backup og meta

လှုပ်မယ်ကြံတိုင်း အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လှုပ်မယ်ကြံတိုင်း အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေတာ ဘာကြောင့်လဲ

    ငြိမ်နေတော့အကောင်းသား လှုပ်ရှားလိုက်မှ အီးအဲအသံမျိုးစုံထွက်ရတာ၊ တကျွတ်ကျွတ်နဲ့ အကြောအခြင်တောင့်တင်းနာကျင်နေရတာတွေ ကြုံဖူးကြမှာပါ။ ချက်ချင်းပေါ့ပေါ့ပါးပါးမလှုပ်ရှားနိုင်တာ အသက်ကြီးသူတွေမှမဟုတ်ပါဘူး၊ လူငယ်တွေပါဖြစ်လာတာတွေ့ရပါတယ်။ အလုပ်မှာအထိုင်များတဲ့သူတွေရှေ့ဆုံးကပေါ့။ ခါးတွေတောင့်မယ်၊ ဇက်ကြောတွေတောင့်မယ်၊ လမ်းထလျှောက်ရင်ပေါင်တွေတောင့်လို့ဖြည်းဖြည်းချင်းလှုပ်ရှားရတာမျိုး။

    ရုတ်တရက်လှုပ်ရှားလိုက်တဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေရတဲ့ အကြောင်းရင်းတချို့ကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

    အသက်ကြီးလာလို့

    အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးထိပ်မှာအကာအကွယ်ပေးထားတဲ့အရိုးနုလွှာက စတင် ခြောက်သွေ့ပြီးတောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကိုချောမွေ့စွာလှုပ်ရှားနိုင်ဖို့ခန္ဓါကိုယ်က ထုတ်ပေးနေကျsynovial fluidတွေလျော့နည်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။

    မနက်အိပ်ရာထချိန်မို့လို့

    နာရီအတော်ကြာအိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေလှုပ်ရှားမှုလွယ်ကူစေဖို့ထုတ်ပေးတဲ့synovial fluidအရည်ဓါတ်က လုပ်ဆောင်ချက်သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရတောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေလုပ်ကြတာ ဒါကြောင့်ပါ။

    အရိုးအဆစ်နာရောဂါဖြစ်လို့

    အရိုးတွေကြားကအဆစ်မှာ ဖုံးအုပ်ထားတဲ့အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေကြားမှာပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။

    အကိုက်အခဲပျောက်ဆေးလွန်ကဲလို့

    အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို့ အလွယ်တကူသောက်လို့ရတဲ့ဆေးတွေကိုအားကိုးကြပါတယ်။ ဒါမှမရရင် ဆရာဝန်တွေက ထိုးဆေးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲရတဲ့အခါ ကြွက်သားတွေကိုအားနည်းစေနိုင်ပါတယ်။

    လေးဘက်နာအဆစ်ရောင်ေကြာင့်

    လက်ကောက်ဝတ်နဲ့လက်ချောင်းအဆစ်တွေမှာ အများဆုံးသိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့လေးဘက်နာအဆစ်ရောင်ရောဂါကလည်း အကြောင်းရင်းဖြစ်နိုင်ပါတယ်။ လေးဘက်နာဖြစ်ရင် အဆစ်တွေအမြဲတမ်း နာကျင်၊တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ရောဂါကငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။

    ရာသီဥတုအပြောင်းအလဲကြောင့်

    ရာသီဥတုအေးလာပြီဆို အရိုးအဆစ်ေတွလှုပ်ရှားရမကောင်းတော့ဘူးဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတုပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။လေးဘက်နာသမားတွေ ရာသီဥတုအေးရင် ပိုကိုက်ခဲကြတာတွေ့ရများပါတယ်။

    အရွတ်ကြောနာကြောင့်

    နာတာရှည်ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ကြွက်သားတွေနာကျင်ကိုက်ခဲစေနိုင်တဲ့အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါရှိတတ်ပါတယ်။ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှုပြင်းထန်တာတွေနောက်ပိုင်းမှာဒီဝေဒနာပိုဆိုးစေတတ်ပါတယ်။

    အရိုးအဆစ်ထိခိုက်မှုကြောင့်

    အရိုးအဆစ်ကို ထိခိုက်မှုတခုခုရှိထားတယ်ဆိုရင်ရောင်ရမ်းခြင်းနဲ့တောင့်တင်းနာကျင်ခြင်းတွေဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှုပုံစံမမှန်ရင်လည်း အရွတ်ပါထိခိုက်ပြီး ဒီလိုတွေဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    လှုပ်ရှားမှုရှိပါစေ

    အရိုးအဆစ်တွေကိုလှုပ်ရှားတာများလေ၊တောင့်တင်းနာကျင်နေဖို့အခွင့်အလမ်းနည်းလေပါပဲ။ အိမ်ရှေ့ခဏလောက်လမ်းထွက်လျှောက်တာ၊ အပင်လေးတွေစိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှုဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ်ဆိုလည်း ဟိုဟိုဒီဒီနည်းနည်းလမ်းလျှောက်ပေးတာ၊ခြေဆန့်လက်ဆန့်အကြောလျှော့တာတွေ လုပ်ပေးပါ။ ပိတ်ရက်တွေမှာဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ်လေ့ကျင့်ခန်းအနည်းငယ်လုပ်ပေးရင် အရိုးအဆစ်တွေကိုထောက်ပံ့ပေးတဲ့ကြွက်သားတွေကိုသန်မာစေပြီး အရိုးတွေလည်းသန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်းပိုကောင်းစေမယ်၊ ကယ်လိုရီလောင်ကျွမ်းစေတယ်။ လှုပ်ရှားလေပိုဆိုးလေဖြစ်ရင်တော့ ချက်ချင်းရပ်ပြီးဆရာဝန်ပြပါ။

    အပူကုထုံး

    မနက်ပိုင်း အဆစ်အမြစ်ေတာင့်တင်းနေတယ်ဆိုရေနွေးလေးနဲ့ရေချိုးကြည့်ပါ။သွေးလည်ပတ်မှုကောင်းစေပြီး အကြောအခြင်တွေပြေလျော့စေပါတယ်။ရေနွေးအိတ်လေးကပ်ပေးလည်းရပါတယ်။

    အအေးကုထုံး

    နာကျင်နေတဲ့အဆစ်ကိုရေခဲကပ်လို့ရပါတယ်။သွေးကြောတွေကိုကျဉ်းစေပြီး နာကျင်နေတဲ့ဧရိယာမှာသွေးလည်ပတ်မှုနှေးစေတဲ့အတွက်ရောင်ရမ်းမှုကိုလျော့စေပါတယ်။ ရေခဲကိုပုဝါတစ်ခုနဲ့ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက်မပိုပါစေနဲ့။

    တကယ်လို့ …

    • နာကျင်ကိုက်ခဲမှုအရမ်းဆိုးလာရင်
    • ထိခိုက်မှုဖြစ်ထားတာဆိုရင်(ချော်လဲလို့အရိုးအက်တာမျိုး)
    • အဆစ်လွဲတာဆိုရင်
    • အသုံးပြုလို့မရလောက်အောင်နာနေရင်
    • ရုတ်တရက်ရောင်ရမ်းလာရင်
    • အရိုးအဆစ်တွေအထိမခံနိုင်၊ လှုပ်ရှားရခက်ခဲရင်
    • အရိုးအဆစ်နေရာအရေပြားက နီမြန်းပြီး ထိလိုက်တဲ့အခါပူနေတာဆိုရင်
    • အရိုးအဆစ်ပြဿနာက ၃ ရက်ကျော်လာရင် ဒါမှမဟုတ် တစ်လအတွင်း ခဏခဏဖြစ်နေတာဆိုရင် ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement