တခြားပြဿနာအနေနဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က သေချာမလောင်ကျွမ်းနိုင်တဲ့အခါ အဆီပိုတွေ ထွက်လာပြီး လူက အဝလွန်လာမယ်။ နောက်ဆက်တွဲ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေပါ ရလာနိုင်ပါတယ်။
၂။ မျက်စိနဲ့ ဦးနှောက်အာရုံကြောကို ထိခိုက်စေမယ်။
ညဘက်မအိပ်တဲ့ သူတိုင်းဟာ ရုပ်ရှင်ကြည့်ရင်ကြည့်၊ မကြည့်ရင် ဖုန်းစကရင်ကို တောက်လျှောက် ကြည့်နေကြတာပါပဲ။ အလုပ်လုပ်တဲ့သူတွေကလည်း မီးအရောင်မှိန်မှိန်လေးမှာ မျက်လုံးကို အားစိုက်ပြီး ကွန်ပျူတာ သုံးနေရတာ၊ စာရင်းအင်းတွေ တွက်ချက်တာမျိုး တွေ့ရပါတယ်။
ညမှောင်တဲ့အချိန်မှာ ဒီလို အလင်းတွေကို အားစိုက်ကြည့်နေခြင်းက မျက်လုံးရဲ့ မျက်ကြည်လွှာကို ပါးသွားစေသလို မျက်စိမှုန်တာ၊ မျက်စိတိမ်ဖုံးတာ၊ မျက်စိစွံတာ၊ မျက်စိ စူးအောင့်တာ၊ မျက်သားခြောက်တာအပြင် မျက်စိကွယ်တာအထိ ဖြစ်နိုင်ပါတယ်။
ဦးနှောက်အာရုံကြောစနစ်သည်လည်း အနားယူရမယ့်အချိန်မှာ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဟော်မုန်းတွေကို ဆက်တိုက်ထုတ်လွှတ်ပေးနေမယ်။
အိပ်ချိန်ကို အပြည့်အဝအိပ်ခဲ့ရင်တောင် နောက်နေ့ မနက်နိုးထလာရင် အိပ်ရေးမဝသလို ခေါင်းမူးခေါင်းကိုက်တာ၊ မျက်စိစူးအောင့်တာ၊ မောပန်းပြီး အားမရှိသလို ဖြစ်နေတာ စတာတွေကို ခံစားရနိုင်ပါတယ်။
၃။ ရုပ်ရည်ကို ပိုပြီး အိုမင်းရင့်ရော်လာစေတယ်။
လူတွေ အိပ်ပျော်နေချိန်မှာ လူ့အရေပြားက ပျက်စီးနေတဲ့ ဆဲလ်အဟောင်းတွေကို ပြန်လည်ပြုပြင်ပေးသလို ဆဲလ်အသစ်တွေကိုလည်း ပြန်လည်ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး ပုံမှန်လည်ပတ်နေမှ အရေပြားက တင်းတင်းရင်းရင်းနဲ့ နဂိုအတွင်း ဖြူစင်ဝင်းပနေမှာပါ။
အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲနေလိုက်တော့ အရေပြားက ဆဲလ်အဟောင်းတွေကို ပြုပြင်လို့ မရတော့သလို ဆဲလ်အသစ်တွေလည်း ထုတ်လုပ်ခြင်း မရှိတော့တာကြောင့် အရေပြားက မွဲခြောက်ခြောက်ဖြစ်ပြီး အရောင်မှိန်လာမယ်။ အရေးအကြောင်းတွေ ထင်ပြီး ရုပ်ရည်ကို အိုမင်းရင့်ရော်လာစေနိုင်ပါတယ်။
၄။ စိတ်ကျန်းမာရေး ပြဿနာများ ပိုပြီးခံစားရနိုင်တယ်။
ဒီခေတ်ထဲမှာ ကလေးအစ လူကြီးအဆုံး စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ ပိုပြီး ရင်ဆိုင်လာရတဲ့အတွက် စိတ်ကျန်းမာရေး ပြဿနာများကို ခံစားရပါတယ်။ စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေး ပြဿနာပေါင်းစုံ ဝင်လာစေဖို့ ဖွင့်ထားတဲ့ တံခါးပေါက်တစ်ခုလိုပါပဲ။
အိပ်စက်လိုက်တဲ့အခါမှသာ ဦးနှောက်အာရုံကြောတွေဟာ အနားရသွားသလို ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကလည်း တင်းမနေဘဲ လျော့ကျသွားတာကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေဟာ လျော့ကျသွားမှာပါ။
ဒီတော့ ညမအိပ်လေ၊ လူတွေက စိတ်ညစ်လေ၊ ဦးနှောက်က ပိုပြီးပင်ပန်းလေ၊ စိတ်မကြည်လေ ဖြစ်ပြီး စိတ်ကျန်းမာရေးက ပိုမိုဆိုးရွားလာမှာပါ။
၅။ ကိုယ်ခံအား ကျလာစေတယ်။
ပြင်ပကနေ ဝင်လာတဲ့ ရောဂါပိုးမှန်သမျှကို တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်က အပြင်းအထန် အလုပ်လုပ်ရပါတယ်။ ရောဂါအသစ်အဆန်းတွေ ပိုပြီး ဝင်လာလေ၊ ကိုယ်ခံအားစနစ်က အလုပ်လုပ်ရလေ၊ သွေးဖြူဆဲလ်တွေက တဖြည်းဖြည်း နည်းလာလေဖြစ်လို့ ဒီဆဲလ်တွေကို ပြန်ပြီး အစားထိုးဖို့အတွက် ကောင်းကောင်း အိပ်စက် အနားယူဖို့ လိုအပ်လာပါတယ်။
လူတွေက မအိပ်ဘဲ နေလိုက်တာ၊ အိပ်စက်ချိန် နောက်ကျသွားတဲ့အခါ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ ဆဲလ်တွေကို ပြန်လည်တည်ဆောက်ဖို့ အချိန်နည်းသွားတာကြောင့် တဖြည်းဖြည်း ကိုယ်ခံအားကျဆင်းလာပြီး ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်ဖို့ ပိုပြီး လွယ်လာတော့မှာပါ။
ဒါကြောင့် လူငယ်တွေရော၊ လူကြီးတွေပါ တတ်နိုင်သလောက် ညအိပ်ချိန်ကို ပေါ့ပေါ့လေး မထားဘဲ စောစောအိပ်ကြတာ အကောင်းဆုံး ဖြစ်မှာပါ။ ကျန်းမာရေးဆိုတာ ငယ်တုန်းမှာတော့ အမှုမဲ့အမှတ်မဲ့ နေလို့ရတယ်ဆိုပေမယ့် အသက်ကြီးလာပြီး ကိုယ်ချစ်ရတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ရတဲ့အချိန်ကျမှ ကျန်းမာရေးမကောင်းလို့ ဒုက္ခခံစားနေရမယ်ဆိုရင် ကိုယ်ရော ကိုယ့်မိသားစုပါ ပူလောင်ရမှာကို အမြဲရင်ထဲမှာ မှတ်ထားပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။