အိပ်ရေးပျက်ရင်ရော ဟော်မုန်းတွေ ကမောက်ကမဖြစ်မှာလား။
အိပ်စက်ခြင်းက အစာစားစေတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ ဂရီလင်နဲ့ လက်ပ်တင်ကို ထိန်းချုပ်ပေးပါတယ်။ အိပ်ရာဝင်တာနောက်ကျလေလေ၊ ဒီဟော်မုန်းတွေထွက်ပြီး စားမိလေလေပါပဲ။ ဒါကြောင့် အိပ်ရေးပျက်တဲ့သူတွေ ဝတယ်ဆိုတာ တကယ်ပါပဲ။
ပုံမှန်လူတစ်ယောက် ညအိပ်ရင် ၈နာရီလုံးလုံး တချိုးတည်းအိပ်တာ ဘာကြောင့်လည်းဆိုရင် အိပ်ချိန်မှာ ဆီးမသွားစေတဲ့ ဟော်မုန်း (ADH)ကို ထုတ်ပေးလို့ပါ။ မအိပ်ရင် ဒီဟော်မုန်းမထွက်တာကြောင့် ညဘက်ဆို ရှူးထထပေါက်နေရပါတယ်။ စားလိုက် သောက်လိုက် ပေါက်လိုက်ပေါ့။
- ကြီးထွားဟော်မုန်းတွေ မထွက်တော့ဘူး။
အိပ်နေတဲ့အချိန်ဆို ကြီးထွားဟော်မုန်းတွေထွက်လာပြီး ခန္ဓာကိုယ် ကြီးထွားဖို့ရော၊ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ဖို့ရောလုပ်ပေးပါတယ်။ ဒီအချက်တွေက ကလေးတွေမှာ ပိုအရေးကြီးပါတယ်။ အရပ်တက်ရမယ့်အရွယ်၊ ကိုယ်အလေးချိန်တက်ရမယ့်အရွယ် ကလေးတွေက အိပ်ရေးပျက်ရင် ညပ်ပြီး ကျန်ခဲ့တတ်ပါတယ်။
- သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တော့ဘူး။
အိပ်တဲ့အချိန်မှာ ကော်တီစောနဲ့ အင်ဆူလင်တွေထွက်ပြီး သွေးတွင်းသကြားဓာတ်ကို ချပေးပါတယ်။ ဒါကြောင့် မနက်မိုးလင်းရင် ဗိုက်ဆာတာပေါ့။ အိပ်ရေးပျက်တဲ့သူတွေကတော့ အင်ဆူလင် မထွက်လို့ သွေးတွင်းသကြားဓာတ်တွေ တက်နေမှာပါ။ ဆီးချိုသမားတွေဆို ဒီအချက်ကို သတိထားရပါမယ်။ ဆေးတွေ သောက်နေပေမယ့် မနက်ပိုင်းမှာ ဆီးချိုမကျဘူးဆိုရင် အိပ်ရေးပျက်သလားဆိုတာ စဉ်းစားရပါမယ်။
- အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းစေတယ်။
အိပ်နေတဲ့အချိန်ဆိုရင် တက်စတိုစတီရုန်းတွေ စထွက်လာပြီး ၃နာရီလောက်နေရင် အမြင့်ဆုံးကို ရောက်ပါတယ်။ အမျိုးသားတွေ မနက်အိပ်ရာထစမှာ လိင်စိတ်တက်ကြွတာ ဒါကြောင့်ပါ။ အပြန်အလှန်အားဖြင့် အိပ်ရေးပျက်ရင်တော့ လိင်စိတ်နည်းသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ်ကာလမှာ အိပ်ရေးပျက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဟော်မုန်းတွေ ကမောက်ကမဖြစ်ရုံသာမက ခုခံအားကျတာ၊ မနက်နိုးလာရင် စိတ်မကြည်တာ၊ ယုတ်စွအဆုံး အသားအရေထိခိုက်တာတွေအထိ ဖြစ်တတ်လို့ အိပ်ချိန်ကို ဂရုစိုက်ပေးဖို့ အကြံပြုလိုပါတယ်။