backup og meta

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ


Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

    အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တစ်ခုနဲ့တစ်ခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဆစ်ရဲ့ အရိုးနုတွေပျက်စီးရာမှာ အာရုံကြောအဆုံးနေရာတွေပါ ပေါ်လာတာကြောင့် နာကျင်မှုကို ခံစားရပါတယ်။

    အရိုးအဆစ်ရောင်ခြင်းဟာ ခန္ဓာကိုယ်အိုမင်းလာခြင်းကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။

    အရိုးအဆစ်ရောင်ခြင်းလက္ခဏာတွေပေါ်လာရင် ပေါ့ဆလို့မရပါဘူး။ မကုသဘဲ ထားလိုက်ရင် အခြေအနေပိုဆိုးပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့

    – အဆစ်များ နာကျင်ကိုက်ခဲတောင့်တင်းခြင်း

    – ပျော့ပျောင်းမှုမရှိခြင်း

    အရိုးအတက်ထွက်ခြင်း

    – အရိုးအချင်းချင်းပွတ်တိုက်မိသလို ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အရိုးအဆစ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ

    အရိုးအဆစ်ရောင်ခြင်း အင်မတန်နာကျင်ကိုက်ခဲပြီး နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ အရိုးအဆစ်ရောင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်ပွားစေသလဲဆိုတာပါပဲ။

    အိပ်ရေးပျက်ခြင်း

    အဆစ်တွေနာကျင်ကိုက်ခဲနေတာကြောင့် အိပ်ရေးမဝသလို ကောင်းစွာ အနားယူနိုင်ခြင်း မရှိပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အပြင် နာကျင်မှုကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ အဆစ်တွေတောင့်တင်းနေတာကြောင့် လှဲနေရင်တောင် သက်တောင့်သက်သာမရှိလှပါဘူး။

    စွမ်းဆောင်ရည်ကျဆင်းခြင်း

    အရိုးအဆစ်ရောင်ခြင်းကို ကာလရှည်ကြာ ခံစားလာရသူများအနေနဲ့ အိမ်မှာ၊ ရုံးမှာ လုပ်ရည်ကိုင်ရည် ကျဆင်းလာတတ်ပါတယ်။ အင်အားအပြည့်နဲ့ တက်ကြွလှုပ်ရှားမှုကို လိုအပ်တဲ့ အလုပ်များကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေဖြစ်တဲ့ ထမင်းဟင်းချက်ခြင်း၊ ပန်းကန်ဆေးခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အဝတ်အစားဝတ်ခြင်း စတာတွေကို လုပ်ကိုင်ရာမှာတောင် ကန့်သတ်ချက်တွေ ရှိလာပါတယ်။

    ကိုယ်အလေးချိန် မြင့်တက်ခြင်း

    နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း စတာတွေဟာ သင့်ရဲ့တက်ကြွလှုပ်ရှားချင်စိတ်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ ပုံမှန်လေ့ကျင့်ခန်းတွေ မလုပ်ကိုင်ဖြစ်တော့ဘဲ ကိုယ်အလေးချိန်တိုးလာပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းကြောင့်လည်း အရိုးအဆစ်ရောင်ခြင်း ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။

    စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း

    သုတေသနတွေအရ အရိုးအဆစ်ရောင်ခြင်းပြဿနာနဲ့ စိတ်ပူပန်၊ စိတ်ဓာတ်ကျခြင်းအကြား ဆက်စပ်မှု ရှိနေပါတယ်။ အဓိကအချက်ကတော့ နာကျင်မှုကို ရက်လရှည်ကြာ ခံစားလာရလို့ဖြစ်ပါတယ်။ ဒါ့အပြင် လူအများနဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်မှုလျော့နည်းလာခြင်း၊ အိမ်အလုပ် ရုံးအလုပ်တွေမှာ စိတ်ပါလက်ပါ ဆောင်ရွက်နိုင်စွမ်းကျဆင်းခြင်း စတာတွေကြောင့်လည်း ဖြစ်ပါတယ်။

    တခြားဖြစ်နိုင်ခြေ နောက်ဆက်တွဲပြဿနာတွေကတော့

    – အရိုးများပျက်စီးခြင်း

    – ဖိအားကြောင့် အရိုးကျိုးခြင်း

    – အဆစ်အတွင်း သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း

    – အဆစ်အနီးဝန်းကျင်ရှိ အရွတ်နှင့် ကြွက်သားချောင်းများ ပျက်စီးခြင်း

    – ထိတွေ့ခံစားမှုမကောင်းတော့ဘဲ စူးရှနာကျင်ခြင်း

    စတာတွေပဲ ဖြစ်ပါတယ်။

    သတိပြုရန်

    အရိုးအဆစ်ရောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုဟာ တခြားဝေဒနာတွေနဲ့ မတူပါဘူး။ ဆေးဝါးတွေကြောင့် ခဏတာသက်သာပေမယ့် မကြာခဏ ပြန်ဖြစ်နေတတ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေဟာလည်း လူမှုရေး၊ စီးပွားရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ထိခိုက်လာနိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေ စတင်ခံစားရကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement