backup og meta

လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ

    လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာ တစ်ခုပါ။ ဒီအခြေအနေကို Phimosis – လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်း ဖြစ်စဉ်လို့ လူသိများကြပါတယ်။ အသက် ၃နှစ်အရွယ် ကလေးတွေမှာ အရေပြားကျပ်နေတာမျိုး ဖြစ်တတ်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ချောင်ချောင်ချိချိ ဖြစ်သွားတတ်ပါတယ်။ ဆီးသွားရတာ နာကျင်မှု၊ ရောင်ရမ်းမှု၊ သက်သောင့်သက်သာ မဖြစ်မှု၊ ဆီးသွားဖို့ အဆင်မပြေတာတွေ ရှိလာပြီဆိုမှ ကုသမှုခံယူသင့်တယ်လို့ ယူဆထားပါတယ်။

    သူ့ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။

    အသက် ၃နှစ်နဲ့ နောက်ပိုင်းမှာ လိင်တံအရေပြားက ချောင်ချိသွားပြီး နောက်ပြန်လှန်ဆွဲလို့ ရပါတယ်။ တချို့သော အမျိုးသားတွေမှာတော့ နောက်လှန်ဆွဲနိုင်ဖို့ အချိန်တော်တော်လေး ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲတဲ့နေရာမှာ ဘယ်လိုအခက်အခဲမှ ရှိမနေသင့်တော့ပါဘူး။ နောက်လှန်ဆွဲလို့ မရတဲ့ အပြင် နောက်ထပ်တွေ့နိုင်တဲ့ လက္ခဏာကတော့ ဆီးသွားနေစဉ်မှာ ထိပ်အရေပြားက ရောင်လာတာပဲ ဖြစ်ပါတယ်။

    ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းဟာ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ ရေချိုးတဲ့အခါမှာ ပိုပြီး သန့်စင်ပေးဖို့၊ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ထိပ်အရေပြားက ဖုံးနေတဲ့အခါမှာ ဆီ၊ ချွေး၊ အရေပြားဆဲလ်အသေတွေ စုမိပြီး အဖြူရောင်အကျိအချွဲတွေ ဖြစ်လာပါတယ်။ အချိန်ကြာလာရင် အရိအချွဲတွေက မာလာပြီး အနံ့အသက်ဆိုးတဲ့ အဖြူဖတ် (Smegma) တွေ ဖြစ်လာပါတယ်။ ဒီအဖြူဖတ်တွေက အရေပြားအောက်က အချိန်ကြာရှည်စွာရှိနေရင် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်ကူပြီး အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ ဒါ့အပြင် အရေပြားနဲ့ထိကပ်နေတာဖြစ်တဲ့အတွက် ကြာလာရင် နောက်လှန်ဆွဲမရတော့တဲ့အထိ ကပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တခြားသော အခြေအနေတွေအနေနဲ့

    ၁။ လိင်တံထိပ်ရောင်ရမ်းခြင်း (Balanitis)

    ဒီအခြေအနေမျိုးမှာ ထိပ်အရေပြားကျပ်တာ၊ ဆီးသွားစဉ် နာကျင်တာ၊ အရေပြားအောက်မှာ အဖြူရောင် အညစ်အကြေးဖတ်တွေ၊ အကျိအချွဲတွေ တွေ့ရနိုင်ပါတယ်။

    ၂။ လိင်တံထိပ်နှင့် အရေပြားရောင်ရမ်းခြင်း (Balanoposthitis)

    လိင်တံထိပ်ရော ထိပ်မှာ ဖုံးနေတဲ့အရေပြားကပါ ရောင်ရမ်းနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီပြဿနာရှိသူတွေမှာ ထိပ်အရေပြား နောက်လှန်ဆွဲဖို့ ခက်ခဲတာအပြင် မှိုစွဲရောဂါ၊ လိင်ဆက်ဆံစဉ် ပွန်းပဲ့ထိခိုက်မိတာ၊ အမာရွတ်ကျန်ခဲ့တာတွေပါ ဖြစ်နိုင်ပါတယ်။

    ၃။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STIs)

    လိင်အင်္ဂါရေယုန် (Genital Herpes) ၊ ဂနို ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ ကာလသားရောဂါ (Syphilis) အစရှိတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့် လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတာတွေလည်း ဖြစ်နိုင်ပါတယ်။

    ၄။ အရေပြားပြဿနာတချို့

    အရေပြားနှင်းခူ (Eczema) ၊ အရေပြားရောင်ရမ်းပြီး အနီကွက်ထတဲ့ ရောဂါ (Lichen Planus) ၊ လိင်အင်္ဂါနဲ့ စအိုပတ်လည်မှာ အဖြူရောင်အကွက်တွေ ဖြစ်တာ (Lichen Sclerosus) ၊ မာပြီးခြောက်နေတဲ့ အကွက်တွေ ဖြစ်စေတဲ့ ဆိုရီရေးစစ် အရေပြားရောဂါ (Psoriasis) တွေကြောင့်လည်း လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတဲ့ လက္ခဏာ တွေ့ရနိုင်ပါတယ်။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်ပြီလဲ။

    ငယ်ရွယ်သေးတဲ့ ကလေးတွေအတွက်တော့ ပြဖို့ မလိုသေးပါဘူး။ အသက် ၁၇ ဆယ်ကျော်သက်အရွယ်လောက်မှာ သူ့အလိုလို လှန်ဆွဲနိုင်မလားဆိုတာကို အရင်စောင့်ကြည့်သင့်ပါတယ်။ ထိပ်အရေပြား လှန်ဆွဲမရခြင်းကြောင့် လိင်တံထောင်မတ်ခြင်း၊ ဆီးသွားခြင်းတွေမှာ အခက်အခဲ ပြဿနာတွေ ကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။

    ထိပ်အရေပြား လှန်ဆွဲမရခြင်းကို ဘယ်လိုကာကွယ်မလဲ။

    ၁။ ရေချိုးတဲ့အခါတိုင်း လိင်တံနဲ့ ထိပ်အရေပြားအောက်ကို ရေနွေး၊ ဆပ်ပြာနဲ့ နေ့စဉ်ဆေးကြောပေးသင့်ပါတယ်။ အထူးသဖြင့် အပြင်ကနေပြန်လာပြီးချွေးတွေအရမ်းထွက်နေတယ်ဆိုရင် အဝတ်အစားတွေလဲ၊ချွေးတိတ်အောင်စောင့်ပြီးရင်ရေချိုးသန့်စင်ပေးဖို့ အရေးကြီးပါတယ်။

    ၂။ ထိပ်အရေပြားကို နောက်လှန်ဆွဲပြီး အောက်မှာ ရှိနေတဲ့ အကျိအချွဲတွေကို သေချာပြောင်စင်အောင် ဆေးကြောပေးပါ။

    ၃။ အရွယ်ငယ်သေးတဲ့ ကလေးတွေကိုတော့ အရေပြားနောက်လှန်ဆွဲပြီး သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ လူပျိုဖြစ်ပြီးနောက်ပိုင်းမှ နောက်လှန်ဆွဲပြီး သန့်ရှင်းဖို့ သတိပေးပါ။

    ၄။ ရေချိုးပြီးတဲ့အခါမှာ လိင်တံတစ်ဝိုက်နဲ့ ထိပ်အရေပြားအောက်ကို ခြောက်နေအောင် သုတ်ပေးပါ။

    ၅။ ရေမွှေး အစရှိတဲ့ ယားယံစေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အမွှေးနံ့သာတွေကို မဖျန်းပါနဲ့။

    ၆။ တစ်ကိုယ်ရေ အာသာဖြေတာမျိုးမဟုတ်ဘဲ အရေပြားကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချတဲ့ လေ့ကျင့်ခန်းမျိုး နေ့စဉ် ပြုလုပ်ပေးပါ။

    ၇။ တစ်ကိုယ်ရေအာသာဖြေချိန်မှာ အရေပြားကို ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်စေဖို့ သေချာဂရုစိုက်ပေးပါ။ လက်စွပ်၊ နာရီ အစရှိတဲ့ ထိခိုက်လွယ်နိုင်တဲ့ ပစ္စည်းတွေကို ချွတ်ထားပါ။

    ၈။ လိင်ဆက်ဆံနေစဉ်မှာ ကွန်ဒုံးနဲ့ ရေဓာတ်အခြေပြု ချောဆီတွေကို များများသုံးပေးပါ။

    ၉။ အမျိုးသား လိင်ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လိင်တံထိပ်အရေပြားကိုဖြတ်သင့်၊ မဖြတ်သင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement