backup og meta

ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် ခြင်း

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာ ဘေးထွက်ဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်တယ်ဆိုတာကို သိထားပြီးသားပါ။ တကယ်လည်း ထိုးပြီးတဲ့အခါ ဖျားတဲ့သူဖျား၊ နာတဲ့သူ နာကြပါတယ်။ ဒီလောက်က ဘာမှမဟုတ်ပေမယ့် ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် လာကြတဲ့အခါ စိုးရိမ်စိတ်တွေ များလာကြပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်သလဲ။

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘယ်အမျိုးအစားပဲ ထိုးထိုး အောက်ပါဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်ပါတယ်။

    • ဖျားတာ
    • ချမ်းတုန်တာ
    • ကိုယ်လက်ကိုက်တာ
    • နုံးတာ
    • ခေါင်းကိုက်တာ
    • ဆေးထိုးတဲ့နေရာမှာ နာတာ (လက်မောင်းကိုက်တာ)

    ဒီလက္ခဏာတွေက များသောအားဖြင့် မပြင်းထန်ဘဲ တစ်ရက်၊ ၂ရက်လောက်နေရင် ပျောက်သွားပါတယ်။ ဒီလက္ခဏာတွေ ခံစားရတာက ကာကွယ်ဆေးကို ခုခံအားက တုံ့ပြန်တာကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် လာတာ ဘာကြောင့်လဲ။

    ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါ အကျိတ်ထွက်လာကြတာကြောင့် လူအများကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာကြပါတယ်။ အထူးသဖြင့် ညှပ်ရိုးအောက် ဒါမှမဟုတ် ချိုင်းအောက်မှာ အကျိတ်စမ်းမိတတ်ကြပါတယ်။ ဒါဘာကြောင့်များပါလိမ့်။

    သူတို့ပြောတဲ့ အကျိတ်ဆိုတာ တကယ်တော့ ပြန်ရည်ကျိတ်တွေ ကြီးလာတာပါ။ ပြန်ရည်စနစ်ဆိုတာ ခုခံအားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ တစ်ခါတလေ ဖျားတဲ့အခါ၊ တုပ်ကွေးမိတဲ့အခါ လည်ပင်းမှာ အကျိတ်လေးတွေ ထွက်လာတာကို ကြုံဖူးမှာပါ။ ဒါက ပိုးတွေကို ခုခံအားက တိုက်ထုတ်လို့ပါ။

    ကာကွယ်ဆေးမှာလည်း ဒီသဘောတရားပါပဲ။  ကာကွယ်ဆေးထိုးတယ်ဆိုတာကလည်း ခုခံအားကို လှုံ့ဆော်မှု ပေးတာဖြစ်တဲ့အတွက် ခုခံအားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြန်ရည်ကျိတ်တွေ ကြီးလာရတာပဲ ဖြစ်ပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် ခြင်း

    ဒါကြောင့် ကာကွယ်ဆေး ထိုးတဲ့သူတွေက ဘယ်ဘက်မှာ ထိုးရင် ဘယ်ဘက်ချိုင်းအောက် ဒါမှမဟုတ် ညှပ်ရိုးအောက်၊ ညာဘက်မှာထိုးရင် ညာဘက်ချိုင်းအောက် ဒါမှမဟုတ် ညှပ်ရိုးအောက်မှာ အကျိတ်လေးတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

    ဒီလိုထွက်တာက ပုံမှန်ပါ။ ကာကွယ်ဆေးထိုးပြီး ဖျားတာ၊ လက်မောင်းအောင့်တာနဲ့ အတူတူပဲ ဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ အကျိတ်လေးတွေကို ကိုင်ကြည့်ရင် ဖုဖုလေးနဲ့ နာလည်း နာပါတယ်။ ဒါကြောင့်လည်း အများစုက စိုးရိမ်ကြတာပါ။ ဒါပေမယ့် တော်တော်များများက တစ်ပတ်၊ ၁၀ရက်လောက်ဆိုရင် အလိုလို သက်သာသွားကြပါတယ်။ ထူးထူးခြားခြား ကုသစရာ၊ ဆေးလိမ်းစရာတောင် မလိုပါဘူး။

    ဒါပေမယ့် ဓာတ်မှန်တွေ ဘာတွေ ရိုက်ကြည့်ရင်တော့ တစ်လလောက်ထိ တွေ့ရနေဦးမှာပါ။

    အကျိတ်ထွက် တာကို ဘယ်အခါမှာ စိုးရိမ်သင့်သလဲ။

    တချို့ကလည်း အကျိတ်ထွက်တာကို အသားစယူလိုက်တဲ့အခါ ကင်ဆာလို့ ထွက်လာတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးတွေက ကင်ဆာဖြစ်စေနိုင်သလားဆိုပြီး စိုးရိမ်နေကြတာမျိုးလည်း ရှိပါတယ်။

    ပြန်ရည်ကျိတ်တွေက ခုခံအားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးတာအပြင်

    • သာမန်အအေးမိ တုပ်ကွေးမိတာ
    • ထိပ်ကပ်နာ
    • လည်ချောင်းနာတာ
    • တီဘီရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။

    နောက်ပြီး ကင်ဆာလို ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး၊ ပြန်ရည်ကျိတ်ကြီးလို့ စစ်ဆေးလိုက်တာ ကင်ဆာဖြစ်နေတယ်ဆိုရင် တိုက်ဆိုင်တာဖြစ်ဖို့ များပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ခုထက်ထိ ကိုဗစ်ကာကွယ်ဆေးတွေက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အချက်အလက်ကို မတွေ့ရသေးပါဘူး။ နောက်ပြီး ကင်ဆာကြောင့် အကျိတ်ထွက်တာက အချိန်တိုအတွင်းမှာ ဖြစ်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။

    နောက်တစ်ခုက ဆေးစစ်ချက်မှားနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ဖို့ လိုပါတယ်။

    ကာကွယ်ဆေး ဆက်ထိုးရမှာလား။

    ကိုဗစ်ကာကွယ်ဆေးက ဆက်ထိုးရမှာပါ။ အကျိတ်ထွက်လို့ ဆိုပြီး ကာကွယ်ဆေးထိုးတာကို မရပ်သင့်ပါဘူး။ ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက်တာက ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်ပြီး အန္တရာယ်လည်းမရှိတဲ့အတွက် စိတ်ချ လက်ချထိုးနိုင်ပါတယ်။

    ဒါပေမယ့် အကျိတ်ထွက်တာက ၂ပတ်ကျော်ကြာတဲ့အထိ  မသက်သာရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။

    နောက်ပြီး အကျိတ်က အပြင်မှာ စမ်းလို့ မမိဘူးဆိုရင်တောင် ဓာတ်မှန်မှာ ပေါ်တတ်ပါတယ်။ ၁လလောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ရင်သားဓာတ်မှန်ရိုက်စရာရှိတယ်ဆိုရင် အချိန်ရွေ့ဖို့ ယေးလ်တက္ကသိုလ်မှ Dr Roy က အကြံပေးထားပါတယ်။ ဆိုလိုတာက ရင်သားဓာတ်မှန်ရိုက်မယ်ဆိုရင် ကာကွယ်ဆေးထိုးပြီး တစ်လကျော်မှရိုက် ဒါမှမဟုတ် ကာကွယ်ဆေး မထိုးခင် ရိုက်ဖို့ပါ။

    ဒီလိုမဟုတ်ရင် ဓာတ်မှန်မှာ အကျိတ်တွေ့တယ်ဆိုပြီး အဖြေတွေမှားတာ၊ မလိုအပ်ဘဲ ဆေးထပ်စစ်ရတာတွေ ဖြစ်လာနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement