backup og meta

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

    လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။

    ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ အသက်ကြီးမှ ကိုယ်ဆန္ဒရှိလို့ ဖြတ်ချင်တယ်ဆိုလည်း ဖြတ်လို့ရပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။

    အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။

    ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရင်ကလောက် ရှက်မနေတော့ပါဘူး။ ဒီတော့ ကျန်းမာရေးကို ရှေးရှုပြီး ခုလို အသေးစားခွဲစိတ်မှုမျိုးကို အရဲစွန့်လုပ်ကြတာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်းက လုပ်ထားရင်တော့ သိပ်ပြဿနာမရှိပေမယ့် အသက်ကြီးမှ ဖြတ်ရင်တော့ နည်းနည်းပိုဂရုစိုက်ဖို့လိုတာပေါ့။ အထူးသဖြင့်

    • လိင်တံထိပ်အရေပြား ရှည်လွန်းတဲ့အမျိုးသားတွေ
    • သေချာဆေးကြော သန့်ရှင်းရမှာ ပျင်းတဲ့သူတွေ
    • လိင်တံထိပ်အရေပြား ရောင်နေတဲ့သူတွေ
    • အရေပြား နောက်လှန်ဆွဲမရတာ စတဲ့အခြေအနေမျိုးမှာလည်း လိင်တံအရေပြားဖြတ်ဖို့ လိုအပ်ပါတယ်။

    လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

    တခြားအကျိုးကျေးဇူးရော ရှိသေးလား။

    ၁။ လိင်တံထိပ်အရေပြား ဖြတ်ခြင်းကြောင့် ချွေး၊ အညစ်အကြေး၊ အဆီတွေပိတ်မိခြင်းမရှိတဲ့အတွက် အဖြူဖတ်လည်းနည်းသွားသလို လိင်တံအနံ့ဆိုးလည်း သက်သာသွားပါတယ်။

    ၂။ ပွန်းပဲ့စရာအရေပြား မရှိတော့တာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါ HIV နဲ့ ကာလသားရောဂါကူးစက်ခံရဖို့ အခွင့်အလမ်းနည်းသွားပါတယ်။

    ၃။ လိင်တံက သန့်ရှင်းနေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    ၄။ အရေပြားမှိုစွဲခြင်း၊ ယားယံခြင်း၊ ရေယုန်ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရနိုင်ခြေ နည်းသွားပါတယ်။

    ၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    လိင်တံအရေပြား ခွဲစိတ်ဖြတ်တောက်ခြင်း အဆင့်များ

    မွေးကင်းစကလေးတွေမှာမဟုတ်ဘဲ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဖြတ်တဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။ လူကြီးတွေအတွက် ခွဲစိတ်မှုဟာ အသေးစားခွဲစိတ်မှုလို့သာ ဆိုနိုင်ပေမယ့် မိနစ် ၃၀ မှ တစ်နာရီအထိ ကြာမြင့်နိုင်ပါတယ်။ အရင်ဆုံး နာကျင်မှုသက်သာစေဖို့ ထုံဆေးကို မေ့ဆေးဆရာဝန်က ထိုးပေးမှာဖြစ်ပါတယ်။

    ထုံဆေးအရှိန်ရလာတဲ့အခါ ဆရာဝန်အနေနဲ့ လိင်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့အရေပြားကို ဘယ်လောက်ထိဖြတ်ဖို့လိုအပ်လဲဆိုတာ အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုကို မှတ်ထားပြီးတဲ့အခါ လိုအပ်တဲ့ပမာဏအတိအကျကို ခွဲစိတ်ဖြတ်တောက်သွားမှာပါ။

    သွေးတိတ်သွားအောင် အပူပေး၊ ပိုးသတ်ပြီးနောက် အနာအမြန်ကျက်စေဖို့ ချုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လိင်အင်္ဂါကို ထိခိုက်ပွန်းပဲ့ခြင်းကနေ ကာကွယ်ပေးဖို့ dressing နဲ့ အုပ်ပေးလိုက်မှာပါ။ နားနေရာအခန်းကို လိုက်ပို့ပြီးနောက် တခြားပြဿနာမရှိဘူးဆိုရင်တော့ ဆေးရုံကနေ ဆင်းလို့ရပါပြီ။

    လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

    ဘယ်လောက်ကြာမှ ခွဲထားတဲ့အနာက ပျောက်သွားမှာလဲ။

    ခွဲစိတ်ပြီးပြီးချင်းနဲ့ ခွဲစိတ်ပြီး ရက်အနည်းငယ်ကြာပြီးနောက်မှာ လိင်အင်္ဂါတစ်ဝိုက်မှာ ရောင်တာ၊ နာကျင်တာ၊ စပ်တဲ့ဝေဒနာ အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။ ခွဲပြီးကာစရက်အနည်းငယ်အတွင်းမှာ လိင်တံကိုအုပ်ထားတဲ့ dressing ကို သန့်ရှင်းအောင်ထားဖို့၊ ရေမစိုစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။ ခွဲပြီး ၃ရက်အကြာမှာ အခြေအနေကို လေ့လာဖို့နဲ့ dressing လဲပေးဖို့ ဆေးခန်းကို ပြန်သွားပြဖို့လိုပါတယ်။

    ပုံမှန်အားဖြင့် ၂ပတ်မှ ၃ပတ်အတွင်း သက်သာကျောက်ကင်းသွားနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာကင်းစေဖို့ ခွဲပြီးတစ်ပတ်လောက်ကို အလုပ်ခွင့်တင်ပြီး အိမ်မှာအေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒဏ်ရာမကျက်မချင်း လေ့ကျင့်ခန်းတွေကို နားထားဖို့လိုသလို ခွဲပြီး ၆ပတ်လောက်အထိ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်မှုကိစ္စတွေကို လုံးဝရပ်ထားရပါမယ်။ ခွဲပြီးကာစမှာ အနည်းနဲ့ အများနာကျင်နိုင်တဲ့အတွက် ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာသောက်ပေးဖို့လိုပါတယ်။

    လိင်တံထိပ်အရေပြား ခွဲစိတ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များ

    အိမ်မှာနေတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ ပုဆိုး၊ ဘောင်းဘီအပွဝတ်လို့ ရသလို အပြင်သွားမယ်ဆိုရင်လည်း ဂျင်းဘောင်းဘီလို သိပ်ကြပ်တဲ့ ဘောင်းဘီမျိုးကို ရှောင်ပေးပါ။ ချောင်ချိတဲ့ အတွင်းခံမျိုးကိုသာ ဝတ်ဆင်ပြီး လိင်တံထိပ်ခေါင်းကို အပေါ်ဘက် (ချက်ပေါက်ရှိရာ ဘက်) သို့ ထားထားပြီးမှ ဝတ်ပေးပါ။ ခုန်တာ၊ အလေးမတာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေကို ရပ်ထားပေးပါ။

    သေချာဂရုစိုက်မယ်ဆိုရင် အနာထဲပိုးဝင်တာ၊ အနာကျက်နှေးတာမျိုး မဖြစ်စေဘဲ စောစောစီးစီး ပျောက်ကင်းသွားမှာမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။ တစ်ခုသတိထားဖို့ လိုတာကတော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ကာယကံရှင်ရဲ့ သဘောတူညီမှုနဲ့သာ ပြုလုပ်ပေးရမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးဝါဒတွေနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးတဲ့အနေနဲ့ လုပ်တဲ့အပြုအမူဖြစ်တာမို့ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement