home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုသမားတွေ အရင်ကထက် ပိုပြီး သတိထားရတော့မယ့် COVID-19

ဆီးချိုသမားတွေ အရင်ကထက် ပိုပြီး သတိထားရတော့မယ့် COVID-19

Covid-19 က လူလူချင်းထိတွေ့မှု၊ အသက်ရှူလမ်းကြောင်းစတာတွေကနေ ကူးစက်နိုင်ပြီး နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေတဲ့ ဒီရောဂါဟာ ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။

ဒီဝေဒနာက နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေသာမက သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားမဟုတ်လား။

လက်ရှိမှာတော့ ပြင်သစ်အခြေစိုက် ဆေးသုတေသနပညာရှင်တွေက တွေ့ရှိချက်အသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါကတော့ ကိုဗစ်ရောဂါဟာ ဆီးချိုဝေဒနာခံစားနေရသူတွေကို ကူးစက်မိပြီဆိုရင် တစ်ပတ်အတွင်း သေဆုံးစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ် ဆိုတာပါပဲ။

ဒီတော့ ဒီလို ဝေဒနာတွေ၊ လက္ခဏာတွေ ရှိနေသူတွေကတော့ ပိုပြီး စိုးရိမ်ပူပန်နေမှာ အသေအချာပါပဲ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ ဆီးချိုဖြစ်နေရင် အစားအသောက်တွေ ရှောင်နေရ၊ ထိခိုက်ဒါဏ်ရာရမှာ ပူရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာတွေကြောင့် ဝေဒနာရှင်တွေအတွက်တော့ စိတ်ပင်ပန်းမှုပို ကြုံရနိုင်ပါတယ်။

အသက်အန္တရာယ်ရှိသည်

ပူပန်နေသူတွေကိုလည်း အပြစ်တင်လို့မရပါဘူး။ လေ့လာချက်တွေအရလည်း COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ဒုတိယ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက ဆီးချိုရောဂါဖြစ်နေပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အသက်ဆုံးရှုံးခဲ့သူ စုစုပေါင်းရဲ့ ၃၅.၅% မှာ ဆီးချိုဝေဒနာခံစားနေသူတွေ ဖြစ်ပါတယ်။

ယခုလက်ရှိ သုတေသနရလဒ်တွေအရဆိုရင်လဲ ဆီးချိုရောဂါ အခံရှိသူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရမယ်ဆိုရင် ရောဂါဖြစ်ပွားပြီး ပထမ ရက်သတ္တပတ်မှာတင် ၁၀ ဦးလျှင် ၁ ဦးနှုန်း အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရနိုင်ခြေရှိနေပြီး ၅ ဦးလျှင် ၁ ဦးနှုန်း အသက်ရှူစက်အကူအညီ လိုအပ်မှာဖြစ်တယ်လို့ ပြင်သစ်ဆေးသိပ္ပံပညာရှင်တွေက ဆိုခဲ့ကြပါတယ်။

အဆိုပါ လေ့လာချက်ကို ဆေးရုံ ၅၃ ရုံက ဆီးချိုဝေဒနာသည် COVID-19 လူနာတွေကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးအစား-၂ ဆီးချိုသမား ၈၉% နဲ့ အမျိုးအစား-၁ ဆီးချိုဝေဒနာသည် ၃% ပါဝင်ခဲ့ပါတယ်။

သုတေသနမှာ ဖော်ပြထားချက်အရဆိုရင် ဆေးရုံကပြန်ဆင်းနိုင်တဲ့ ရာခိုင်နှုန်းကလည်း ၁၈% ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူအများစုဟာ အမျိုးသားတွေဖြစ်ကြပြီး ပျမ်းမျှ အသက် ၇၀ အထိ အရွယ်စုံတွေဖြစ်ကြပါတယ်။

အမေရိကန်အခြေစိုက် American Diabetes Association ကလည်း ဆီးချိုဝေဒနာသည်တွေကို သတိပေးချက်ထုတ်ပြန်ထားပြီး BMI မများအောင်၊ ကိုယ်အလေးချိန် မြင့်မားမနေအောင် သတိထားနေထိုင်ဖို့ လမ်းညွှန်ထားပါတယ်။ အကြောင်းကတော့ ကိုယ်အလေးချိန်မြင့်မားတဲ့ ဆီးချိုဝေဒနာသည်တွေဟာ အသက်အန္တရာယ်ထိခိုက်မှုဖြစ်ဖို့ အခွင့်အလမ်းပိုများတာကြောင့်လို့ ဆိုထားပါတယ်။

ဆီးချိုရှိတာနဲ့ ကိုဗစ်ကူးရောလား

အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ ဆီးချိုရှိတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ သတိထားဖို့ လိုအပ်တဲ့ အခြေအနေတစ်ရပ် ဖြစ်နေရုံသာဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်မှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီလိုကာလမျိုးမှာ ယခင်ကထက်ပိုပြီး ဂရုတစိုက်နေထိုင်ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာရင် စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင် အောက်ပါနည်းလမ်းတွေက ဆီးချိုဝေဒနာရှင်တွေ ရောဂါကူးစက်မခံရအောင် အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေလို့ ဆိုထားပါတယ်။

  • ဆီးချိုသွေးတိုးအခြေအနေကို နေ့စဉ် ပုံမှန်စစ်ဆေးတာ
  • လိုအပ်တဲ့ ဆေးဝါးတွေကို မပျက်မကွက် ပုံမှန်မှီဝဲတာ
  • ပတ်ဝန်းကျင်၊ ဆရာဝန် စတာတွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတာ
  • ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်တာ
  • ကာဘိုဟိုက်ဒရိတ်ကို လုံလောက်စွာ ဖြည့်တင်းတာ
  • အစားကို မှန်မှန်စားတာ
  • နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်တာ
  • အိပ်ရေးဝဝ အိပ်တာ
  • တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်တာ
  • လက်ကို စင်ကြယ်စွာ မကြာခန ဆေးကြောတာ
  • အပြင်သွားရင် Mask တပ်သွားတာ
  • Social Distancing လုပ်တာ၊ စတဲ့နည်းလမ်းတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါပိုး ကူးစက်မလာစေဖို့ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။

COVID-19 ဟာ ကြောက်ဖို့ကောင်းပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီကို ရောဂါပိုးရောက်မလာခဲ့ဘူးဆိုရင် ဘာအန္တရာယ်ကိုမှ ကြောက်နေစရာမလိုအပ်ပါဘူး။ ဒါက အရေးအကြီးဆုံး အချက်ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 06/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။