မြန်မာ့ အစားအစာနဲ့ အချိုဆိုတာ ခွဲထားမရပါဘူး။ အချိုစားတာများလေ သွားထဲက ဘက်တီးရီးယားတွေပိုပျော်လေ သွားပိုးစားလေပဲ ဖြစ်ပါတယ်။ စားချင်တာတွေစားပြီး သွားပြန်မတိုက်ဘူးဆိုရင် သွားနဲ့ခံတွင်းရောဂါတွေ ပိုပိုဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သွားပိုးစားခြင်းနဲ ခံတွင်းရောဂါများကို ကာကွယ်နိုင်ဖို့ဆိုရင် သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပေးရပါမယ်။ တစ်ခါတိုက်ရင်လည်း ၂မိနစ်ကြာတိုက်ပေးပြီး မှန်ကန်သော သွားပွတ်တံ၊ သွားတိုက်နည်းများနဲ့ တိုက်ပေးမယ်ဆို စားချင်တာတွေစားပြီးလည်း သွားကိုက်သွားပိုးစားမှာ မပူရတော့ဘူးနော်။
အပူအစပ်များစားခြင်းကြောင့် သွားဖုံးရောဂါများ ဖြစ်ခြင်း။
မြန်မာလူမျိုးတို့သည် အစပ်ဆို အင်မတန်မှ ကြိုက်သော လူမျိုးများဖြစ်တယ်။ အစပ်များများစားလျှင် သွားကို မထိခိုက်စေသော်လည်း သွားဖုံး နှင့် လျှာကို အပူလောင်တတ်ခြင်း၊ အနြာဖစ်ခြင်းများဖြစ်နိုင်ပြီး သွားဖုံးရောဂါများဖြစ်စေပါတယ်။ သွားဖုံးရောဂါ၏ လက္ခဏာများမှာ သွားဖုံးများ ရောင်ခြင်း၊ နာခြင်း၊ သွေးထွက်လွယ်ခြင်းတို့ ဖြစ်တယ်။ သွားဖုံးရောဂါများဖြစ်လာလျှင် မပေါ့ဆဘဲ သွားဆရာဝန်ဆီ သွား၍ သေချာကုသမှု ခံယူသင့်ပါတယ်။ ဂရုမစိုက်ဘဲ ထားလျှင် ရောဂါအခြေအနေ ပိုဆိုးလာကာ ရေစီးကမ်းပြိုခြင်း သွားဖုံးများကွာကျခြင်း၊ သွားများကျွတ်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်။ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ချင်လျှင် အပူအစပ်များလျှော့စား၍ သွားပုံမှန်တိုက်ကာ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။
မြန်မာတို့သည် ထမင်းမစားရရင်သာ နေနိုင်မယ်။ ကွမ်းမစားရရင်မနေနိုင် ဆိုတဲ့လူမျိုးတွေဖြစ်တယ်။ ကွမ်းစားရတာ ကြိုက်သောသူများကို ကြည့်လိုက်ပါ။ ထမင်းစားချိန်မှ လွဲ၍ ကျန်တဲ့ အချိန်တောက်လျှောက် မအိပ်ခင်အထိ ကွမ်းကို တမြုံ့မြုံ့နဲ့ဝါးနေတတ်ကြပါတယ်။ အဲ့လောက်တောက်လျှောက်ဝါးနေမှတော့ ကွမ်းစားသူများရဲ့ သွားတွေ မဖြူတော့တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ တစ်ခုသတိပေးချင်တာက ကွမ်းစားခြင်းသည် သွားများကိုစွန်းထင်းစေရုံသာမက ခံတွင်းကင်ဆာကိုဖြစ်စေနိုင်သည့် ထိပ်ဆုံး အချက်တွင်ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဖြင့် ရလာမယ့် ဆိုးကျိုးများကို လူတိုင်း လူတိုင်း သတိထား ဆင်ခြင်နိုင်အောင် သွားကျန်းမာရေး ဆရာဝန်များ အနေနဲ့ သေချာပြောပြ အသိပေးပြီး ကွမ်းစားခြင်းအား ဖြတ်ခိုင်းသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။