backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းဆိုတာ

ခြေထောက် သွေးပြန်ကြော ဒါမှမဟုတ် တခြားနေရာက သွေးပြန်ကြောတစ်ခုခုမှာ သွေးခဲလေး ပိတ်နေပြီး ဒီသွေးခဲလေးက ပဲ့ထွက်လာခဲ့ရင် သွေးကြောအတိုင်း အဆုတ်ကို ရောက်လာပြီး အဆုတ်သွေးလွှတ်ကြောမှာ သွားပိတ်တတ်ပါတယ်။ ဒီလို ပိတ်တဲ့အတွက် အဆုတ်ကို သွေးရောက်တာနည်းပြီး အောက်စီဂျင်ကျလာပါတယ်။ သွေးပိုရအောင် အဆုတ်သွေးကြောတွေက ဖိညှစ်ရတဲ့ အတွက် သိပ်မကြာခင်မှာ အဆုတ်သွေးကြောမှာ ဖိအားတွေ များလာပါတယ်။

အဆုတ်သွေးကြော သွေးခဲပိတ်တာက အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။

ဘာကြောင့် အဆုတ်သွေးကြော သွေးခဲပိတ်ရတာလဲ။

အဓိကကတော့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကနေ သွေးခဲတာက စတာပါ။ deep vein thrombosis (DVT) လို့ ခေါ်ပါတယ်။ ဒီသွေးခဲကနေ အစိတ်အပိုင်းလေး ပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ လာဆို့တာကြောင့်ပါ။

များသောအားဖြင့် အဆုတ်သွေးကြော တစ်ချောင်းမက ပိတ်ထာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် သွေးကြောတစ်ချောင်းချင်းစီက ထောက်ပံ့ထားတဲ့ အဆုတ်က သွေးငတ်ပြီး ပျက်စီးလာပါတယ်။ ဒါကိုတော့ အဆုတ်ပုပ်သွားတယ်လို့ ပြောပါတယ်။ အဆုတ်ပျက်စီးသွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ နေရာတွေကို အောက်ဆီဂျင်ပေးဖို့ ခက်ခဲလာပါတယ်။

ရှားရှားပါးပါး အဆုတ်သွေးကြောကို သွေးခဲ မဟုတ်ဘဲ တခြားဟာ ပိတ်တာလည်း ရှိပါတယ်။ ဥပမာ

-အရိုးကျိုးရာကနေ ရိုးတွင်းခြင်ဆီက ထွက်လာတဲ့ အဆီခဲ

-အကျိတ်ကနေ ပြုတ်ထွက်လာတဲ့ အပိုင်းအစ

-လေ စတာတွေနဲ့လည်း ပိတ်တတ်ပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ။

  • သင်ကိုယ်တိုင် အရင်က ဖြစ်ဖူးတယ် ဒါမှမဟုတ် မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူရှိရင် ဖြစ်နိုင်ပါတယ်။
  • ကင်ဆာရောဂါ ရှိသူတွေ – အထူးသဖြင့် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပြန့်ပြီးသား ကင်ဆာတွေက သွေးကို ပျစ်စေနိုင်လို့ သွေးခဲရာက ပြုတ်ထွက်ပြီး သွေးကြောပိတ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းတဲ့သူတွေကလည်း ဖြစ်နိုင်ခြေမြင့်တဲ့ထဲမှာ ပါပါတယ်။ ဒါ့ပြင် ကင်ဆာကျိတ်ကိုယ်တိုင်က ပြုတ်ထွက်ပြီး သွေးကြောမှာ သွားပိတ်နိုင်ပါတယ်။
  • ခွဲစိတ်မှု ခံယူထားတဲ့သူတွေ – ခွဲစိတ်ပြီးရင် အိပ်ရာထဲမှာ အကြာကြီး လှဲနေကြတဲ့အတွက် သွေးပျစ်ပြီး သွေးခဲပြုတ်နိုင်ခြေများပါတယ်။
  • သွေးပျစ်ရောဂါ ရှိတဲ့သူတွေ – သွေးပျစ်ရောဂါရှိသူတွေ၊ သွေးခဲလွယ်တဲ့သူတွေ ဖြစ်နိုင်ခြေများပါတယ်။
  •  COVID-19 – လက်ရှိ လေ့လာချက်တွေအရတော့ ကိုဗစ်ကူးစက်ခံထားရသူတွေကလည်း  သွေးပျစ်ပြီး သွေးခဲပိတ်လွယ်တာကို တွေ့ရပါတယ်။

တခြား နေထိုင်ပုံအနေနဲ့ ပြောရမယ်ဆိုရင်တော့

  • အိပ်ရာပေါ်မှာ အကြာကြီး လှဲနေရတဲ့သူတွေ (ဥပမာ လေဖြတ်ဝေဒနာရှင်)
  • ခြေထောက်တွဲလောင်းချပြီး ခရီးဝေးကို အကြာကြီး ထိုင်ပြီးသွားတဲ့သူတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ
  • အဝလွန်တဲ့သူတွေ
  • ဟော်မုန်းပါတဲ့ဆေးတွေကို ရေရှည်စွဲသောက်တဲ့သူတွေ
  • ကိုယ်ဝန်ဆောင်တွေ စတဲ့သူတွေကလည်း ဖြစ်နိုင်ခြေများပါတယ်။

အဆုတ်သွေးကြော သွေးခဲပိတ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက

အဆုတ်သွေးကြောပိတ်တာကို အချိန်မီမကုသနိုင်တဲ့ လူတွေရဲ့ ၃ပုံ ၁ပုံလောက်က အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် အချိန်မီကုသမှုက အရေးကြီးပါတယ်။

ဒါ့ပြင် သွေးကြောပိတ်တဲ့အတွက် ပိတ်တာကို ကျော်လွန်အောင် သွေးကြောတွေကို ညှစ်ရတဲ့အတွက် အဆုတ်ထဲမှာ သွေးဖိအားတွေ များလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးမှာ ထိခိုက်လာပါတယ်။

ရှားရှားပါးပါး သွေးခဲက အဆုတ်သွေးကြောကို ချက်ချင်းပိတ်လောက်အောင် မကြီးတဲ့အတွက် အချိန်ကြာမှ ပိုပိုကြီးလာပြီး နာတာရှည် အဆုတ်သွေးကြော သွေးဖိအားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဆုတ်သွေးကြော သွေးခဲပိတ်ရင် ဘာတွေ ခံစားရမှာလဲ။

လက္ခဏာတွေကတော့ အဆုတ်သွေးကြော ဘယ်နှချောင်းလောက် ပိတ်တာလဲ၊ သွေးခဲက ဘယ်လောက်ကြီးသလဲ၊ ရောဂါအခံရှိသလားပေါ် မူတည်ပြီး အမျိုးမျိုး ခံစားရနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ရုတ်တရက် မောလာတာ၊ လှုပ်လေ မောလေ ဖြစ်တာ
  • ရင်ဘတ်ထဲက စူးခနဲ အောင့်တာ၊ ရင်ဘတ်အောင့်လို့ အသက်ရှူမဝတာ
  • ချောင်းဆိုးသွေးပါဖြစ်တာ စတာတွေပဲ ဖြစ်ပါတယ်။

တခြားလက္ခဏာတွေကတော့

  • ရင်တုန်တာ
  • ခေါင်းမူးတာ
  • ချွေးစေးတွေ ထွက်တာ
  • ဖျားတာ
  • နှုတ်ခမ်းတွေ ပြာနှမ်းတာ
  • ခြေထောက် သွေးခဲပိတ်တဲ့သူဆို ပိတ်တဲ့ဘက်က တင်းပြီး ရောင်နေတာ ဖြစ်နိုင်ပါတယ်။

အဆုတ်သွေးခဲပိတ်မှန်း ဘယ်လိုသိနိုင်မလဲ။

အဆုတ်သွေးခဲပိတ်တာက ရောဂါရှာရခက်ပါတယ်။ အထူးသဖြင့် နဂိုတည်းက နှလုံးနဲ့ အဆုတ်မကောင်းတဲ့ သူတွေ မှာပေါ့။ ဒါကြောင့် ရောဂါရာဇဝင်မေးမြန်းတာ၊ လူနာကို စမ်းသပ်တာ၊ ဆေးစစ်ချက်တွေ လုပ်တာတွေ လိုအပ်ပါတယ်။ ဆေးစစ်ချက်တွေ အနေနဲ့

  • သွေးစစ်တာ
  • ရင်ဘတ်ဓာတ်မှန်
  • အယ်ထွာဆောင်း
  • ကွန်ပျူတာဓာတ်မှန်
  • သံလိုက်ဓာတ်မှန်
  • သွေးကြောစစ်ဆေးတာတွေ လုပ်ရနိုင်ပါတယ်။

အဆုတ်သွေးခဲပိတ်တာကို ဘယ်လိုကုသနိုင်မလဲ။

ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သွေးခဲဆက်ကြီးမလာဖို့၊ နောက်ထပ် သွေးခဲတွေ မပိတ်တွေ ထပ်မပိတ်ဖို့ပါပဲ။ ချက်ချင်းကုသမှုပေးပြီး အသက်မထိခိုက်အောင်၊ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကူညီဖို့ပါပဲ။

ဆေးဝါးအနေနဲ့ကတော့ သွေးခဲပျော်ဆေးတွေ၊ သွေးကျဲဆေးတွေ သုံးပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြီး သွေးခဲကို ဖယ်ထုတ်ရပါမယ်။

အဆုတ်သွေးခဲ ပိတ်တာကို ဘယ်လိုကာကွယ်နိုင်မလဲ။

အဓိကကတော့ ခြေထောက်သွေးကြောကို သွေးခဲမပိတ်အောင် ကာကွယ်ရမှာပါ။ ဒါကြောင့်

  • သွေးခဲနိုင်ခြေ ရှိတဲ့သူတွေကို သွေးကျဲဆေးတွေ ပေးထားပါမယ်။
  • အသားကပ်ခြေအိတ်တွေ လိုရင် စွပ်ထားရပါမယ်။
  • ညအိပ်တဲ့အခါ ခြေထောက်ကို ၄လက်မလောက် မြှောက်ထားသင့်ပါတယ်။
  • လှုပ်လှုပ်ရှားရှားနေပါ။ လှုပ်လှုပ်ရှားရှားနေမှ သွေးပျစ်တာ သက်သာမှာပါ။
  • ကားတွေ၊ လေယာဉ်တွေ အကြာကြီးထိုင်စီးတဲ့အခါမှာ သွေးခဲတာ သက်သာအောင် ရေများများသောက်ပါ။ မကြာခဏ လမ်းထလျှောက်ပါ။ အသားကပ် ခြေအိတ်ဝတ်ပါ။ ခြေကျင်းဝတ်ကို ကော့ပြီး လေ့ကျင့်ခန်းလုပ်ပါ။

Takeaways

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း က အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေကို သတိပြုပါ။ ဝေဒနာခံစားနေရရင် ဆေးရုံကို အမြန်သွားပါ။ ကာကွယ်နည်းတွေကို လိုက်နာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement