backup og meta

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်လို့ ရပြီလဲ။

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်လို့ ရပြီလဲ။

ကိုဗစ်ကူးခံထားရင် အိမ်မှာ ၂ပတ်တန်သည်၊ ၃ပတ်တန်သည် နားရမယ်။ လူတွေနဲ့ ဝေးဝေးနေရမယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် တိတိကျကျတော့ သိကြမယ် မထင်ပါဘူး။ ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်ပြီး လူကြားထဲ သွားလို့ရမှာလဲ။ မိသားစုနဲ့အတူ ပြန်နေလို့ ရမှာလဲ။ ဆေးတွေပြန်စစ်စရာ လိုသေးလားဆိုတာ ပြောပြပေးပါမယ်။

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်လို့ ရပြီလဲ။

ကိုဗစ်ဖြစ်ပြီး အပြင်ပြန်ထွက်မယ်ဆိုရင် ၂ချက်ကို စဉ်းစားဖို့ လိုပါတယ်။ ကိုယ်သက်သာပြီလား။ ကိုယ့်ဆီကနေ သူများကို ကူးနိုင်သေးလား ဆိုတာပါ။ အကြမ်းအားဖြင့်တော့

-သာမန်နဲ့ မပြင်းထန်ဆို လက္ခဏာ စပေါ်တာကနေ ၁၁ရက်

-ပြင်းထန်ဆို လက္ခဏာစပေါ်တာကနေ ၂၁ရက်လို့ သတ်မှတ်ထားပါတယ်။

ဒီရက်တွေကျော်ရင် ကိုယ်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်က သူများကို ကူးလောက်အောင် အားမရှိတော့တဲ့အတွက် ဒီလို သတ်မှတ်ထားတာပါ။ တစ်ခုရှိတာက ရက်ပြည့်တဲ့အခါ လက္ခဏာလည်း သက်သာနေရပါမယ်။ မသက်သာသေးရင် အပြင်မထွက်ပါနဲ့ဦး။

ဥပမာ ၁၁ရက်ပြည့်ပေမယ့် အဖျားမကျသေးရင် အိမ်မှာပဲ နေရဦးမှာပါ။ အဖျားကျတယ်ဆိုတာ အဖျားကျဆေး (ပါရာစီတမော) သောက်ထားလို့ ကျတာမျိုး မဟုတ်ပါဘူး။ ဘာဆေးမှ မသောက်ဘဲ အနည်းဆုံး ၂၄နာရီ အဖျားပြန်မတက် နေပြန်ကောင်းနေတာမျိုးပဲ ဖြစ်ပါတယ်။ လက္ခဏာတွေ ကျန်သေးတယ်၊ နေလို့ မကောင်းသေးဘူးဆိုရင် နေလို့ကောင်းတဲ့အထိ အိမ်မှာ နေရပါမယ်။

ဒါက သူများကို ကူးနိုင်သေးလားဆိုတာနဲ့ ပတ်သက်ပြီး ရှင်းထားတာပါ။ ကိုယ်သက်သာပြီလားဆိုတာကို သွားရအောင်။

ဒီရက်တွေ ကျော်ရင် စိတ်ချရပြီလား။

စိတ်ချရပြီလားဆိုတာ ကိုယ့်မှာ အသက်အန္တရာယ် ရှိသေးလားလို့ ဆိုလိုတာပါ။ အရင်ကတော့ ၂ပတ်၊ ၃ပတ်ကျော်ရင် နာလန်ထပြီ၊ အကောင်းဘက်ကို ရောက်လာပြီလို့ ပြောကြပေမယ့် ခုကတော့ ဒီလို မဟုတ်တော့ပါဘူး။ ကိုဗစ်ရဲ့ နောက်ဆက်တွဲပြဿနာတွေ ကျန်ပါသေးတယ်။

ဒါကြောင့် ရောဂါဖြစ်ပြီး ၂ပတ်၊ ၃ပတ် ကျော်လာရင် ‘သက်သာလာတယ်’ လို့ပဲ ပြောနိုင်ပါတယ်။ စိတ်ချရပြီလို့ ပြောလို့မရပါဘူး။ ပြန်ကောင်းလာပြီလို့ ထင်ကာမှ သွေးခဲပြီး အခြေအနေတွေ ပြန်ဆိုးသွားတာ၊ နှလုံးရောင်တာ စတာတွေ ဖြစ်တာကို တွေ့လာရပါတယ်။ အများစုကလည်း အသက်အန္တရာယ်ရှိတဲ့ ကိစ္စတွေပါပဲ။

ဒါ့ပြင် ကိုဗစ်ဖြစ်တုန်းက လက္ခဏာမပြင်းထန်တဲ့ သူတွေတောင် ကိုဗစ် အပြီးမှာ Post Covid syndromeလို့ ခေါ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရပါတယ်။ ကိုဗစ်ဖြစ်ပြီးတာတောင် မောနေတာ၊ နုံးနေတာ၊ ချောင်းဆိုးကျန်တာ၊ တစ်ခုခုဆို တွေးမရတာ၊ ရာသီထိမ်သွားတာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း စိတ်ချလို့ မရသေးပါဘူး။ သာမန်နဲ့ မပြင်းထန်တဲ့ သူတွေက သေသေချာချာ နားဖို့ လိုပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်ချင် စစ်ပါ။ ပြင်းထန်လူနာတွေလည်း ဒီတိုင်းပါပဲ။ သူတို့ဆို ပိုတောင် ဂရုစိုက်ဖို့ လိုပါသေးတယ်။ အပြင်ထွက်ဖို့၊ အလုပ်ပြန်လုပ်ဖို့ စိတ်မလောဖို့ လိုပါတယ်။

ဆေးစစ်ပြီး အပြင်ထွက်လို့ ရမရ ဆုံးဖြတ်လို့ရလား။

ဆေးစစ်တယ်ဆိုတာ နှာခေါင်းနှိုက်ပြီး စစ်တဲ့ Antigenတို့၊ သွေးဖောက်ပြီး စစ်တဲ့ Antibodyတို့ကို ပြောတာပါ။ ခုလူတိုင်း လက်လှမ်းမီတာကတော့ Test kitတွေပေါ့။ ဒါတွေနဲ့ ပြန်စစ်ဖို့ လိုလားဆိုတာပါ။

ပထမလှိုင်းတုန်းက ဆေးရုံတွေမှာ လူနာတွေကို နှာခေါင်းနှိုက်ပြီး ခုtest kitထက် ပိုတိကျတဲ့ စက်ကြီးတွေနဲ့ စစ်တာကို မှတ်မိဦးမယ်နဲ့ တူပါတယ်။ အဲ့တုန်းကဆို စစ်လို့ မပေါ်တော့မှ အိမ်ပေးပြန်တာဆိုတော့ တချို့ဆို လနဲ့ချီနေရတာတွေ ရှိပါတယ်။ နောက်ပိုင်း အသစ်အသစ်တွေ တွေ့လာပြီး ၁၁ရက်ကျော်ရင် မကူးတော့ဘူးဆိုတာ သိလာရတော့ သာမန်လူနာတွေဆို ၁၁ရက်ပြည့်တယ်၊ နေကောင်းတယ်ဆိုရင် အိမ်ပေးပြန်ပါတယ်။ အများစုကို ထပ်မစစ်တော့ပါဘူး။

စစ်ရင်တော့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ ပေါ့စတစ်ပြနိုင်ပါတယ်။ တချို့ဆို လနဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဗိုင်းရပ်စ်အပိုင်းအစတွေကြောင့် ပေါ့စတစ်ဖြစ်တယ်၊ ကူးနိုင်လောက်အောင် အားမရှိဘူးလို့ ပြောလို့ရပါတယ်။ ပိုပြီး သေချာချင်ရင်တော့ Cycle threshold စစ်လို့ ရပါတယ်။

နောက်တစ်ခုက Antibodyပါ။ အများစုက ကိုဗစ်ဖြစ်ပြီးရင် Test kitတွေနဲ့ Antibodyစစ်ကြပါတယ်။ Ig Mပေါ်ပြီ Ig G ထွက်ပြီ စသဖြင့် ပြောလေ့ရှိပါတယ်။ Antibody တွေက အရင်က ပိုးဝင်ဖူးတယ်ဆိုတာကိုပဲ ပြောပြနိုင်တာပါ။ Antibody ထွက်တာနဲ့ သူများကို မကူးနိုင်တော့ဘူး။ သက်သာလာပြီလို့ သတ်မှတ်လို့ မရပါဘူး။

ဥပမာ Ig M ဆိုရင် လက္ခဏာပြပြီး ၅ရက် ၁ပတ်လောက်နေရင် ထွက်တာဆိုတော့ Antibody ထွက်ပြီဆိုပြီး အဲ့ဒီအချိန် အပြင်ထွက်ရင် သူများကို ကူးမှာပါ။ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ခုခံအားက တိုက်ထုတ်လို့ အချိန်တန်ရင် Antibody က ထွက်မှာပါ။ ဒါပေမယ့် ဒါက သက်သာလာတယ်လို့ ပြောလို့မရပါဘူး။ Antibody ထွက်ပြီး အောက်ဆီဂျင် ရှူနေရတဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် ခြုံပြောရရင် အပြင်ပြန်ထွက်လို့ ရမရဆိုတာ ရောဂါဖြစ်တဲ့ရက်၊ လက္ခဏာတွေ သက်သာသလားဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဆေးတွေ စစ်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/coronavirus/2019-ncov/hcp/duration-isolation.html

https://journals.plos.org/plosone/article?id=10.1371/journal.pone.0252389

ယခုပုံစံ

05/11/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ကာကွယ်ဆေး ထိုးပြီးရင် ကလေးရပါဦးမလား.........

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ပြန် လှုပ်ရှား ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement