home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားပွတ်တံကို မှန်မှန်ကန်ကန် အသုံးပြုကြမယ်။ သန့်ရှင်းအောင်ထားကြမယ်။

သွားပွတ်တံကို မှန်မှန်ကန်ကန် အသုံးပြုကြမယ်။ သန့်ရှင်းအောင်ထားကြမယ်။

မမွှေးရင်နေပါစေ။ အနံ့အသက်ဆိုးတဲ့ ခံတွင်းတစ်ခုကိုတော့ ဘယ်သူမှ မလိုချင်ကြဘူးလေ။ ဒီလို လူတိုင်းလိုချင်တဲ့ သန့်ရှင်းကျန်းမာတဲ့ ခံတွင်းတစ်ခုရဖို့အတွက်ဆိုရင် သွားတိုက်တာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်း စေဖို့ သွားတိုက်တယ်ဆိုတဲ့နေရာမှာ သွားတိုက်နည်းမှန်ကန်ဖို့ရော ကိုယ်သုံးနေတဲ့ သွားပွတ်တံကို သန့်ရှင်းအောင်ထားဖို့အတွက်ရော နှစ်ခုလုံးက အရေးကြီးပါတယ်။

သွားပွတ်တံကို သုံပြီးသွားကို မှန်ကန်တဲ့နည်းနဲ့ ဘယ်လိုသွားတိုက်ကြမလဲ။ ။

  • နူးညံ့ပြီး အမျှင်သေးသေးလေးတွေနဲ့ လုပ်ထားတဲ့ သွားပွတ်တံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
  • သွားတိုက်တဲ့နေရာမှာ သွားပွတ်တံကို ၄၅ ဒီဂရီလောက်စောင်းတဲ့ အနေအထားနဲ့ တိုက်သင့်ပါတယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။ သွားမျက်နှာပြင် ရှေ့နောက် နေရာလပ်မကျန် အပေါ်အောက် ပွတ်ဆွဲပြီး သွားတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အံသွားတွေကိုလည်းချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
  • သွားတိုက်တယ်ဆိုပြီးရော ဆိုပြီး သွားကို အမြန်မတိုက်ပါနဲ့။ တစ်ခါသွားတိုက်ရင် နှစ်မိနစ်လောက်တော့ ကြာသင့်ပါတယ်။
  • သွားတစ်ခါတိုက်ရင်သွားတိုက်ဆေးကို မန်ကျည်းစေ့လောက်ပဲထည့်ပါ။ သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်တဲ့အတွက် ကျန်းမာရေးအတွက်မကောင်းပါဘူး။
  • ဘက်တီးရီးယားတွေ ပေါက်ပွားတာကို တားဆီးဖို့နဲ့ အနံ့ဆိုးတွေကင်းစေဖို့ လျှာကိုပါ ဖွဖွလေးတိုက်ပေးသင့်ပါတယ်၊။

သွားတိုက်တဲ့ ကိစ္စပြီးပြီ ဆိုတော့ ကိုယ်အသုံးပြုထားတဲ့ သွားပွတ်တံလေးကို ဘယ်လို သန့်ရှင်းအောင် ထားရမလဲဆိုတဲ့ ကိစ္စက အရေးကြီးလာပြန်ပါပြီ ။ ။

သွားပွတ်တံကို ဒီနည်းတွေအတိုင်း ထိန်းသိမ်းပေးပါ

သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သန့်စင်ဆေးကြောပေးပါ– သွားတိုက်ပြီးရင် ခံတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေ သွားပွတ်တံမှာ ကပ်ပါလာမှာ ကျိန်းသေတာကြောင့် သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။

သွားပွတ်တံကို ခြောက်သွေ့အောင်ထားပေးပါ–သွားပွတ်တံမှာ အစိုဓါတ်ရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တဲ့အတွက် ဆေးပြီးသား သွားပွတ်တံကို ခြောက်သွေ့အောင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။

သွားပွတ်တံကို မကိုင်ခင် လက်အရင်ဆေးကြောပေးပါ–လက်မှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ခါနီး သွားပွတ်တံကို မကိုင်ခင် အရင်ဆုံး လက်ကို စင်ကြယ်နေအောင်ဆေးကြောပါ။ ဒါမှာသွားပွတ်တံမှာ ဘက်တီးရီးယားတွေ ကပ်ညှိမနေမှာပါ။

သွားပွတ်တံကို တစ်ယောက်တည်းသုံးပါ– သွားပွတ်တံဆိုတာ အခြားသူတွေနဲ့ မျှသုံးဖို့မသင့်တဲ့ ထိပ်ဆုံးက အရာပါ။ မျှသုံးရင် ခံတွင်းထဲက ဘက်တီးရီးယားတွေသာမက သွေးကနေတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ အကုန်လုံး တစ်ယောက်ကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

ခရီးသွားတဲ့အခါ သွားပွတ်တံကို တစ်ခုခုနဲ့ ဖုံးကာသွားပေးပါ– ခရီးသွားတဲ့အခါမှာ အလှပြင်ပစ္စည်းအိတ်ထဲ သွားပွတ်တံကို ဒီတိုင်းထိုးထည့်လိုက်တာမျိုး မလုပ်ပါနဲ။ ကိုယ့်ပါးစပ်ထဲကို ပြန်ထည့်မယ့်သွားပွတ်တံမှာ ဘာပိုးမှ ကပ်မနေဖို့ အရေးကြီးတာကြောင့် သွားပွတ်တံတစ်ချောင်းတည်းကို သပ်သပ် သေချာထုပ်ပိုးပြီးမှ သွားပါ။

သွားပွတ်တံကို ၆လတစ်ခါ အသစ်လဲပေးပါ – ဖွာလန်ကြဲနေမှ သွားပွတ်တံကို လဲတာထက်စာရင် ၆လတစ်ခါလောက်လဲပေးတာ သင့်သွားနဲ့သွားဖုံးအတွက် ပိုသင့်တော်စေပါတယ်။

ဖျားနေစဉ်က အသုံးပြုတဲ့ သွားပွတ်တံကို ဆက်မသုံးပါနဲ့– တုပ်ကွေးဖြစ်တုန်းက သုံးခဲ့တဲ့ သွားပွတ်တံမှာ ရောဂါပိုးတွေကပ်ကျန်နေနိုင်တာကြောင့် နေပြန်ကောင်းလာတာနဲ့ သွားပွတ်တံအသစ်လဲပြီး အသုံးပြုပါ။

ဒီတော့ သန့်ရှင်းကျန်းမာတဲ့ခံတွင်း တစ်ခု ပိုင်ဆိုင်ဖို့အတွက် မှန်ကန်တဲ့ သွားတိုက်နည်းအပြင် သန့်ရှင်းတဲ့ သွားပွတ်တံတစ်ခုဖြစ်ဖို့ ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်နော် ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။