home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်။ ။

သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်။ ။

ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ အဆစ်အမြစ်ကိုက်တာဆိုတော့ ခြေတွေလက်တွေကို ဓါတ်မှန်ရိုက်တာက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ လူနာတွေစိတ်ထဲ မရှင်းတာမျိုးမဖြစ်ပေမယ့် သွေးစစ်တဲ့အခါကျတော့ ဘာလို့စစ်ရမှန်းမရှင်းဖြစ်နေတတ်ပါတယ်။ ဖြစ်တဲ့နေရာက အဆစ်အမြစ် သွေးက ဘယ်လိုအတွက်ကြောင့်၊ ဘာတွေကိုသိရလို့ စစ်ရတာလဲဆိုတာ မရှင်းဖြစ်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။

အဆစ်အမြစ်ကိုက်တဲ့အကြောင်းအရင်းကို ပြောပြပေးနိုင်တဲ့သွေးအဖြေတွေ ။ ။

ASO – ASO Titer လို့ခေါ်တဲ့ဒီသွေးစစ်နည်းဟာ Antistreptolysin Oလို့ခေါ်တဲ့ ကိုယ်တွင်း antibody ကို စစ်ဆေးတာဖြစ်ပြီး လေးဖက်နာပိုး( group AStreptococcus ) ရဲ့ antibody ပါ။ ဒါပေမယ့် ASOတက်တိုင်း လေးဖက်နာပါလို့ ပြောလို့မရပါဘူး။

Uric acid- ယူရစ်အက်ဆစ်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ Gout ( ဂေါက်) ဆိုတဲ့ အဆစ်အမြစ်ကိုက် ရောင်ရမ်းတဲ့ ပြဿနာရှိမရှိ အဖြေထုတ်ပေးတဲ့ သွေးစစ်နည်းပါ။

Rheumatoid factor (RF) – သွေးထဲက gamma globulinကိုဆန့်ကျင်ပြီးထွက်လာတဲ့ antibody ကို စစ်ဆေးတာဖြစ်ပြီး positive ဖြစ်နေရင် ကိုယ့်မှာ အဆစ်အမြစ်ရောင် လေးဘက်နာ ( Rheumatoid Arthritis) ရှိမရှိ သိရမှာပါ။

Anti-cyclic citrullinated peptide (anti-CCP) – RF လိုပဲ အဆစ်အမြစ်ရောင်ေလးဘက်နာရောဂါကို စစ်ဆေးတာဖြစ်ပါတယ်။ RF က အခြား အဆစ်အမြစ်ကိုက်ပြဿနာတွေမှာလည်း များနေတတ်တာကြောင့် RF ထက်စာရင် anti-CCP က အဆစ်အမြစ်ရောင်လေးဘက်နာရောဂါ (Rheumatoid Arthritis) ရှိနေကြောင်း ပိုပြီး တိတိကျကျ အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက RF တက်နေတိုင်း anti-CCP လိုက်မတက်ပေမယ့် anti-CCP တက်နေပြီဆိုရင်တော့ RF ပါလိုက်တက်နေမှာ ဖြစ်ပါတယ်။

Antinuclear antibody (ANA) – Lupus ရောဂါဆိုတဲ့ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိနေတဲ့အခါ စစ်ဆေးလို့ရတဲ့ antibody ဖြစ်ပါတယ်။ polymyositis, scleroderma, Sjogren’s syndrome, mixed connective tissue disease နဲ့ rheumatoid arthritis စတဲ့ ရောဂါတွေမှာလည်း ANA တက်နေနိုင်ပါတယ်။ ANA အနည်းအများ၊ အခြားစစ်ဆေးခြင်းတွေ၊ ခံစားနေရတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ရောဂါကို အဖြေရှာမှာ ဖြစ်ပါတယ်။

HLA tissue typing – သွေးထဲက မျိုးရိုးဗီဇဆိုင်ရာ maker HLA-B27 ကို စစ်ဆေးတာဖြစ်ပြီး ခါးဆစ်ရိုး ရောင်ရမ်းပြီး ကိုက်ခဲတဲ့ ပြဿနာဖြစ်တဲ့ ankylosing spondylitis ရှိမရှိ အဖြေရှာပေးနိုင်မှာပါ။ HLA-B27 ဟာ အခြား ရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ဆီးပြွန်ဝရောင်ရမ်းခြင်း၊ မျက်လုံးနဲ့ အခြား အဆစ်အမြစ်တွေရောင်ရမ်းခြင်းမှာလည်း တက်နေနိုင်ပါတယ်။

Erythrocyte sedimentation rate – ESR လို့လူသိများကြတဲ့စစ်ဆေးနည်းကတော့ ဖန်ပြွန်တစ်ခုထဲ သွေးထည့်ပြီး တစ်နာရီလောက်ထောင်ထားရတဲ့ စစ်ဆေးနည်းတစ်ခုပါ။ သွေးနီဥဆဲလ်ေလးတွေ ဘယ်လောက်မြန်မြန် အနည်ကျလဲဆိုတာကို စစ်ဆေးတာပါ။ အနည်ကျတာမြန်လေလေ ကိုယ်တွင်းတစ်နေရာမှာ ရောင်ရမ်းတာရှိနေလေလေ ဆိုတာကို ပြောတာပါ။ ဒါပေမယ့် သွေးအားနည်းတဲ့ပြဿနာတွေ၊ ကိုယ်တွင်းပိုးဝင်ဖျားနာတဲ့ ပြဿနာတွေမှာလည်း ESR တက်နေနိုင်တာကြောင့် သူတက်နေတိုင်း အဆစ်အမြစ်ဆိုင်ရာရောဂါဖြစ်နေပြီလို့ အတပ်ဆိုလို့တော့ မရပါဘူး။

C-reactive protein – ဒါကတော့ ကိုယ်တွင်းမှာရောင်ရမ်းတဲ့တစ်နေရာ ရှိနေပြီဆိုတာနဲ့ လိုက်တက်လာတဲ့ CRP ဖြစ်ပါတယ်။ အသည်းက ထုတ်လုပ်ပေးတာဖြစ်ပြီး ရောင်ရမ်း တဲ့ပြဿနာ တော်တော်များများမှာ တက်နေတာဖြစ်လို့ ဘယ်ရောဂါရယ်လို့ တိတိကျကျ အဖြေထုတ်ပေးနိုင်တာရှားပါတယ်။

Lyme serology – ဒါက ခုခံအားဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ Lyme disease ကို စစ်ဆေးတဲ့ သွေးစစ်နည်းပါ။

ဒါတွေကတော့ အဆစ်အမြစ်ကိုက်ခဲရတဲ့အကြောင်းအရင်းတွေကို ရှာပေးတဲ့ သွေးစစ်နည်းတွေပါ။ ထွက်လာတဲ့ သွေးအဖြေရယ်၊ ဓါတ်မှန်အဖြေတွေရယ်၊ ဖြစ်နေတဲ့ လက္ခဏာတွေရယ်၊ စမ်းသပ်ချက်တွပေါ်မူတည်ပြီး ရောဂါကို အဖြေရှာလို့ရတာပေါ့။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 7 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။