကျန်တာက တစ်နေကုန် ကွန်ပျူတာရှေ့မှာ ငုတ်တုပ်ပါပဲ။ သိသာတဲ့အချက်ကတော့ ညနေ အလုပ်ဆင်းချိန်ရောက်လို့ အလုပ်စားပွဲက ထလိုက်ရင် တစ်ကိုယ်လုံး နာကျင်နေတာပါ။ ဇက်ကြောတွေတက်၊ ခါးကနာ၊ လက်ဆစ်တွေကိုက်၊ မျက်ရိုးတွေကိုက်နဲ့ ဝေဒနာ ပေါင်းစုံတင်လာပါပြီ။ တစ်ရက်လည်း မဟုတ် နေ့တိုင်းသာ ဒီလိုဆိုရင် ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာပါ။

နာကျင်မှု ကင်းတဲ့ work from home လေး ဖြစ်စေဖို့

ဒီတော့ နေ့စဉ်အလုပ်လုပ်နေရပေမယ့် နာကျင်မှုတွေ ကင်းနေအောင်၊ မိမိရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေ မထိခိုက်အောင် အောက်ပါအချက်တွေကို လိုက်လုပ်ပေးနိုင်ပါတယ်။

  • အချိန်ဇယားအတိအကျထားပါ။

ဘယ်အချိန်မှာ အလုပ်စလုပ်မယ်။ ဘယ်အချိန်မှာ ထမင်းစားနားမယ်။ ဘယ်အချိန်မှာ အလုပ်ဆင်းမယ်ဆိုတာကို ရုံးမှာလိုပဲ သတ်မှတ်ထားပါ။ မဟုတ်ရင် ထိုင်ရာမထ ရုံးချိန်ကျော်တဲ့အထိ လုပ်မိတတ်ပါတယ်။

  • အလုပ်စားပွဲသီးသန့်ထားပါ။

အလုပ်စားပွဲ သီးသန့်မထားဘူးဆိုရင် ဧည့်ခန်းမှာ၊ အိပ်ရာမှာ အလုပ်လုပ်မိတတ်ပါတယ်။ ဒီနေရာတွေမှာ ကိုယ်နေဟန်ထား မမှန်ဘဲ ထိုင်တာ၊ လှဲပြီး အလုပ်လုပ်တာတွေက အရိုးအဆစ်တွေကို နာကျင်စေပါတယ်။

  • ကိုယ်နေဟန်ထားကို သတိထားပါ။

အလုပ်စားပွဲမှာ ထိုင်ပြီး လုပ်မယ်ဆိုရင်လည်း ကိုယ်နေဟန်ထားကို သတိထားသင့်ပါတယ်။ ကွန်ပျူတာက လက်တဆန့်အကွာမှာ ရှိနေရပါမယ်။ ကွန်ပျူတာစကရင်က မျက်လုံးနဲ့ တစ်တန်းတည်း ဒါမှမဟုတ် အောက်အနည်းငယ်နိမ့်ရပါမယ်။ လက်က ခွေခေါက်မနေရပါဘူး။ ခါးနဲ့ တင်ပါးနဲ့က ထောင့်မှန်ကျ ထိုင်ရပါမယ်။ ခြေထောက်ကို ကြမ်းပြင်မှာ ပြားလိုက်ချထားရပါမယ်။ စားပွဲနဲ့ ဒူးနဲ့ တိုက်မနေရပါဘူး။ ခါးနောက်မှာ အခုအခံလေးတစ်ခု ထားထားရပါမယ်။

  • အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ လုပ်ပါ။

သဘာဝအလင်းရောင်ဖြစ်ဖြစ်၊ ကွန်ပျူတာက အလင်းရောင်ဖြစ်ဖြစ် မလုံလောက်တဲ့အခါ မျက်လုံးကို အားစိုက်၊ ခေါင်းကို ရှေ့တိုးပြီး ကြည့်ရပါတယ်။ ဒါကြောင့် ရုံးဆင်းတဲ့အခါ မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေ ကြုံရတာပါ။

အလုပ်လုပ်နေရင်း ထပြီး လမ်းလျှောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ စျာန်ဝင်သွားရင် ရပ်ဖို့ ခက်ပါတယ်။ ဒါကြောင့် မိနစ် ၂၀၊ နာရီဝက် တစ်ခါ alarmပေးထားပါ။ Alarmမြည်တိုင်း ခဏထ ပေ၂၀အကွာကို စက္ကန့် ၂၀လောက်ကြည့်ပါ။ ခဏလောက် လမ်းထလျှောက်ပါ။ ဒါဆိုရင် 20-20-20 ruleကို လိုက်နာပြီး ဖြစ်သလို လှုပ်ရှားမှုလည်း လုပ်ပြီး ဖြစ်သွားပါတယ်။

ရေဓာတ်နည်းတဲ့အခါ ကြွက်သားနာကျင်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေသောက်များပြီး အိမ်သာ ခဏခဏ ထသွားရတဲ့အခါ လမ်းလည်း ထလျှောက်ဖြစ်ပါတယ်။

အလုပ်ဆင်းပြီဆိုရင် အလုပ်စားပွဲက ထပြီး လမ်းထလျှောက်ပါ။ ဖုန်းသုံးတာကို ခဏနားလိုက်ပါ။ ပြင်ညီကြမ်းပြင်အမာမှာ ပက်လက်လန်ပြီး သက်သောင့်သက်သာ လှဲချပါ။ တင်းနေတဲ့ အကြောတွေကို လျှော့လိုက်ပါ။

Work from home ကြောင့် ဖြစ်လာတဲ့ နာကျင်မှုတွေ သက်သာစေဖို့

Work from homeကြောင့် ဖြစ်လာတဲ့ နာကျင်မှုတွေကို လျစ်လျူမရှုပါနဲ့။ ရုံးဆင်းလို့ ကြွက်သားတွေ နာကျင်တဲ့အခါ ဒီတိုင်း ပစ်မထားလိုက်ပါနဲ့။ နောက်နေ့တွေမှာလည်း ဆက်ပြီး အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် မြန်မြန်သက်သာလာဖို့ အရေးကြီးပါတယ်။ ဒါကြောင့်

-ရုံးဆင်းပြီဆိုတာနဲ့ သေချာအနားယူပါ။

-နာနေတဲ့ ကြွက်သားတွေကို အကြောလျှော့ပါ။

ရေခဲဝတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပါ။

-ရေနွေးလေးနဲ့ ရေချိုးပါ။

-အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် လိမ်းဆေးတွေ လိမ်းပေးဖို့ လိုပါတယ်။

နေ့စဉ်နဲ့အမျှ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ကြွက်သားနဲ့ အရိုးအဆစ်တွေ ဒဏ်မဖြစ်အောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။