backup og meta

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

    သွေးဆုံးတယ်ဆိုတာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေ ခံစားရတဲ့ ဖြစ်စဉ်တစ်ခုပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ယောက်ဆိုရင် ဒီအရာကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ သွေးဆုံးခြင်းရဲ့ နောက်ကွယ်က သွေးဆုံးကိုင်ခြင်း လက္ခဏာတစ်ခုချင်းစီကို ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းကြည့်ရအောင်။

    သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

    သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကတော့

    အေးအေးလူလူနဲ့ သက်သောင့်သက်သာ နေထိုင်ခြင်း။

    ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ပူလောင်ခြင်းလက္ခဏာတွေကို ရင်ဆိုင်နေတဲ့အခါ ခပ်ပွပွနဲ့ သက်သောင့်သက်သာရှိတဲ့၊ ချောင်ချိတဲ့အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပါ။ အထူးသဖြင့် ညအချိန်နဲ့ ပူပြင်းတဲ့ရာသီ ဥတုများမှာပေါ့။

    သွေးဆုံးကိုင်ဝေဒနာ ခံစားရတဲ့အခါ ချွေးစေးများ ထွက်လာကာ အိပ်ပျော်နေစဉ် မကြာခဏ လန့်နိုးတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အိပ်ခန်းကို အေးမြအောင်ထားထားပါ။ ထူထဲတဲ့စောင်တွေကို မခြုံပါနဲ့။ အဲကွန်း(သို့မဟုတ်) ပန်ကာရဲ့ ဖွင့်ပြီး အခန်းကို အေးနေအောင် ထားပါ။

    ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း။

    တစ်နေ့တာ ကယ်လိုရီစားနှုန်းကို အတတ်နိုင်ဆုံး လျှော့ချခြင်းဖြင့် အဝမလွန်အောင် ထိန်းသိမ်းပါ။ သွေးဆုံးချိန်မှာ ဇီဝကမ္မလုပ်ဆောင်ချက်တွေဟာ နှေးကွေးတာကြောင့် ငယ်ရွယ်စဉ်ကလို မပိန်နိုင်တော့ဘဲ ကိုယ်အလေးချိန်တက်လာမှာမို့ပါ။

    ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း တစ်နေ့ကို မိနစ် ၂၀ မှ ၃၀ ထိ ပြုလုပ်ပါ။ လမ်းလျှောက်ခြင်းကတောင် အတော်လေး အထောက်အကူပြုပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အားအင်တွေ တိုးလာမယ်။ ညအခါ နှစ်ခြိုက်စွာ အိပ်ပျော်မယ်၊ စိတ်ကြည်လင် လန်းဆန်းမယ်၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။

    သွေးဆုံးကိုင် လက္ခဏာတွေအတွက် အကူအညီရယူခြင်း။

    သွေးဆုံးချိန်မှာ သွေးဆုံးကိုင်လက္ခဏာ ခံစားရတာဟာ ပုံမှန်ဖြစ်တာမို့ တတ်ကျွမ်းနားလည် သူတွေနဲ့ ပြသပါ။

    • စိတ်ကျခြင်း၊
    • စိတ်ဂနာမငြိမ်ဖြစ်ခြင်း
    • ဝမ်းနည်းခြင်း၊
    • တစ်ဦးတည်းသီးသန့် နေထိုင်ခြင်း၊
    • ညအိပ်မပျော်ခြင်းတွေအတွက် စိတ်ကုသုံး ပညာရှင်တွေ၊ စိတ်ရောဂါအထူးကု ဆရာဝန်တွေနဲ့ သွားရောက်တိုင်ပင်ပြသပါ။

    သင့်မိသားစု၊ သင်ချစ်ရသူတွေနဲ့ မိတ်ဆွေတွေကိုလည်း သင့်ရဲ့စိတ်ခံစားမှုတွေအကြောင်း ဖွင့်ဟပြောပြပါ။ ဒါမှ သင့်လိုအပ်ချက်တွေကို သူတို့သိပြီး ကူညီပေးနိုင်မှာပါ။

    အာဟာရဖြည့်ခြင်း။

    သွေးဆုံးကိုင်ချိန်မှာ အဖြစ်များဆုံးရောဂါဟာ အရိုးပွရောဂါဖြစ်ပါတယ်။ အရိုးပွခြင်းအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပါ။ အားအင်ကုန်ခမ်းခြင်း၊ အိပ်မပျော်ခြင်းတို့အတွက် အားဆေးတွေကို ဖြည့်တင်းသောက်သုံးပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ဟာ မတူညီနိုင်တာမို့ ဆရာဝန် နဲ့တိုင်ပင်နိုင်ပါတယ်။

    စိတ်ဖြေလျှော့ခြင်း နည်းလမ်းများ။

    စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဟာ သွေးဆုံးကိုင်ခြင်း လက္ခဏာတွေမှာ ပါဝင်တာကြောင့် ယောဂလေ့ကျင့်ခြင်း၊ ဝင်သက်ထွက်သက် လေ့ကျင့်ခန်းများနဲ့ တရားထိုင်ခြင်း အလေ့အထတွေဟာ စိတ်အစဉ်ကို ပြန်လည်ကြည်လင်စေနိုင်တာမို့ ပြုလုပ်သင့်ပါတယ်။

    အသားအရေကို မမေ့မလျော့ ထိန်းသိမ်းဂရုစိုက်ခြင်း။ 

    သွေးဆုံးချိန်မှာ မ ဟော်မုန်းထွက်ရှိမှု သိသိသာသာနည်းပါးသွားတာကြောင့် နောက်ထပ် ကြုံတွေ့နိုင်တဲ့ ပြဿနာဟာ အသားအရေခြောက်သွေ့ခြင်းပါပဲ။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးတဲ့ ‘moisturizers’ လိုမျိုး အသားအရေထိန်းသိမ်းပစ္စည်းများ အသုံးပြုပေးပါ။ အချိန်ကြာကြာ အလွန်အမင်း ရေချိုးခြင်း၊ ရေကူးခြင်းတွေကိုလည်း ရှောင်ကြဉ်ပေးပါ။ အသားအရေခြောက်သွေ့ပြီး ယားယံစေနိုင်လို့ပါ။

    အိပ်စက်ခြင်းပြဿနာများ။ 

     ညအိပ်မပျော်ခြင်း ပြဿနာအတွက်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ မိမိစိတ်အလိုကျ အိပ်ဆေးတွေသောက်သုံးနေခြင်းဟာ နည်းလမ်းအမှန်မဟုတ်ပါ။ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါမှ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကူညီပေးလို့ရမှာပါ။

    ဆေးလိပ်/အရက်လျှော့သောက်ခြင်း၊ အပြတ်ဖြတ်ခြင်း။ 

    ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။ မိမိမသောက်လည်း ဆေးလိပ်သောက်နေသူတွေအနား အတတ်နိုင်ဆုံး မသွားပါနဲ့။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း ရှောင်ကြဉ်ပါ။ ဆေးလိပ်ငွေ့နှင့် ထိတွေ့ခြင်းဟာ သွေးဆုံးကိုင် ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။

    အရက်သောက်ခြင်းကိုလည်း လျှော့လိုက်ပါ။ သွေးဆုံးကိုင်  အမျိုးသမီးတစ်ဦး အရက်သောက်မယ်ဆိုရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။

    အခြားလိုအပ်ချက်များ ဖြည့်တင်းခြင်း။ 

    သွေးဆုံးကိုင် ဝေဒနာတွေဟာ မ ဟော်မုန်းနည်းပါးခြင်းကြောင့် ခံစားရတာပါ။ အချို့ ကလည်း ဟော်မုန်းကုထုံးတွေကို ခံယူတတ်ကြပါတယ်။ ဒါကတော့ တတ်ကျွမ်းနားလည်သူ ဆရာဝန်နဲ့သာ ကုသမှု ခံယူသင့်ပါတယ်။

    ကဲ ….. သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ ကို လက်တွေ့ အကောင်အထည်ဖော်ကြည့်လိုက်တော့နော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement