backup og meta

ဖနောင့်အတက်ထွက်ခြင်း အား ခွဲစိတ်ကုသခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖနောင့်အတက်ထွက်ခြင်း အား ခွဲစိတ်ကုသခြင်း

    ဖနောင့်အတက်ထွက်ခြင်း ဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ ခြေဖနောင့်ကို ဒဏ်ဖြစ်လောက်တဲ့ အားစိုက်ထုတ်မှု၊ ပွတ်တိုက်ခြင်း၊ ဖိအား စတာတွေကြောင့် ခြေဖနောင့်အတက် ဖြစ်လာနိုင်ပါတယ်။

    ဖနောင့်အတက်ထွက်ခြင်း ကို ဖြစ်စေဖို့ အားပေးတဲ့အရာတွေကတော့

    ခြေဖဝါးအတက်တချို့ဟာ မနာတတ်သလို သတိလည်းမပြုမိတတ်ကြပါဘူး။ အကယ်၍ ခြေဖဝါးအတက်ကြောင့် တချိန်လုံးနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ထိရောက်စွာ ကုသဖို့ လိုပါတယ်။

    အကြောလျှော့လေ့ကျင့်ခန်းများလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်သော ဖိနပ်စီးခြင်း၊ ကာယကုသ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ညအချိန်ခြေစွပ် (ankle splint) စွပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အများစုဟာ အဆိုပါနည်းလမ်းများနဲ့ သက်သာနိုင်ပါတယ်။

    အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ မသက်သာရင်တော့ ခွဲစိတ်တဲ့နည်းလမ်းကို ရွေးပါတယ်။ အခြားနည်းလမ်းတွေနဲ့ လနဲ့ချီကုသပြီး မသက်သာတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဖနောင့်အတက်ထွက်ခြင်း အတွက် ခွဲစိတ်နည်း နှစ်မျိုးရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဖနောင့်အတက်ထွက်ခြင်း အား ခွဲစိတ်နည်း ၂မျိုး

    ခြေဖဝါးမှာရှိတဲ့ Plantar Fascia အရွတ်ရောင်ရင် ခြေဖနောင့်အတက် ဖြစ်နိုင်ပါတယ်။ အဆိုပါအရွတ်က ခြေချောင်းလေးများနဲ့ ဖနောင့်အရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်ဖြစ်ပါတယ်။ Plantar fascia ကို ဒဏ်ပိလွန်းရင် ဖနောင့်အတက်ဖြစ်လာနိုင်ပါတယ်။ အတက်ပုံစံနဲ့ ထွက်မလာရင်တောင် အရွတ်ရောင်ရမ်းခြင်းကြောင့် နာကျင်နိုင်ပါတယ်။

    ဒါကြောင့် ဖိအား တင်းအားလျော့စေဖို့အတွက် ဖနောင့်အရွတ်ကို ခွဲစိတ်ပြုပြင်ပေးပါတယ်။ သမားရိုးကျနည်းနဲ့ ခွဲနိုင်သလို မှန်ပြောင်းအသုံးပြုပြီး ခွဲစိတ်ခြင်းလည်း ရှိပါတယ်။

    • ဖနောင့်အတက်အား ဖယ်ထုတ်ခြင်း

    ဒီနည်းလမ်းကတော့ ရောင်ရမ်းထိုးထွက်နေတဲ့ ဖနောင့်အတက်ကို ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖနောင့်အရွတ်ကို ခွဲစိတ်ပြုပြင်နေချိန်မှာလည်း အတက်ဖယ်ထုတ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဒီနည်းလမ်းကို အသုံးပြုတာ နည်းသွားပေမယ့် ကြီးမားပြီး နာကျင်စေတဲ့ ဖနောင့်အတက်ကို ဖြတ်ထုတ်လိုရင်တော့ အသုံးပြုပါတယ်။ သမားရိုးကျနည်းလမ်း ရှိသလို မှန်ပြောင်းသုံးပြီး ခွဲစိတ်တဲ့နည်းလမ်းလည်း ရှိပါတယ်။

    ဘေးထွက်ဆိုးကျိုးတွေရှိနိုင်သလား

    ခွဲစိတ်မှုဖြစ်တာကြောင့် ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး၊ မေ့ဆေးထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ခွဲစိတ်သည့်နေရာ နာကျင်နေခြင်း၊ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဖျားနာခြင်း စတာတွေ ကြုံနိုင်ပါတယ်။

    ဖနောင့်အတက်ထွက်ခြင်း ကို ခွဲစိတ်ပြီး ဘယ်လောက်နေရင် သက်သာမလဲ

    ခွဲစိတ်ပြီး တပတ်ကနေ နှစ်ပတ်လောက်အထိ ပတ်တီးစည်းထားရပါမယ်။ ခြေထောက်အထိန်းတမျိုးမျိုး (walking boot ဒါမှမဟုတ် ankle splint) ကို သုံးပတ်လောက်အထိ တပ်ဆင်ထားရတတ်ပါတယ်။ ချိုင်းထောက် ဒါမှမဟုတ် တောင်ဝှေးကို အသုံးပြုရပါလိမ့်မယ်။

    ခွဲစိတ်ထားတဲ့နေရာမှာ နာကျင်ရောင်ရမ်းနေနိုင်လို့ ရက်အနည်းငယ်ခန့် ခွဲထားတဲ့ ခြေထောက်ကို အနားပေးထားရပါမယ်။ ခြေဖနောင့်တွေအပေါ် ဖိအားသက်ရောက်ခြင်းဟာ အနာကျက်ခြင်းကို နှေးစေပါလိမ့်မယ်။

    ခွဲစိတ်ပြီးနောက်ပိုင်း ဆရာဝန်က ပြန်လည်ချိန်းဆိုတဲ့အခါ ပြသပါ။ ဆရာဝန်က ပုံမှန်လမ်းပြန်လျှောက်နိုင်ကြောင်း ခွင့်ပြုမှသာ လမ်းလျှောက်ပါ။ ပုံမှန်အားဖြင့် ဖနောင့်အရွတ်ခွဲစိတ်ပြီး ၆ပတ်ခန့်အကြာ၊ ဖနောင့်အတက် ခွဲစိတ်ဖယ်ရှားပြီး ၃လခန့်အကြာမှာ ပုံမှန်ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။

    ခြေထောက်ကို ဘယ်လောက် အသုံးပြုသလဲဆိုတာပေါ် မူတည်ပါတယ်။ အထိုင်များတဲ့ ရုံးလုပ်ငန်းဆိုရင် ရက်သတ္တပတ်အနည်းငယ်လောက်ဆို လုပ်ငန်းပြန်ဝင်နိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများတဲ့ လုပ်ငန်းခွင်ဆိုရင်တော့ အနည်းဆုံး ၄ပတ်လောက် အချိန်ယူရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။

    ခွဲစိတ်ပြီးချိန်မှာ မြန်မြန်သက်သာအောင် အောက်ပါနည်းလမ်းတွေကို ပြုလုပ်ပါ။

    • အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးတွေကို ညွှန်ကြားတဲ့အတိုင်း မှန်မှန်သောက်ပါ
    • ခွဲထားတဲ့နေရာဝန်းကျင်ကို ရေခဲကပ်ပေးပါ
    • ခြေထောက်ကို မြှင့်ထားပါ
    • လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းများ သိပ်မပြုပါနှင့်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement