backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ပြန် လှုပ်ရှား ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ပြန် လှုပ်ရှား ကြမလဲ။

ကိုဗစ်က ပြန်ပြီး နာလန်ထလာတဲ့သူတွေကို မလှုပ်ပါနဲ့ဦး။ နားပါဦးလို့ ပြောလေ့ရှိပါတယ်။ လူနာတွေကလည်း ဘယ်အချိန်ထိ နားရမှာလဲ။ ဘာတွေ လုပ်လို့မရဘူးလဲဆိုတာကို သိချင်ကြပါတယ်။ သူတို့အနေနဲ့ အလုပ်ပြန်လုပ်ဖို့လည်း ရှိသေးတာကိုး။

ဒီတော့ လူနာတွေ ဘယ်လောက်နားပြီး ဘယ်တော့လောက် ပြန် လှုပ်ရှား လို့ ရမလဲဆိုတာ ပြောပြပေးပါမယ်။

ကိုဗစ်ဖြစ်ပြီးရင် ဘာကြောင့် မ လှုပ်ရှား ခိုင်းသေးတာလဲ။

ကိုဗစ်ဖြစ်ပြီးရင် မလှုပ်ပါနဲ့ဦးလို့ ပြောတာက ကိုဗစ်မှာ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်လို့ပါ။ အထူးသဖြင့် ဆေးရုံတက်ရလောက်အောင် ပြင်းထန်ခဲ့တဲ့ လူနာတွေဆို ပိုဆိုးပါတယ်။ ရောဂါဖြစ်တုန်းက အကောင်း၊ နာလန်ထချိန်ကျမှ နောက်ဆက်တွဲတွေ ဖြစ်လာပြီး ဆုံးပါးသွားတာမျိုးတွေ ရှိပါတယ်။

ကိုဗစ်လူနာတွေ နာလန်ပြန်ထစမှာ တွေ့ရတတ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကတော့

  • နှလုံးကြွက်သား ရောင်ရမ်းတာ
  • သွေးခဲတာ၊ ဒီကနေမှ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားပိတ်တာ
  • အဆုတ်ထိခိုက်တာ (ကိုဗစ်ကြောင့် အဆုတ်မှာ နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်နိုင်လဲဆိုတာ လေ့လာဆဲပါ။ သူနဲ့ မျိုးတူ ၂၀၀၃ခုနစ်က ဖြစ်ခဲ့တဲ့ ဆားစ်ရောဂါမှာတော့ လူနာတွေက အဆုတ်လုပ်ဆောင်ချက် မကောင်းတာ၊ အမောမခံနိုင်တာကို တွေ့ရပါတယ်။)
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ (PTSD၊ စိတ်ကျတာ၊ စိုးရိမ်စိတ်များတာ) စတာတွေပဲ ဖြစ်ပါတယ်။

လှုပ်ရှား မှုတွေ ပြန်မလုပ်ခင် ဘာတွေ စစ်ဆေး သင့်သလဲ။

ကိုဗစ်လူနာတွေ နာလန်ထလာရင် ပြန်ပြီး လှုပ်ရှားလို့ ရမရဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါကြောင့် risk stratification ဆိုတာ လုပ်ရပါတယ်။ ဒီမေးခွန်းတွေကို အရင်ဖြေကြည့်ပါ။

  • လူနာအနေနဲ့ ကိုဗစ်ဖြစ်တုန်းက ဆေးရုံတက်ရလောက်အောင် ပြင်းထန်ခဲ့သလား။
  • ကိုဗစ်ဖြစ်တုန်းက နှလုံးရောဂါလက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မောတာ၊ သတိလစ်တာတွေ ဖြစ်ခဲ့ဖူးသလား။
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံခဲ့ရသလား။ (ဥပမာ PTSD)
  • တခြား ပြင်းထန်တဲ့ လက္ခဏာတွေ  ကြုံခဲ့ရသလား။ (ဥပမာ အဆုတ်နဲ့ ပတ်သတ်ပြီး၊ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သတ်ပြီး)

ဒီမေးခွန်းတွေမှာ ဖြစ်ခဲ့တာ ဘာမှ မရှိဘူးဆိုရင် ရောဂါလက္ခဏာတွေ ပျောက်ပြီး ၇ရက်ပြည့်မှ ပြန်လှုပ်ရှားပါမယ်။

ဖြစ်ခဲ့တယ်ဆိုရင်ရော

  • ဆေးရုံတက်ရလောက်အောင် ပြင်းထန်ခဲ့တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ပြန်လည်ကျန်းမာသန်စွမ်းရေး လုပ်ရပါမယ်။
  • နှလုံးရောဂါ လက္ခဏာတွေ ခံစားရတယ်ဆိုရင် နှလုံးအထူးကုဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။ နှလုံး ကြွက်သားရောင်တယ်ဆိုရင်တော့ ၃လကနေ ၆လလောက်ထိ နားရမှာပါ။
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံခဲ့ရရင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။
  • တခြား ပြင်းထန်တဲ့ လက္ခဏာတွေ ကြုံခဲ့ရရင်  ဆရာဝန်နဲ့တိုင်ပင်ပြီး ပြန်လည်ကျန်းမာသန်စွမ်းရေး လုပ်ရပါမယ်။

ဒီလို ကုသမှုတွေ ပြီးပြီ၊ စိတ်ချရပြီဆိုမှ ပြန်ပြီး လှုပ်လှုပ်ရှားရှား နေသင့်ပါတယ်။

ဘယ်လို လှုပ်ရှား မှုတွေ လုပ်သင့်လဲ။

၇ရက်ပြည့်ပြီ လှုပ်လို့ရပြီဆိုတာနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ Gymဆော့တာတွေ တန်းလုပ်လို့ မရပါဘူး။ နာလန်ထစ ဖြစ်တဲ့အတွက် အဆင့်လိုက် လုပ်ရမှာပါ။ အဆင့် ၅ဆင့် ရှိပါတယ်။ တစ်ဆင့်ကို ၇ရက်ကြာအောင်  လေ့ကျင့်ရပါမယ်။

  • အဆင့် ၁

ပြန်ပြီး လှုပ်ရှား ဖို့ ပြင်ဆင်တဲ့ အဆင့်ပါ။ များများ နားပါမယ်။ အသက်ရှူလေ့ကျင့်ခန်း၊ အကြောလျှော့တာလောက်ပဲ လုပ်ရပါမယ်။ အားမထည့်ရတဲ့ လှုပ်ရှားမျုမျိုးပဲ ဖြစ်ရပါမယ်။ ၇ရက်လောက် ဒီတိုင်းလုပ်ပေးပါ။

  • အဆင့် ၂

ဒီအဆင့်မှာတော့ မြေပြင်ညီမှာ လမ်းလျှာက်တာ၊ ပေါ့ပေါ့ပါးပါး ယောဂကျင့်တာ လုပ်လို့ရပါပြီ။ သက်သောင့်သက်သာ အိမ်အလုပ်တွေ၊ အပင်ပျိုးတာလေးတွေ လုပ်နိုင်ပါပြီ။ အားသိပ်မထည့်ရတဲ့ အလုပ်မျိုးသာ ဖြစ်ပါစေ။ တစ်နေ့ကို ၁၀-၁၅မိနစ်လောက် တိုးလုပ်ပါ။ ၇ရက်လောက် လုပ်ပေးပါ။

  • အဆင့် ၃

အားနည်းနည်းထည့်ရတဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါပြီ။ စစချင်းမှာ ၅မိနစ်လုပ် နား၊ ၅မိနစ်ထပ်လုပ်ပါ။ နောက်ရက်တွေ တဖြည်းဖြည်း တိုးလုပ်သွားပါ။ တစ်ပတ်လောက်နေရင် နားနားပြီး နာရီဝက်လောက် လုပ်နိုင်ပါပြီ။ အားလုံးပြီးလို့ ၁နာရီလောက် နားလိုက်ရင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားရပါမယ်။

  • အဆင့် ၄

အားနည်းနည်း ထည့်ရတဲ့ အေရိုးဗစ်၊ ကြွက်သားလေ့ကျင့်ခန်းတွေ စနိုင်ပါပြီ။ ၂ရက်လုပ် ၁ရက်နား စနစ်နဲ့ သွားပါ။ ၁ပတ်လောက် လုပ်ကြည့်ပါ။ အမောခံနိုင်လား စောင့်ကြည့်ပါ။

  • အဆင့် ၅

အဆင့် ၄အဆင်ပြေတယ်ဆို အဆင့် ၅ ကူးရအောင်။ ကိုယ်အရင်လုပ်နေကြ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါပြီ။ ဖြည်းဖြည်းချင်း တိုးလုပ်သွားပေးပါ။ ပုံမှန်ဖြစ်သွားပါပြီ။

လေ့ကျင့်ခန်း လုပ်တာ မဟုတ်ဘဲ ပြင်ပ အလုပ်လုပ်တဲ့သူတွေ၊ အထူးသဖြင့် ကိုယ်အား သုံးပြီး လုပ်တဲ့ သူတွေ (ဥပမာ ဆိုက်ကားဆရာ၊ ရေသန့်ရောင်းသူ) က ကိုယ်အလုပ်က ဘယ်အဆင့်နဲ့ ကိုက်ညီလဲဆိုတာ ကြည့်ပါ။ ချိန်ညှိပြီး လုပ်ပါ။

ဘာတွေ သတိထားရမလဲ။

တစ်ဆင့်ကို ၇ရက်ဆီ သတ်မှတ်ထားတယ်ဆိုပေမယ့် လူတိုင်းက တစ်ဆင့်ပြီး တစ်ဆင့် ချောချောမွေ့မွေ့ ရောက်ချင်မှ ရောက်မှာပါ။

  • လုပ်နေရင်းနဲ့ မခံနိုင်လောက်အောင် မောလာရင်၊ တခြား နေမကောင်းဖြစ်တဲ့ လက္ခဏာတွေ ပေါ်လာရင် နားပြီး ဆရာဝန်နဲ့ ပြန်ပြပါ။
  • အရင်ရက်တွေက လုပ်ထားတဲ့ ဒဏ်တွေ သက်သာမှ ဒီနေ့အတွက် ဆက်လုပ်ပါ။ စိတ်ထဲမှာ ပင်ပန်းတယ်လို့ ခံစားရရင် နားပါ။
  • လေ့ကျင့်ခန်း မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေး လုပ်ပေးပါ။ လုပ်ပြီးရင် အကြောလျှော့ အနားယူပါ။
  • အဆင့် တစ်ခု ၇ရက်ဆိုပေမယ့် ကြိုက်သလောက် လုပ်လို့ရပါတယ်။ အဆင့် ၂မှာ ၇ရက်လုပ်ပြီး အဆင့် ၃အပြောင်းမှာ အဆင့်၃ကို ကောင်းကောင်း မလုပ်နိုင်သေးဘူး။ ပင်ပန်းတယ်လို့ ခံစားရရင်  အဆင့်၂ပဲ ဆက်လုပ်ပါ။ နေသာအောင် နေပါ။

လူနာအနေနဲ့ ကိုဗစ်ဖြစ်ပြီးလို့ ပြန် လှုပ်ရှား တဲ့အခါမှာ

  • ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ခန္ဓာကိုယ် ပြောစကားကို နားထောင်ပါ။ ပင်ပန်းနေတာကို အတင်းမခိုင်းပါနဲ့။
  • စိတ်အေးအေးထားပါ။ ကိုယ့်ကိုယ်ကို အတင်းအကျပ် တွန်းအား မပေးပါနဲ့။ လုပ်နိုင်သလောက်ပဲ လုပ်ပါ။
  • စိတ်ရှည်ပါ။ ချက်ချင်းကြီးတော့ အရင်လို ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ သူများတွေနဲ့လည်း မနှိုင်းပါနဲ့။ သူကျ မြန်မြန်ပြန်လုပ်နိုင်ပြီး ငါကျ ကြာနေတာလဲလို့လည်း မတွေးပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်က မတူပါဘူး။ စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement