backup og meta

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

    ကိုဗစ် တတိယလှိုင်းစတာ တစ်လလောက်ရှိပြီ။ ပြန်ကောင်းတဲ့ သူတွေကလည်း ပြန်ကောင်းပြီဆိုတော့ နာလန်ထပြီး ထူထူထောင်ထောင် ဖြစ်လာကြပြီ။ ခုတလော ပေ့ချ်မှာ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာပြီ။ လိင်ဆက်ဆံ လို့ရပြီလားလို့ လာမေးကြလို့ ဒီမှာပဲ တစ်ပေါင်းထဲ ဖြေပေးလိုက်ပါတယ်။

    ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ ရပြီလဲ။

    တစ်ယောက်ပဲ ဖြစ်ဖြစ်၊ နှစ်ယောက်လုံးပဲ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးသွားပြီ၊ လိင်ဆက်ဆံတော့မယ်လို့ ဆိုရင် အောက်က အချက်တွေနဲ့ ကိုက်ညီရပါမယ်။

    • ရောဂါလက္ခဏာပြပြီး ၁၁ရက် ကျော်တာ ဖြစ်ရပါမယ်။ ပြင်းထန်လူနာဆို ၂၁ရက်ထိ စောင့်သင့်ပါတယ်။
    • ရက်ပြည့်ပြီးတဲ့အပြင် အဖျားလည်း မရှိရပါဘူး။ အဖျားကျဆေး မသောက်ဘဲ လူကောင်းလို အဖျားမရှိတာမျိုး ဖြစ်ရပါမယ်။
    • တခြား ကိုဗစ်လက္ခဏာတွေလည်း မရှိရတော့ပါဘူး။ ဥပမာ ချောင်းဆိုးတာ၊ မောတာ

    ဒီသုံးချက်လုံးနဲ့ ကိုက်ညီမှ လူနာကို နာလန်ထပြီ၊ သက်သာလာပြီလို့ ယူဆရမှာပါ။ ဒါဆိုရင်တော့ အတူနေလို့ရပါပြီ။ ဒါပေမယ့် စစချင်းမှာ အလွန်အကျွံမလုပ်ဖို့၊ အားမသုံးဖို့ အကြံပေးလိုပါတယ်။ ကိုဗစ်ဖြစ်ပြီးစမှာ လူနာအများစုက အမောမခံနိုင်ကြလို့ပါ။

    နောက်ထပ် မေးကြတဲ့ မေးခွန်းတွေကတော့

    လိင်ဆက်ဆံရာကနေ ကိုဗစ်ကူးနိုင်လား

    ခုထက်ထိတော့ မိန်းမကိုယ်အရည်၊ သုက်ရည်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကို မတွေ့သေးပါဘူး။ တချို့လေ့လာချက်တွေမှာတော့ ဗိုင်းရပ်စ်အစိတ်အပိုင်းလေးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ခုချိန်ထိတော့ လိင်ဆက်ဆံရာကနေ ကိုဗစ်ကူးတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။

    ကိုယ့်အဖော်မှာ ကိုဗစ်ပိုးရှိနေရင် လိင်ဆက်ဆံသင့်လား။

    ကိုဗစ်က လိင်ကတဆင့် ကူးတတ်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိရင် ကူးနိုင်တယ်ဆိုတော့ လိင်ဆက်ဆံတဲ့ အနေအထားကနေ ကူးနိုင်တာမျိုးတော့ ရှိပါတယ်။

    ကိုယ်ရော အဖော်မှာရော ကိုဗစ်ပိုးရှိနေရင် လိင်ဆက်ဆံ သင့်လားး။

    လက်ရှိမှာ နှစ်ယောက်လုံးက ပိုးကူးတာ ခံနေရတယ်ဆိုရင်တော့ အတူမနေပါနဲ့ဦးလို့ အကြံပေးပါရစေ။ ကောင်းကောင်း အနားယူရမယ့် အချိန်ဖြစ်လို့ပါ။

    တစ်ယောက်က ရောဂါဖြစ်ပြီးသား တစ်ယောက်က  အခုကိုဗစ်ဖြစ်နေရင်ရော

    ဆိုပါစို့ ကိုယ်က ရှေ့လတွေက ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားပြီ။ ကိုယ့်အဖော်က လတ်တလောမှာ ကိုဗစ်လက္ခဏာတွေ ပြနေတယ်။ အတူနေရင် ကိုယ့်ကို မကူးနိုင်ဘူးမလားလို့ လာမေးကြပါတယ်။ ကိုယ်က ဖြစ်ပြီးသွားပြီဆိုရင်လည်း ကိုဗစ်က နောက်တစ်ကြိမ်ကူးတတ်ပါတယ်။ Test kitနဲ့ စစ်လို့ Ig G ပဋိပစ္စည်းထွက်ပြီဆိုလည်း ဘယ်လောက်ထွက်တာလဲ၊ ကာကွယ်နိုင်တဲ့ ပမာဏလားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် မနေဖို့ ပြောပါရစေ။

    ကိုယ့်အဖော်က ကိုဗစ်လက္ခဏာတွေ ပြနေတယ်၊ ဆေးတော့ မစစ်ရသေးဘူး။ လိင်ဆက်ဆံ လို့ရလား။

    ကိုယ့်အဖော်က လတ်တလောမှာ ဖျားနေတယ်၊ ချောင်းဆိုးနေတယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ ကိုဗစ်ရှိမရှိကလည်း မစစ်ရသေးဘူးဆိုရင်တော့ စိတ်ချရအောာင် ၁၁ရက်လောက် ရှောင်ဖို့၊ ၁၁ရက်ပြည့်ပြီး လက္ခဏာတွေ ပျောက်သွားတဲ့အထိ စောင့်ဖို့ အကြံပြုချင်ပါတယ်။

    Test kit နဲ့ စစ်ထားတယ်။ နဂ္ဂတစ်ဆိုရင်ရော။ ဒါဆိုရင်လည်း စစ်ပုံစစ်နည်း၊ စစ်တဲ့ ပစ္စည်းကွာလတီ၊ စစ်တဲ့ရက်ပေါ် မူတည်ပါသေးတယ်။ ဒါကြောင့် စိတ်ချရအောင် ရှောင်ခိုင်းတာပါ။

    ကိုဗစ်တော့ မဖြစ်သေးပါဘူး။ လူအများနဲ့ ထိတွေ့ရတဲ့ အလုပ်တွေ လုပ်နေရလို့ဆိုရင်ရော

    ကိုဗစ်တော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် လူအများနဲ့ ထိတွေ့နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတို့၊ စျေးရောင်းတဲ့သူတို့ ဖြစ်နေတယ်။ အတူနေလို့ ဖြစ်ပါ့မလားလို့ တွေးနေတဲ့သူတွေလည်း ရှိမှာပါ။ သူတို့တွေကတော့ အတူနေအိမ်သားတွေကို ကိုဗစ်မကူးဖို့ ဂရုစိုက်ရပါမယ်။

    -အပြင်က ပြန်လာတာနဲ့ အဝတ်အစားတွေ လဲပစ်တာ

    -ပါလာတဲ့ ပစ္စည်းတွေ ပိုးသတ်တာ

    -ရေချိုးချတာ စတာတွေ  လုပ်ဖို့ လိုပါတယ်။

    လိင်ဆက်ဆံလို့လည်း ရပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့ အမျှ လူတွေနဲ့ ထိတွေ့နေရတော့ မတော်တဆ ပိုးရှိနေရင် မသိနိုင်တာကြောင့် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

    • နမ်းတာ လျှော့ပါ။ ချောင်းဆိုး၊ နှာချေလို့ ထွက်လာတဲ့ တံထွေးမှုန်တွေလိုပဲ နမ်းလို့ တံထွေးတွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။
    • စအိုကို ပါးစပ်နဲ့ ဆက်ဆံတာ၊ နှိုးဆွတာမျိုး ရှောင်ပါ။
    • တတ်နိုင်ရင် နှာခေါင်းစည်းတပ်ပါ။ နည်းနည်းတော့ ကသိကအောင့်နိုင်တယ်ဆိုပေမယ့် လိင်ဆက်ဆံစဉ်မှာ အသက်ရှူပြင်းလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို တားပေးနိုင်စွမ်း ရှိပါတယ်။ မနမ်းဖြစ်အောင်လည်း ကာပြီးသား ဖြစ်သွားပါတယ်။ နှစ်ယောက်လုံး တပ်သင့်ပါတယ်။ ရောဂါပိုး ရှိတာကို မသိလိုက်ဘဲ အဖော်ကို ကူးသွားမှာ စိုးလို့ပါ။
    • တစ်ကိုယ်ရည် အာသာဖြေပြီးတော့လည်း လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို လျှော့ချနိုင်ပါတယ်။
    • ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ကွန်ဒုံးသုံးလို့ ကိုဗစ်ကို ကာကွယ်နိုင်တာတော့ မဟုတ်ပေမယ့် တခြား လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ဝင်လာရင် ဒီကာလမှာ ကုရခက်ပါတယ်။ ကိုယ်ခံအားကျပြီး ကိုဗစ်လည်း အလွယ်တကူ ကူးခံရနိုင်ပါတယ်။
    • အတူမနေခင်နဲ့ အတူနေပြီးမှာ ရေချိုးချပါ။
    • Sex toy သုံးတယ်ဆို အသုံးပြုပြီးရင် ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ ဆေးကြောပါ။
    • ကိုယ့်အဖော် နေမကောင်း ဖြစ်နေတဲ့အခါ အတူနေခြင်း မပြုပါနဲ့။

    ဒီလောက်ဆို သိချင်တာလေးတွေ လုံလောက်ပြီလို့ ယူဆပါတတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement