home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့ရသလား။

ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့ရသလား။

အရင်က Covishieldထိုးထားတယ်။ ခုဒုတိယအကြိမ် ထိုးခါနီးကျတော့ Covishieldမရတော့လို့ Sinopharm ပဲ ထိုးရမယ်။ ဒါဆို ပထမနဲ့ ဒုတိယတစ်ခါ ဆေးမတူတာကို ထိုးလို့ရပါ့မလား။ ဒါမှမဟုတ် အစကနေ ပြန်ထိုးကြမလား။ ဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့ရသလား။

ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးလို့မရမရ

ကိုဗစ်ကာကွယ်ဆေးတွေကို ရောထိုးလို့ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း စမ်းသပ်ပြီး ရောထိုးတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေက အများကြီး ရှိပါတယ်။ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း တွေ့နေရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေ ကို ရောထိုးရင် ဘာကောင်းကျိုးတွေ ရမှာလဲ။

Viral vector-based vaccines တွေ ဖြစ်တဲ့ Oxford-AstraZenecaတို့ Covishieldတို့ဆိုရင် အမျိုးအစားမတူတဲ့ ကာကွယ်ဆေးတွေနဲ့ ရောထိုးတာက ဆေးမအောင်တာတွေကို လျှော့ချပေးနိုင်ရုံသာမက ပိုပြီး တုံ့ပြန်မှုကောင်းတဲ့၊ ပိုပြီး ကြာကြာခံတဲ့ ခုခံအားကိုပါ ပေးနိုင်ပါတယ်တဲ့။

ဒီလိုမျိုး Mix and Match ရောထိုးတာက ကိုဗစ်ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ အရင် အီဘိုလာမှာတည်းက စမ်းသပ်ထိုးနှံပေးဖူးတယ်လို့ ဆိုကြပါတယ်။

မတူညီတဲ့ ကာကွယ်ဆေးတွေကို ရောထိုးတာက ကာကွယ်နိုင်စွမ်းကို ပိုပြီး ကျယ်ပြန့်စေပါတယ်။ မတူညီတဲ့ ကာကွယ်ဆေးတွေက အလုပ်လုပ်ပုံလည်း မတူညီတဲ့အတွက် မတူညီတဲ့ ဗီဇပြောင်းပိုးတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ကိုဗစ်ကာကွယ်ဆေး တွေကို ရောထိုးရင် သတိထားရမယ့် အချက်များ

  • လေ့လာချက်တွေက မလုံလောက်သေးပါဘူး။

ကိုဗစ်ကာကွယ်ဆေးတွေကို ရောထိုးတာက ခုခံအား တုံ့ပြန်မှုကို ပိုကောင်းစေတယ်ဆိုပေမယ့် လေ့လာချက်တွေက မလုံလောက်သေးပါဘူး။ လူအများစုမှာ လက်တွေ့အသုံးချဖို့အတွက် ဆက်လက်လေ့လာရမှာတွေ အများကြီး ရှိပါသေးတယ်။

  • စိတ်ချရမှုကို မသိသေးပါဘူး။

လေ့လာချက်တွေမှာ ဖော်ပြထားတာတွေက ခုခံအား တုံ့ပြန်မှု ပိုကောင်းတယ်ဆိုတဲ့ အချက်ပဲ ပါပါတယ်။ စိတ်ချရသလား။ အန္တရာယ် ကင်းရဲ့လားဆိုတာ မပါပါဘူး။ ဥပမာ ကာကွယ်ဆေး အချင်းချင်း ဓာတ်ပြုမှုတွေ ဖြစ်နိုင်လား ဆိုတဲ့အချက်ပေါ့။

Oxford Vaccine Group’s Com-Cov ကနေပြီးတော့ ကာကွယ်ဆေးတွေ ရောထိုးတာနဲ့ ပတ်သက်ပြီး လေ့လာမှု တစ်ခု လုပ်ထားပါတယ်။ လေ့လာချက်မှာ ပထမအကြိမ် AstraZeneca ထိုးပြီး ဒုတိယအကြိမ်ကို Pfizer-BioNTech vaccine ထိုးပါတယ်။ ရလဒ်က တုံ့ပြန်မှု ‘reactogenicity’ ပြင်းထန်တာကို တွေ့ရပါတယ်။ ဆေးတစ်မျိုးတည်းကို ၂ကြိမ်ထိုးတဲ့သူထက်စာရင် ရောထိုးထားတဲ့ သူတွေက ဆေးထိုးပြီးတဲ့အခါ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာတာကို ပိုပြီး ခံစားရပါတယ်တဲ့။

ဒါပေမယ့် ဒါက ကာကွယ်ဆေးထိုးပြီးရင် ဖြစ်နေကျ လက္ခဏာတွေပဲ ဖြစ်ပြီး ဆေးရုံတက်ရလောက်အောင် ပြင်းထန်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုရှိတာက ဒါက အသက် ၅၀ ကျော် လူကြီးတွေမှာ စမ်းသပ်ထားတာပါ။ ခုခံအား ပိုကောင်းတဲ့ လူငယ်တွေဆို ဒီထက်ပိုပြီး ပြင်းထန်တာမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တချို့နိုင်ငံတွေမှာ ကာကွယ်ဆေး ၂ကြိမ်ပြည့်ပြီးတာတောင် ကိုဗစ် ဖြစ်နှုန်းတွေ လျော့မသွားတဲ့အတွက် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ခုလိုမျိုး မတူညီတဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်ဆိုရင် တတိယအကြိမ်မှာရော ရှေ့နှစ်ခေါက်ကနဲ့ မတူတာကို ထိုးမှာလား။ ရှေ့မှာ ထိုးထားတဲ့ ဆေးနှစ်မျိုးထဲက တစ်မျိုးမျိုးကို ပြန်ထိုးရမှာလားဆိုလား မသိသေးပါဘူး။

  • ကာကွယ်ဆေး ထိန်းသိမ်းရခက်နိုင်ပါတယ်။

သိတဲ့အတိုင်းပဲ ကာကွယ်ဆေးတွေက အမျိုးအစား မတူရင် သိုလှောင်အပူချိန်တွေလည်း ကွာတတ်ပြီး ထိန်းသိမ်းရပိုခက်နိုင်ပါတယ်။ ဆေးတစ်မျိုးတည်းကို နှစ်ခါစာ တစ်ခါတည်း သယ်ပို့ သိမ်းဆည်းရတာနဲ့ မတူညီတဲ့ ဆေးနှစ်မျိုးကို သိမ်းဆည်းရတာက မတူပါဘူး။ သိမ်းဆည်းပုံမမှန်ရင် အာနိသင်ပျက်နိုင်တာကိုလည်း သတိထားသင့်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ရော

လက်ရှိအချိန်မှာတော့ WHOက ကာကွယ်ဆေးတွေ ရောထိုးတာကို အားမပေးပါဘူး။ လေ့လာချက်တွေ အားနည်းနေတဲ့ အတွက်ကြောင့်ရော၊ ကာကွယ်ဆေးတွေ လုံလောက်မှု မရှိတဲ့ အတွက်ကြောင့်ရောပါ။ WHOက Chief Scientist Soumya Swaminathan ခုခံအားပိုကောင်းအောင် ရောထိုးတာမျိုးကို တစ်ဦးတစ်ယောက်ချင်းစီက မဆုံးဖြတ်သင့်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ ကတော့ သူတို့ရနိုင်တဲ့ ကာကွယ်ဆေးအရေအတွက်၊ ထိုးပေးရမယ့် လူဦးရေ၊ စမ်းသပ်လေ့လာချက်တွေပေါ် မူတည်ပြီး ရောထိုးမထိုးကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်

-တတ်နိုင်ရင် အမျိုးအစား တူတာကိုပဲ ထိုးပေးပါ။

-အစိုးရဆေးရုံတွေမှာ ဖြစ်ဖြစ်၊ ပြင်ပဆေးရုံတွေမှာ ဖြစ်ဖြစ် ထိုးမယ်ဆို နှစ်ကြိမ်အတွက် ဆေးလုံလောက်နိုင်ရဲ့လားဆိုတာကို ကြိုမေးပါ။

-ပထမတစ်ခေါက် ထိုးပြီး ဆေးတစ်မျိုးထိုးပြီး ဒုတိယတစ်ခေါက်မှာ တူညီတဲ့ ဆေး မရနိုင်ဘူးဆိုရင်တော့ ရောထိုးရင် ထိုးရမှာပါ။ တစ်ခုရှိတာက အန္တရာယ်ကင်းမကင်းဆိုတာကို အာမခံပေးလို့ မရပါဘူး။ (လက်ရှိ လေ့လာချက်တွေအရတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မတွေ့ရသေးပါဘူး။)

-တူညီတဲ့ဆေး မရမှသာ ရောထိုးဖို့ကို စဉ်းစားပါ။ ခုခံအားပိုကောင်းအောင် တမင်ရောထိုးတာမျိုးကို ရှောင်သင့်ပါတယ်။ လေ့လာချက်တွေက ခုထက်ထိ မခိုင်မာသေးလို့ပါ။

-ရောထိုးမယ်ဆိုရင် မထိုးခင်မှာ မိမိပြနေကျ ဆရာဝန်နဲ့ ကြိုပြီး ဆွေးနွေးထားဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။