backup og meta

လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ

    လမ်းခွဲပြတ်စဲကြတဲ့အခါ စိတ်ပင်ပန်းဆင်းရဲကြရတာ၊ နာကျင်ခံစားရတာက သဘာဝပါပဲ။ ပြတ်စဲလိုက်တဲ့ အဆက်ဟောင်းကို မေ့ပစ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်တတ်ဘူးလေ။ ဒီတော့ လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ ဆိုတာ ပြောပြပေးမယ်နော်။

    လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ

    လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ ဆိုတော့ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းဟောင်းကြောင့် စိတ်ညစ်ညူးမှု၊ စိတ်ဖိစီးမှုတွေ အဖြစ်မခံနေပါနဲ့။ ရှေ့ဆက်ရမယ့်ဘဝအတွက် ကြိုးစားရမှာတွေ အများကြီးရှိနေသေးတယ်မဟုတ်လား။

    နောက်ထပ် လှမ်းလျှောက်ရမယ့်ခြေလှမ်းသစ်တွေအတွက် အားအင်တွေ ခွန်အားတွေ စုစည်းနေရမယ့်အချိန်မှာ ဘာလို့ ဝမ်းနည်းကြေကွဲနေမှာလဲ။ ဘာလို့ အတိတ်တွေကို ပြန်အောင့်မေ့ပြီး နာကျင်ခံစားနေမှာလဲ။

    ပြောမယ့်သာပြောရတယ် တချို့တွေအတွက် လမ်းခွဲရတာက လွယ်ကူပေမယ့် တချို့တွေအတွက်တော့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း ပြီးဆုံးသွားတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို မေ့ပစ်ဖို့ ခက်ခဲနေတယ်ဆိုရင် အကူအညီဖြစ်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးချင်ရဲ့။

    • ၁။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ – နာကျင်မှုတွေကိုဖြေဖျောက်ဖို့ ကိုယ့်ကိုယ်ကို အချိန်တစ်ခုလောက်ပေးပြီး တည်ငြိမ်အောင်လုပ်ပါ။ ဒီလိုအချိန်မျိုးမှာ လူတွေအမှားတတ်ကြဆုံးက ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေတဲ့ အပြုအမူတွေကို အတင်းကာရောလုပ်မိတတ်ကြတာပါပဲ။ အဲ့ဒီအစား အချိန်တစ်ခုယူပြီး နားနားနေနေ နေလိုက်တာက နည်းမှန်လမ်းမှန်ပါ။
    • ၂။ သူ့နောက် လိုက်မနေနဲ့ – တချို့တွေက မပြတ်သားတတ်ကြဘူး။ သူ့ကို သတိရနေဆဲ၊ တမ်းတနေဆဲဆိုပြီး သူ့ကို လိုက်ချောင်းတာ၊ အွန်လိုင်းကနေ စောင့်ကြည့်တာမျိုးတွေလုပ်ကြတယ်။ တကယ်တော့ လမ်းခွဲပြီးသွားပြီပဲ လက်လွှတ်လိုက်ပါတော့။ ဒီအချက်ကသာ ကိုယ့်စိတ်ကို ပိုငြိမ်းချမ်းစေမှာပါ။
    • ၃။ အမှတ်တရတွေကြားမှာ အချိန်ဖြုန်းမနေနဲ့ – ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားချိန်မှာ အမှတ်တရတွေကတော့ ကျန်ရစ်ခဲ့မှာပဲ။ ဒါတွေကြားထဲမှာ ဆက်ပြီးရှင်သန်မနေပါနဲ့။ ရှေ့ဆက်ဖို့အတွက်ဆိုရင် အတိတ်က အမှတ်တရတွေကိုခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်ဖို့ လိုမယ်လေ။
    • ၄။ တကယ့်အခြေအနေမှန်ကို လက်ခံပါ – လမ်းခွဲပြီးသွားပြီဆိုတာကို လက်ခံလိုက်ပါတော့။ တချို့တွေက အမှန်တရားကို လက်ခံဖို့ခက်ခဲနေတတ်ကြတယ်။ ဝမ်းနည်းလွန်း၊ ကြေကွဲလွန်းပြီး လက်တွေ့ဘဝနဲ့ ရင်ဆိုင်ဖို့ခက်နေရင် ကိုယ်ပဲပိုပြီး ထိခိုက်နာကျင်ရမှာပါ။
    • ၅။ သင်ခန်းစာ ယူပါ – အဆုံးသတ်သွားပြီဖြစ်တဲ့ ဇာတ်လမ်းကို သင်ခန်းစာယူပါ။ အမှားတွေ၊ ပြင်ဆင်သင့်ခဲ့တာတွေကို ပြန်ဆန်းစစ်ပြီး နောင်တစ်ချိန်မှာ ထပ်မမှားစေဖို့ပေါ့။ လူတိုင်းက ပြီးပြည့်စုံသူတွေမဟုတ်ပါဘူး။ အမှားတွေကျူးလွန်မိတတ်ပါတယ်။ သင်ခန်းစာယူတတ်ဖို့ပဲ လိုအပ်တာပါ။
    • ၆။ ထပ်ပြီးတွေ့ဆုံဖို့ အကြောင်းပြချက် ရှာမနေပါနဲ့ – ပြီးသွားပြီလို့ တွေးပြီးရင် အဲ့နားမှာတင် ပုဒ်မချပြီး ဇာတ်သိမ်းလိုက်ပါ။ နောက်တစ်ကြိမ် ထပ်တွေ့ဆုံခွင့်ရဖို့ အကြောင်းပြချက်ရှာမနေပါနဲ့တော့။ ပြန်ဆုံခွင့်ရရင် လက်တွဲခွင့်ပြန်ရမလားလို့ တွေးနေတာ သင့်တစ်ဘက်တည်းကဆိုရင် အဆင်မပြေပါဘူး။
    • ၇။ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့ – တချို့က ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို နာကျင်ခံစားရအောင်ပါ ပြန်ပြီးပြုလုပ်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစောင့်ရှောက်ရမယ့်အချိန်ပါ။ ဒီလို ရူးမိုက်တာတွေ မကျူးလွန်ပါနဲ့။
    • ၈။ သူငယ်ချင်းဖြစ်ဖို့လည်း မမျှော်လင့်ပါနဲ့ – ကိုယ့်မှာ ခံစားချက်ရှိနေရုံသက်သက်နဲ့ သူနဲ့ သူငယ်ချင်းဖြစ်ခွင့်ရဖို့ ဘာလို့ကြိုးစားနေမှာလဲ။ ဒီထက်ပိုတဲ့ အခြေအနေတွေကို ခရီးဆက်ခဲ့ကြပြီးသူတွေမို့ သူငယ်ချင်းတွေလို ဆက်ဆံဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
    • ၉။ ကိုယ်ဘာတွေလုပ်နိုင်စွမ်းသလဲဆိုတာကို နားလည်ထား – ကိုယ် ဘယ်လောက်ခံနိုင်ရည်ရှိသလဲ၊ ဘယ်လောက် စိတ်ဓာတ်မာကျောသလဲ၊ ဘာတွေလုပ်နိုင်သလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုမှာပါ။ ဒါမှ လမ်းခွဲခြင်းကြောင့် ခံစားလာရတဲ့ စိတ်ပိုင်း ရုပ်ပိုင်းပြဿနာတွေကို ဘယ်လိုကိုင်တွယ် အဖြေရှာရမလဲဆိုတာကို ပိုပြီးနားလည်လာမှာပေါ့။
    • ၁၀။ တက်တက်ကြွကြွ ကျန်းကျန်းမာမာနေ – တက်တက်ကြွကြွနဲ့ အားကစားလိုက်စားပြီး နေထိုင်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါလိမ့်မယ်။ အားကစားလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တာမို့ ခန္ဓာကိုယ်လည်း ကျန်းမာလှပပြီး စိတ်ညစ်ညူးနေမှုတွေကိုပါ လျော့ကျစေမှာပါ။
  • ၁၁။ ဈေးဝယ်ထွက်ပစ် – မိန်းကလေးတွေအတွက်တော့ အလွယ်ကူဆုံး လမ်းခွဲခြင်းကို မေ့ပစ်နိုင်မယ့် ဖြတ်လမ်းနည်းပါ။ ရှော့ပင်မော ခပ်ကြီးကြီးထဲ ပတ်နေလိုက်ရင် ခုပြတ်စဲခဲ့တဲ့ ရည်းစားကိုတင်မကဘူး တစ်ချိန်ကထားခဲ့ဖူးသမျှ ရည်းစားဟောင်းတွေ အကုန်လုံးကိုပါ မေ့ကုန်မှာသေချာပါတယ်။
  • ၁၂။ ကိုယ့်ပတ်ဝန်းကျင်လေးကို လှအောင်ပြင် – ကိုယ်နေတဲ့အခန်း၊ အိမ်လေးကို အပြောင်းအလဲဖြစ်အောင် ပြင်ဆင်လိုက်ရင်လည်း စိတ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်သွားမှာပါ။ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုနည်းလမ်းတစ်မျိုးပေါ့။ ပစ္စည်းလေးတွေကို အထားအသိုလေး ရွှေ့လိုက်တာမျိုး၊ အခန်းကို ဆေးပြန်သုတ်တာမျိုးတွေ လုပ်ကြည့်။
  • ၁၃။ အပြင်ထွက်၊ ကမ္ဘာကြီးကို လေ့လာ – အိမ်ခန်းထဲပုန်းပြီး ငိုကြွေးမနေပါနဲ့။ အချိန်တစ်ခုယူပြီးပြီဆိုရင် အပြင်ကိုထွက်ပြီး ခရီးတွေသွားပစ်၊ ကမ္ဘာကြီးကို လျှောက်ကြည့်ပစ်။ ဒါဆို စိတ်လက်ပေါ့ပါးသွားမှာပါ။
  • ၁၄။ အဆက်အသွယ်တွေ အားလုံးဖြတ် – တချို့က ဖုန်းနံပါတ်လေး သိမ်းထား၊ ဆိုရှယ်မီဒီယာမှာ အဆက်အသွယ်လုပ်ဖို့ ချန်ထားတာမျိုး လုပ်ကြတယ်။ တကယ်တော့ သူ့ဆီက မက်ဆ့ချ်၊ သူ့ရဲ့ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေတာမဟုတ်ဘူး၊ ပြတ်သားတယ်ဆိုရင် အကုန်ရှင်းပစ်လိုက်တာက အကောင်းဆုံးပါပဲ။ မလိုလားအပ်တဲ့ မျှော်လင့်ချက်တွေ ထားမနေပါနဲ့။
  • ၁၅။ သူ့အကြောင်း မမေးပါနဲ့ – သူ့ သူငယ်ချင်းတွေ၊ သူနဲ့ နီးစပ်သူတွေကို သူ့အကြောင်းမေးမြန်းတာမျိုး မလုပ်ပါနဲ့တော့။ သူ့ကိုတမ်းတနေတယ်လို့ လူတကာက ထင်မြင်ယူဆတာမျိုး မဖြစ်ပါစေနဲ့။ နောက်ပြီး ဒီလိုမေးမြန်းလို့ ရလာတဲ့အဖြေတွေက ကိုယ့်ရဲ့ စိတ်ကို ပင်ပန်းစေမယ့်အရာတွေ ဖြစ်နေတာများပါတယ်။
  • ၁၆။ တကယ့်ဘဝနဲ့ စိတ်ကူးက ထပ်တူမကျတတ်တာကို လက်ခံပါ – ကိုယ်မျှော်လင့်ထားတာကတော့ တစ်မျိုးပေါ့။ ဒါပေမယ့် မထင်မှတ်ပဲ လမ်းခွဲပြတ်စဲ ခဲ့ကြရတယ်ဆိုရင် ဘာကြောင့် ငါ့မှဒီလိုဖြစ်ရတာလဲဆိုပြီး မကျေမချမ်းဖြစ်မနေပါနဲ့။ ဖြစ်တတ်တဲ့ သဘောတွေချည်းပါ။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ထပ်တူကျဖို့ ခက်တယ်လေ။
  • ၁၇။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ – စိတ်ဖိစီးနေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ အကောင်းဆုံးနည်းလမ်းပါပဲ။ မိသားစုနဲ့ အချိန်ပေးပြီးနေ။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့။ စားကြ သွားကြ။ ဒီလိုဆိုရင် လမ်းခွဲလို့ရလာတဲ့ နာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။
  • ၁၈။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်၊ Ex ကို မေ့ပစ် – တစ်ချို့ကို လမ်းခွဲပြီးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘူးလို့ ဆိုကြတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ တကယ်တော့မှားပါတယ်။ လမ်းခွဲတယ်ဆိုတာ နှစ်ဘက် ဆုံးဖြတ်ချက်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့။ နောက်ပြီး သူ့ကိုလည်း အပြစ်တင်မနေနဲ့ မေ့ပစ်နိုင်ဖို့သာ ကြိုးစားပါ။
  • ၁၉။ အဆင်သင့်မဖြစ်သေးသရွှေ့ နောက်ထပ်တစ်ယောက် မတွဲပါနဲ့ဦး – ရှေ့ကတစ်ယောက်ကို သင်ပုန်းခြေဖို့ ချက်ခြင်းနောက်ထပ်တစ်ယောက်ကို တွဲလိုက်တာမျိုးက အမှားအယွင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အချိန်ယူပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် အရင်လုပ်ပြီးမှ နောက်ထပ်အချစ်ရေးကို စဉ်းစားပါ။
  • ၂၀။ ကိုယ့်ကိုယ်ကို ချစ်ပါ – အရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ချစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့လည်းလိုပါတယ်။ ကိုယ့်ကိုယ်ကို ချစ်မှ ကိုယ့်ကိုယ်ကို စောင့်ရှောက်မှာ အလေးထားမှာလေ။ လှတပ ကျော့ကျော့မော့မော့လေးနေ။ ကိုယ့်ကိုယ်ကိုချစ်ပြီး တန်ဖိုးထား။ ဒါဆို လမ်းခွဲခဲ့တာကို မေ့ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement