အနောက်တိုင်းဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့ တခြားတစ်ဖက်မှာ အနောက်တိုင်းဆေးတွေက ပြင်းတယ်။ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး တခြားဆေးနည်း ပြောင်းသုံးကြသူတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေထဲမှာ သဘာဝဆေးဖက်ဝင်အပင်များ နဲ့ ရိုးရာဆေးနည်းများကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် နည်းလမ်းမှန်မှန်၊ ကျွမ်းကျင်သူတွေနဲ့ ကုသမယ်ဆိုရင် သက်သာလာနိုင်ပါတယ်။
သဘာဝဆေးဖက်ဝင်အပင်များ
သဘာဝဆေးဖက်ဝင် အပင်များဆိုတာ သဘာဝကရတဲ့ အပင်တွေရဲ့ ပဉ္စငါးပါးကို လိုသလို ပြုတ်ထောင်းပြီး သောက်ကြတာပါ။ ဆေးမြီးတိုလို့ ပြောလို့ရပါတယ်။ တိုင်းရင်းဆေးနဲ့ မတူပါဘူး။ တိုင်းရင်းဆေးက ရိုးရာဆေးနည်း တစ်မျိုးဖြစ်ပြီး သူ့မှာ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ သဘာဝကရတဲ့ အပင်တွေ၊ အခေါက်တွေကို အနောက်တိုင်း ဆေးဝါးပုံစံ ဆေးတောင့်အနေနဲ့လည်း ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။
သဘာဝဆေးဖက်ဝင်အပင်များ ကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ
- တခြားသောက်လက်စဆေးတွေ၊ အနောက်တိုင်းဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။
- ဆေးဖက်ဝင်အပင်နဲ့ မတည့် ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။
- သဘာဝဆိုတိုင်း အန္တရာယ်ကင်းချင်မှ ကင်းတာပါ။
- ဆေးဖက်ဝင်မှုကလည်း ကန့်သတ်ချက် ရှိပါတယ်။ တစ်မျိုးတည်းနဲ့ ၉၆ပါး ရောဂါတွေကို ပျောက်စေမှာ မဟုတ်ပါဘူး။
- ပမာဏ သိဖို့ လိုပါတယ်။
- တန်ဆေး လွန်ဘေး မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။
သဘာဝဆေးဖက်ဝင်အပင်များ ကို ဆေးအနေနဲ့ ဝယ်သောက်မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲ။
ခုနက ပြောသလို ကြက်သွန်ဖြူဆေးတို့၊ ဂျင်ဆင်းကနေ ထုတ်ထားတဲ့ဆေးတို့ စသဖြင့် အနောက်တိုင်း ဆေးဝါးပုံစံ ထုတ်လုပ်လာကြတာမျိုးတွေ ရှိလာပါပြီ။ အများစုကလည်း ကိုယ့်ဟာကိုယ် အိမ်မှာ အမြစ်တွေ၊ အခေါက်တွေ ပြုတ်သောက်နေရမယ့်အစား ဒီလိုဆေးတွေကို ပိုသဘောကျလာကြပါပြီ။ ဒီလို ဆေးဝါးတွေကို သောက်မယ်ဆိုရင် အောက်ပါအချက်တွေကို ဂရုစိုက်သင့်ပါတယ်။
- ထုတ်လုပ်တဲ့ ကုမ္ပဏီက စိတ်ချရရဲ့လား။ FDA ခွင့်ပြုချက်ရထားပြီးသားလားဆိုတာကို စစ်ဆေးသင့်ပါတယ်။
- ကိုယ်သောက်မယ့် ဆေးနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ လေ့လာသင့်ပါတယ်။ ဒီအပင်က ဘာအတွက်ကောင်းတာလဲ။ ဘယ်သူတွေ မသောက်သင့်ဘူးလဲ။
- သောက်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ဆေးဘူးပါတဲ့ ဆေးအညွှန်းအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။ ဆေးမသောက်ခင် အနည်းဆုံး အညွှန်းကို တစ်ခေါက်လောက်ဖတ်ပါ။ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမသောက်မိပါစေနဲ့။
- မရှင်းတာရှိရင် ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပြန်မေးပါ။
- ဘေးထွက်ဆိုးကျိုးတွေကို သတိထားပါ။ သောက်နေရင်းနဲ့ ပျို့အန်တာ၊ မူးတာ၊ ဗိုက်မကောင်းတာမျိုးတွေ ဖြစ်လာရင် ဆေးပမာဏကို လျှော့တာ ဒါမှမဟုတ် ဆေးသောက်တာကို ရပ်ပြီး စောင့်ကြည့်သင့်ပါတယ်။
- ဆေးဓာတ်မတည့်တာကိုလည်း သတိထားပါ။ စစချင်း ဆေးသောက်ပြီး အသက်ရှူရခက်လာတာ၊ အင်ပျင်တွေ ထွက်လာတာမျိုး ရှိခဲ့ရင် ဆေးရုံဆေးခန်းကို အမြန်သွားရပါမယ်။
ရိုးရာဆေးနည်း ဆိုတာ
ရိုးရာဆေးနည်းတွေကတော့ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော ပုံစံမျိုးစုံနဲ့ ရှိပါတယ်။ တိုင်းရင်းဆေးတွေကစလို့ စိတ်စွမ်းအင်သုံး ကုတာအထိ အမျိုးမျိုးရှိပါတယ်။ ဒါကို ပုံမှန်ကုနေကြ အနောက်တိုင်း ဆေးတွေနဲ့လည်း တွဲဖက်ပြီး ကုသနေကြပါတယ်။
အသုံးများတဲ့ ရိုးရာဆေးနည်းများ
- တိုင်းရင်းဆေးများ (ဥပမာ မြန်မာတိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေး၊ အိန္ဒိယ တိုင်းရင်းဆေး၊ အပ်စိုက်ကု၊ အာယုဗေဒ)
- ခန္ဓာကိုယ်ကို ထိပြီး ကုသသည့် ကုထုံး (ဥပမာ အကြောပြင်ကုထုံး၊ နှိပ်နယ်ခြင်း ကုထုံး၊ ထိုက်ချိ၊ ယောဂ)
- ပြင်ပစွမ်းအား (ဥပမာ ယင်နဲ့ ယန်၊ သံလိုက်ကုထုံး၊ Reiki)
- အာရုံခံကုထုံး (ဥပမာ ပန်းချီဆွဲတာ၊ သီချင်းဆိုသင်တာ၊ မျက်လုံးလေး မှိတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ သာယာတဲ့နေရာလေးတွေကို စိတ်ကူးယဉ်ခိုင်းတာ)
- စိတ်ကုထုံး (ဥပမာ တရားထိုင်တာ၊ အိပ်မွေ့ချကုသတာ)
ဆေးဖက်ဝင်အပင်တွေကို အသုံးပြုတာကလည်း ရိုးရာဆေးနည်းတွေထဲမှာ ပါပါတယ်။
ရိုးရာဆေးနည်းတွေနဲ့ ကုသမယ်ဆိုရင်
ရိုးရာဆေးနည်းတွေနဲ့ ကုသမယ်ဆိုရင် ကိုယ်အန္တရာယ်ကင်းဖို့က ဦးစားပေးပါပဲ။ ဆေးနည်းတွေက လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ ဆေးကုသမှု မခံယူခင်မှာ အောက်ပါအချက်တွေကို ပြင်ဆင်ထားသင့်ပါတယ်။
- ကိုယ်ကုသမယ့် နည်းလမ်းအကြောင်းကို လေ့လာပါ။ စာဖတ်ပါ။ အင်တာနက်ကနေ ရှာပါ။ များများသိလေလေ ကိုယ်နဲ့ အဆင်ပြေမပြေ ဆုံးဖြတ်နိုင်လေပါ။
- ကုပေးမယ့်သူက ကျွမ်းကျင်သူလား၊ အသိအမှတ်ပြု လိုင်စင်ရပြီးသားသူလားဆိုတာ မေးမြန်းပါ။
- ဘယ်လောက်ကုန်ကျမှာလဲ။
- ဘယ်လောက်ကြာကြာ ကုရမှာလဲ။
- ဘယ်လိုလူတွေ ကုသမှု မခံယူသင့်ဘူးလဲ။
- ဘေးထွက်ဆိုးကျိုး ဘာရှိလဲ။
- ကုသမှု မစခင် တစ်ခုခု ပြင်ဆင်ထားရမှာမျိုး ရှိလား။
ဒီမေးခွန်းတွေရဲ့ အဖြေကို ကျေနပ်ပြီဆိုမှ ကုသမှု ခံယူစေချင်ပါတယ်။
Takeaway
သဘာဝဆေးဖက်ဝင် အပင်များပဲ ဖြစ်ဖြစ်၊ ရိုးရာဆေးနည်းပဲ ဖြစ်ဖြစ် စနစ်တကျ နည်းမှန်လမ်းမှန်၊ ကျွမ်းကျင်သူတွေနဲ့ ကုသမယ်ဆိုရင် အထိုက်အလျောက်တော့ သက်သာနိုင်မှာပါ။ အနောက်တိုင်း ဆေးတွေလိုပဲ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ဘယ်နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ကုသမှု မစခင်မှာ ကိုယ်သိချင်တဲ့ မေးခွန်းတွေကို ကျေလည်အောင် မေးပြီး အန္တရာယ်နည်းတယ်ဆိုမှ စပြီး ကုစေချင်ပါတယ်။
[embed-health-tool-bmi]