backup og meta

စိတ်ဖိစီးမှုတွေ ကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုတွေ ကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

    ဒီကာလမှာ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် နေ့စဉ်အလုပ်တွေကို အရင်လို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ စားချိန်တွေ၊ အိပ်ချိန်တွေ မှန်ဖို့ ဆိုတာလည်း ခက်ခဲမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာလေ။ စိတ်ဆောင်နေလို့သာ လုပ်နေရပေမယ့် အသက်ကလည်း ရှိသေးတယ်ဟုတ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်ပျော်ရခက်တာ၊ အိပ်မပျော်တာတွေ များလာရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်လာမှာပါ။

    စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်ဘူးလား။

    လူတစ်ကိုယ် စိတ်တစ်မျိုး။ တစ်ယောက်ချင်းစီမှာ စိတ်ညစ်ရတဲ့အကြောင်းလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် အနာဂတ်အတွက် မသေချာတဲ့အချိန်မှာ အတွေးတွေက နှိပ်စက်နေလို့ အိပ်ပျော်ဖို့ခက်နေမှာပါ။ ကျန်းမာရေးထိခိုက်မှာစိုးလို့ အိပ်ပျော်အောင် ကြိုးစား၊ အိပ်မပျော်တော့ စိတ်တွေ ညစ်၊ နောက်ဆုံး အိပ်မပျော်လို့ စိတ်စညစ်တာလား၊ စိတ်ညစ်လို့ အိပ်မပျော်တာလားဆိုပြီး လုံးလည်ချာလည်လိုက်နေမှာပါ။

    ဒါဆို စိတ်ဖိစီးမှုတွေ ကြားထဲမှာ ဘယ်လိုအိပ်ပျော်အောင်ကြိုးစားကြမလဲ။

    ဒီနေရာမှာ ကိုင်တွယ်ဖြေရှင်းရမှာက စိတ်ဖိစီးမှုရယ်၊ အိပ်မပျော်တာရယ်ပေါ့။ အိပ်မပျော်လေလေ စိတ်ဖိစီးလေလေ ဖြစ်တာကြောင့် နှစ်ခုလုံးကို တစ်ပြိုင်တည်း ဖြေရှင်းရမှာပါ။ နည်းလမ်းတွေက သိပြီးသားတွေ ဆိုပေမယ့် ဒီချိန်မှာတော့ ကိုယ့်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် တကယ်စလုပ်ရမယ့်အချိန်ရောက်နေပါပြီ။

    တစ်ယောက်နဲ့ တစ်ယောက် စိတ်ငြိမ်စေတဲ့ အလုပ်တွေ မတူပါဘူး။ တချို့ကလည်း စာအုပ်ဖတ်ရမှ၊ တချို့ကလည်း သီချင်းနားထောင်ရမှ စသဖြင့် အကျင့်အမျိုးမျိုး ရှိပါတယ်။ ကိုယ့်ကို စိတ်တည်ငြိမ်စေမယ့်၊ အာရုံလွှဲနိုင်မယ့် အလုပ်တစ်ခုခုကို မအိပ်ခင် ၁၅မိနစ်လောက်လုပ်ပါ။ အနည်းဆုံးတော့ အတွေးတွေ ခဏရပ်သွားပါမယ်။ အတွေးတွေ အနားရရင် အိပ်ပျော်ဖို့ လွယ်သွားပါပြီ။

    တရားထိုင်တာက အိပ်ပျော်ဖို့လည်း လွယ်သလို လန်းလန်းဆန်းဆန်း နိုးစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ မအိပ်ခင် ထိုင်လျက် ဒါမှမဟုတ် လှဲလျက် တရားထိုင်ပါ။ တရားမထိုင်တတ်ဘူးဆိုလည်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။

    လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်၊ နောက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်ပါ။ အသက်ကို ရှည်ရှည်နဲ့ ဝအောင်ရှူသွင်းပါ။ လေတွေ ပြည့်လာတဲ့အခါ ဗိုက်တင်းလာတာကို သိပါ။ ခဏလောက် အောင့်ထားပြီး ဖြည်းဖြည်းချင်း ခပ်ရှည်ရှည် ပြန်ရှူထုတ်ပါ။ ဒါလေးကိုပဲ စိတ်စိုက်ပြီး လုပ်နေလိုက်ပါ။ မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။

    စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

    ဒါကျ ပြောရအခက်သား။ အဓိကက ဖုန်းသုံးတာပါ။ လူတိုင်း ဖုန်းသုံးပြီး တက်လာသမျှ သတင်းတွေကို ကြည့်နေကြတာဆိုတော့ မသုံးအောင် နေဖို့ ခက်ပါတယ်။ ကောင်းတာကတော့ မအိပ်ခင်မှာ ဖုန်းနဲ့ ကိုယ်နဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားလိုက်ပါ။ ပြီးရင် အာရုံလွှဲစရာ တစ်ခုခု လုပ်နေလိုက်ပါ။

    • ရေနွေးနွေးလေးနဲ့ ရေချိုးပါ။

    ခုနက ဖုန်းမသုံးဖြစ်အောင် အာရုံလွှဲဖို့ အကောင်းဆုံးက ရေထချိုးလိုက်တာပါ။ ရေနွေးလေးနဲ့ ချိုး၊ အဝတ်အစားလေးလဲ၊ ရေမွှေးကြိုက်တဲ့သူက ရေမွှေးလေး စွတ်ပြီး အိပ်ဖို့ ပြင်လိုက်ရင် စိတ်ညစ်တာတွေ ပြေပျောက်ပြီး အိပ်ဖို့ ပိုလွယ်ပါတယ်။

    • လေ့ကျင့်ခန်း လုပ်ပါ။

    ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းထက် သွေးလည်ပတ်မှု ကောင်းရုံလောက် လုပ်စေချင်တာပါ။ သွေးလည်ပတ်မှု ကောင်းရင် ခန္ဓာကိုယ်ပူနွေးလာပြီး အိပ်လို့ ပိုလွယ်လာပါလိမ့်မယ်။ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တောင် ယောဂလုပ်ပေးလို့ရပါတယ်။ လိုရင်းက အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကောင်းရင် ခန္ဓာကိုယ် နွေးလာပြီး ပိုအိပ်ပျော်ဖို့ လွယ်လို့ပါ။

    • ဂဏန်းရေပါ။

    နည်းလမ်းဟောင်းကြီးဆိုပေမယ့် အသုံးဝင်သလောက်တော့ ဝင်ပါသေးတယ်။ နံပါတ်တွေ စရေကြည့်ပါ။ အိပ်ပျော်တော့လည်း ပျော်၊ မပျော်ဘဲ ဂဏန်းတွေပဲ ထောင်ဂဏန်းလောက်ထိ တက်လာတယ်ဆိုရင်တော့ ဆက်မရေပါနဲ့တော့။ ဒီနည်းနဲ့ သင်အိပ်ပျော်မှာ မဟုတ်ပါဘူး။

    စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

    • အိပ်ပျော်သွားပြီလို့ ပုံဖော်ကြည့်ပါ။

    မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်သွားပြီလို့ တွေးကြည့်လိုက်ပါ။ နိုးလာရင် ဘာလုပ်မယ်ဆိုတာကိုပါ စိတ်ကူးယဉ်ပြီး အိပ်ကြည့်ပါ။ တစ်နေ့တာ အလုပ်လေးတွေကိုပေါ့။ ဒါဆိုရင် ပီတိတွေနဲ့ တဖြည်းဖြည်း အိပ်ပျော်သွားပါလိမ့်မယ်။

    • တစ်နေ့တာကို မအားလပ်ပါစေနဲ့။

    တတ်နိုင်သမျှ တစ်နေ့တာကို အလုပ်အပြည့်ဆွဲထားပါ။ နားချိန်တွေမျာ လုပ်စရာတစ်ခုခုပါ ထည့်ဆွဲထားပါ။ ဥပမာ ဘယ်အချိန်က ဘယ်အချိန်မှာ နားမယ်။ နားတဲ့အချိန်မှာ စာဖတ်မယ်၊ သီချင်းနားထောင်မယ် စသဖြင့် ဆွဲထားပါ။ ဒီလိုမျိုး နေ့ဘက်မျာ အလုပ်အပြည့်လုပ်ထားမယ်ဆိုရင် ညဘက်မှာ အလွယ်တကူ အိပ်စက်နိုင်မှာပါ။

    • အိပ်ရာကို သေချာပြင်ပါ။

    တစ်နေ့မှာ ၆နာရီကနေ ၈နာရီလောက် အချိန်ဖြုန်းနေရတဲ့အတွက် အိပ်ရာကို ဖြစ်သလို မထားပါနဲ့။ အေးတဲ့အချိန်မှာ အေးသလို၊ ပူတဲ့အချိန်မှာ ပူသလို လိုသလို ပြုပြင်ထားပါ။ အခန်းကို မီးမှိန်မှိန်လေးထားပါ။ လွယ်လွယ်ပြောရရင် အိပ်ချင်စဖွယ်နေရာဖြစ်ထအောင် ပြင်ဆင်ထားပါ။

    • အိပ်မပျော်ရင် အတင်းမအိပ်ပါနဲ့။

    ခန္ဓာကိုယ်ကို အတင်းအကြပ်မစေခိုင်းပါနဲ့။ အိပ်ဖို့ကြိုးစားပေမယ့် အိပ်မပျော်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ အိပ်ရာထဲကထပြီး စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်ပါ။ ပြီးမှ ပြန်လှဲပြီး အိပ်ပါ။

    စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တဲ့အခါ

    စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် ကိုယ်နေကောင်းပြီး ကျန်းမာနေမှ၊ စိတ်ကြည်နေမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်လို့ အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement