home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID-19 ဘယ်တော့ အဆုံးသတ်မလဲ

COVID-19 ဘယ်တော့ အဆုံးသတ်မလဲ

မနှစ်က ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါဆိုးကြီးဟာက အခုဆိုရင် ကမ္ဘာတစ်လွှားမှာ ကူးစက်ခံရသူ ၂၉ သန်းနီးပါးနဲ့ သေဆုံးသူ ၁ သန်းနီးပါးအထိရှိလာနေပါပြီ။ ဒီရောဂါဆိုးကြီး ဘယ်တော့ အဆုံးသတ်မလဲ ဆိုတာကို ဘယ်သူမှ ပြောနိုင်ကြသေးပါဘူး။

ဒီရောဂါဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကူးစက်ခံရသူပေါင်း ၆.၆ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းနီးပါးရှိနေပါပြီ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြိး ကမ္ဘာပေါ်မှာ ကိုဗစ်ဒဏ်ကို ဒုတိယမြောက်အဆိုးရွားဆုံးခံစားနေရတဲ့ အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ရောဂါပိုးကူးစက်ခံထားရသူပေါင်း ၄.၇ သန်းကျော်နဲ့ သေဆုံးသူက ၈ သောင်းနီးပါးရှိလာနေပါပြီ။

မြန်မာနိုင်ငံမှာတော့ ၄ လ လောက် အခြေအနေတွေတည်ငြိမ်ခဲ့ပြီးတော့မှ ပိုးကူးစက်နှုန်းနေ့စဉ်ရာနဲ့ချီပြန်လည်တိုးပွားလာခဲ့တာပါ။

COVID-19 ရောဂါဟာ သေဆုံးမှုနှုန်းက ၄% ပဲရှိပေမယ့် ကူးစက်နှုန်းကတော့ အင်မတန်မြန်တာကို တွေ့ ရမှာပါ။ ကူးစက်နှုန်းအလွန်မြန်ဆန်သလို ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို တီထွင်ဖြန့်ဖြူးနိုင်စွမ်းလည်း မရှိသေးတာမို့ တစ်ကမ္ဘာလုံး အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး စီးပွားရေးကဏ္ဍကြီးရပ်တန့်သွားတဲ့ပြဿနာကိုပါ ရင်ဆိုင်နေကြရပါတယ်။

ဒီလိုဆိုးရွားလှတဲ့ကိုဗစ်ကပ်ဘေးကြီးက ဘယ်အချိန်များမှ ရပ်တန့်မှာလဲ။ လူတိုင်းမျှော်လင့်တောင့်တနေတဲ့ ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်မယ့်အချိန်က ဘယ်တော့မှ ရောက်ရှိလာမှာလဲ။

ကိုဗစ်ဘယ်တော့ အဆုံးသတ်မလဲ

ခုချိန်အထိ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရဆိုရင်တော့ COVID-19 ရောဂါဆိုးကြီးဟာ ဘယ်တော့မှ ရပ်တန့်မယ်မထင်ဘူးလို့ ဆိုကြပါတယ်။ မရပ်တန့်ဘူးဆိုလို့ လန့်မသွားပါနဲ့။

သူတို့ဆိုလိုတာက တုပ်ကွေးနဲ့ နမိုးနီးယားရောဂါတွေလိုပဲ ကာကွယ်ဆေးနဲ့ ကုသဆေးပေါ်ပေါက်လာချိန်မှာ ပုံမှန်ဖြစ်နေကြရောဂါတစ်မျိုးဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။ ခန္ဓာကိုယ်ကလည်း ဒီရောဂါရဲ့ဒဏ်ကို ပိုပြီးခံနိုင်လာချိန်မှာ တုပ်ကွေးဝေဒနာတွေလိုမျိုး ရာသီပေါ်ရောဂါတစ်မျိုးဖြစ်သွားနိုင်တယ်လို့ သုံးသပ်ထားကြတာပါ။

လက်ရှိဖြစ်နေတဲ့ ကပ်ဘေးကိုတော့ ၂၀၂၁ နှစ်ဆန်းပိုင်းလောက်မှာ ကောင်းကောင်းထိန်းချုပ်နိုင်သွားလိမ့်မယ်လို့ တဆက်တည်း သုံးသပ်ထားကြပါတယ်။

၁၉၁၈ ခုနှစ်တုန်းကဖြစ်ပေါ်ခဲ့ဖူးတဲ့ တုပ်ကွေးကပ်ဘေးတုန်းကဆိုရင် ရောဂါပျံ့နှံ့ကူးစက်မှုဟာ ၂၄ ပတ်အထိကြာမြင့်ခဲ့ပြီး ရောဂါကူးစက်မှုအရှိန်အမြင့်ဆုံးကာလက ၈ ပတ်ကြာမြင့်ခဲ့ပါတယ်။ COVID-19 ဟာလည်း ဒီလိုမျိုးဖြစ်နိုင်တယ်လို့ အမေရိကန်ပညာရှင်တွေကတော့ ခန့်မှန်းကြပါတယ်။

သူတို့ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါ ကူးစက်မှုအရှိန်အမြင့်ဆုံးကာလဟာ ဧပြီလနဲ့ ဇူလိုင်လအကြားကာလဖြစ်ပြီး ခုကာလဟာ ရောဂါအရှိန်ပြန်ကျကာစ အချိန်ဖြစ်တယ်လို့ ဆိုကြပါတယ်။ သုံးသပ်ချက်တွေအတိုင်းသာဆိုရင် လာမယ့် ဇန်နဝါရီဝန်းကျင်မှာ ဒီရောဂါကို အလုံးစုံနီးပါး ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ခုစမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေကလည်း ဇန်နဝါရီလဝန်းကျင်မှာ လူတွေလက်ထဲဖြန့်ဖြူးနိုင်လောက်ဖို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ဇန်နဝါရီဝန်းကျင်မှာ ရောဂါကိုထိန်းချုပ်နိုင်ဖို့ အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေက မျှော်လင့်ထားကြတာပါ။

လက်ရှိမှာတော့ ဒီရောဂါရဲ့ ဒဏ်ကို တစ်ကမ္ဘာလုံးကြံ့ကြံ့ခံရင်ဆိုင်နေရဆဲပါ။ ရုရှားနိုင်ငံကတော့ ကာကွယ်ဆေးစတင် တီထွင်နိုင်ခဲ့ပြီလို့ ကြေညာထားသလို တခြားတိုင်းပြည်တွေကလည်း ဆေးဝါးတီးထွင်မှု နောက်ဆုံးအဆင့်တွေကို ရောက်နေကြပြီလို့ ကြေညာထားကြပါတယ်။

ဒါကြောင့် အားတင်းထားကြပါ။ ဒီကပ်ဘေးကို အဆုံးသတ်နိုင်ဖို့ မဝေးတော့ပါဘူး။ ဒီရောဂါဆိုးကိုကျော်လွှားပြီး ပျော်စရာနေ့ရက်တွေပြန်ပြီး ရောက်ရှိလာဦးမှာပါ။ ပုံမှန်ဘဝ သာမန်နေ့ရက်တွေဆီ ပြန်ရောက်ဖို့ ခုချိန်မှာ စည်းကမ်းလိုက်နာပြီး ရောဂါဆိုးကို ကာကွယ်တိုက်ထုတ်ကြပါလို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 18/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။