backup og meta

သင် ဘယ်လို စိတ်ဓာတ်ကျနေတာလဲ


Ye Zon Aung မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ဘယ်လို စိတ်ဓာတ်ကျနေတာလဲ

    စိတ်ဓာတ်ကျတယ် ဆိုတဲ့စကားလေးကို လူတိုင်းနီးပါး ပြောဖြစ်တတ်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်နဲ့ပေါ့။ တကယ်ကြီး စိတ်ကျရောဂါ (Depression) ခံစားနေရမှမဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလဲ ဒီလိုပြောဖြစ်တတ်ကြတဲ့စကားလေးပါ။

    နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေကြောင့် လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ ရုံးကန်လှုပ်ရှားနေရတဲ့ လူ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ အတားအဆီး၊ အခက်အခဲနဲ့ နာကျင်ခံစားရမှုဝေဒနာတွေကြောင့်သက်ရောက်လာတဲ့ စိတ်ကျဝေဒနာဟာ သင့်ကို အသက်ဘေးကြုံတဲ့အထိ ဒုက္ခပေးနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလို့ ဆိုရပါမယ်။

    WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄ သန်းလောက်ရှိပါတယ်တဲ့။ အများစုကတော့ အမျိုးသမီးတွေပါ။

    များသောအားဖြင့် ဝေဒနာခံစားနေရသူတစ်ချို့ဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သိနားလည်ထားခြင်းမရှိကြပါဘူး။ သိနေရင်တောင်မှ ဘယ်လိုအကြောင်းတရားကြောင်း ဒါမှမဟုတ် ဘယ်လိုစိတ်ကျဝေဒနာမျိုးဖြစ်နေတယ်ဆိုတာမျိုးကို မသိကြပါဘူး။

    ဒီအချက်ဟာ ကိုယ်ခံစားနေရတဲ့ စိတ်ကျဝေဒနာကို ဖယ်ရှားကုသဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုစိတ်ကျဝေဒနာကို ခံစားနေရလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်အထိ ခွဲခြမ်းစိတ်ဖြာသတ်မှတ်ထားတဲ့ စိတ်ကျဝေဒနာမျိုးအစားတွေကတော့

    Persistent Depressive Disorder

    Persistent Depressive Disorder က အနည်းဆုံး ၂ နှစ်ဝန်းကျင်လောက် စိတ်ဓာတ်ကျခြင်းကို ခံစားခဲ့ရသူတွေမှာ တွေ့ရတတ်တဲ့ ရောဂါတစ်မျိုးပါ။ နာတာရှည်စိတ်ကျဝေဒနာလို့လည်းခေါ်ကြပါတယ်။ အမျိုးသမီးတွေမှာ အများဆုံးဖြစ်လေ့ရှိပြီးတော့ ကလေးတွေမှာလည်းဖြစ်နိုင်တဲ့ဝေဒနာဖြစ်ပါတယ်။

    Bipolar Disorder

    Bipolar Disorder ကို စိတ်ကြွ-စိတ်ကျရောဂါလို့ ခေါ်ဆိုကြပါတယ်။ စိတ်ခံစားချက်အလိုက် အတက်အကျမြင့်မားပြီး မတည်ငြိမ်တဲ့ စိတ်အခြေအနေရှိနေသူတွေကို ဆိုလိုတာပါ။ နေ့စဉ်ဘဝမှာကို သူတို့ရဲ့ စိတ်အခြေအနေက အတက်အကျမမှန်ရှိနေတတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေမြင့်မားတဲ့ ဝေဒနာတစ်မျိုးဖြစ်သလို မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

    Seasonal Affective Disorder

    ဥတုရာသီပေါ်မှီပြီးဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ကျဝေဒနာတစ်မျိုးပါ။ ရာသီဥတုပြင်းထန်တဲ့နေ့မျိုးတွေမှာ ပိုပြီး ခံစားရတတ်ပါတယ်။ အရမ်းပူလွန်းလို့ စိတ်ညစ်နေတာမျိုး၊ မိုးတွေအရမ်းရွာနေလို့ စိတ်ဓာတ်ကျနေတာမျိုးတွေပေါ့။ ရောဂါလက္ခဏာတွေက စိတ်ကျဝေဒနာနဲ့ တူညီပေမယ့် ရာသီဥတု ဒါမှမဟုတ် ရက်လရာသီပေါ်မူတည်ပြီးသာဖြစ်တတ်ပါတယ်။

    Psychotic Depression

    ပြင်းထန်စိတ်ဖိစီးမှု ဒါမှမဟုတ် ပြင်းထန် စိတ်ကျဝေဒနာလို့ ခေါ်ဆိုကြပါတယ်။ စိတ်ကျရောဂါရဲ့ အဖြစ်များတဲ့ ရောဂါမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်မှုတွေ အာရုံဖောက်ပြန်လွဲမှားမှုတွေ အဖြစ်များပြီး ဆေးရုံတက်ကုသဖို့ လိုအပ်တဲ့ ဝေဒနာပါ။

    Postpartum Depression

    မီးဖွားပြီးနောက်ပိုင်း စိတ်ဓာတ်ကျခြင်းဝေဒနာပါ။ ကလေးဖွားမြင်ပြီးချိန် ရက်သတ္တပတ်အနည်းငယ်မှာ မိခင်တွေ ရင်ဆိုင်ရတတ်ပြီး တစ်ခါတစ်ရံမှာလည်း တစ်နှစ်လောက်အထိကြာမြင့်တတ်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကုသဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးပါ။

    Premenstrual Dysphoric Disorder

    အမျိုးသမီးတွေဟာ ရာသီသွေးမဆင်းခင်မှာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရင်ဆိုင်ရတတ်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာက ရာသီလာပြီးချိန်မှာ သက်သာသွားလေ့ရှိပါတယ်။

    Adjustment Disorder

    များသောအားဖြင့် ၃ လကန ၆ လ ဝန်းကျင်လောက် ခံစားရတတ်ပါတယ်။ ပြင်းထန်မှုပေါ်မူတည်ပြီး ကြာမြင့်ချိန် မတူနိုင်ပါဘူး။

    Atypical Depression

    ချွင်းချက်နဲ့ဖြစ်ပေါ်တဲ့ စိတ်ကျဝေဒနာလို့ ခေါ်ကြပါတယ်။ ဝမ်းနည်းတာ၊ အရာရာဆုံးရှုံးတယ်လို့ ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အိပ်ချိန်လွန်ကဲတာမျိုး၊ အလွန်အကျူးစားသောက်နေမိတာမျိုး၊ အရာရာကိုလွန်လွန်ကဲကဲခံစားတတ်တာမျိုးတွေက Atypical Depression ရဲ့ လက္ခဏာတွေပါ။

    Treatment-Resistant Depression

    ဆေးယဉ်ပါး စိတ်ကျဝေဒနာကတော့ ကုသရခက်ခဲတဲ့ဝေဒနာတစ်မျိုးပါ။ စိတ်ကျဝေဒနာခံစားနေရသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ ဒီဝေဒနာကို ရင်ဆိုင်ရတတ်ပါတယ်။ ပုံမှန်ကုသဆေးတွေနဲ့ ပျောက်ကင်းဖို့ ခက်နေတတ်တာမျိုးပါ။

    Subsyndromal Depression

    ဒီရောဂါကတော့ ထူးဆန်းပါတယ်။ စိတ်ကျဝေဒနာရဲ့ လက္ခဏာတချို့ ပြသတတ်ပေမယ့် သေချာရှာဖွေစစ်ဆေးကြည့်တဲ့အခါ ရောဂါရှာမရတာမျိုးပါ။ ဒါပေမယ့် ဒီလိုလူတွေရဲ့ ၅ ပုံ ၂ ပုံလောက်ဟာ အဖြစ်များစိတ်ကျဝေဒနာ (Major Depression) ဖြစ်လာတတ်ကြပါတယ်။

    Disruptive Mood Dysregulation Disorder

    ကလေးတွေမှာအဖြစ်များပြီးတော့ Bipolar Disorder နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ လက္ခဏာတွေက အမြဲတူညီနေတတ်ခြင်းမရှိတာကြောင့် ခန့်မှန်းရခက်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

    စိတ်ကျဝေဒနာဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

    ဒါကြောင့် လျစ်လျူရှုသင့်တဲ့ရောဂါမျိုးမဟုတ်ပဲ သတိထားပြီးကာကွယ်နေထိုင်ဖို့လိုအပ်တဲ့ ဝေဒနာတစ်မျိုးဆိုတာကို သိနားလည်စေချင်ပါတယ်။ အောက်ပါ လက္ခဏာတွေရှိလာပြီဆိုရင် သင့်မှာ စိတ်ကျဝေဒနာရှိနေတာ ဖြစ်နေနိုင်တာမို့ ဂရုစိုက်ဖို့ အသိပေးပါရစေ။

    စိတ်ကျရောဂါ လက္ခဏာတွေကတော့

    • ၁။ စိတ်အားတက်ကြွမှု နည်းပါးလာခြင်း
    • ၂။ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲခြင်း
    • ၃။ တန်ဖိုးထားမှု ကင်းမဲ့လာခြင်း
    • ၄။ အပြစ်ရှိသလို ခံစားလာရခြင်း
    • ၅။ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း
    • ၆။ ပူပင်သောကများခြင်း
    • ၇။ သတ်သေလိုစိတ် ပေါ်လာခြင်း
    • ၈။ ရာသီသွေးဆင်းချိန် မမှန်တော့ခြင်း
    • ၉။ အိပ်မပျော်ခြင်း
    • ၁၀။ ရုပ်ပိုင်းဆိုင်ရအရ နာကျင်မှုဝေဒနာများ ခံစားလာရခြင်းစတဲ့ လက္ခဏာတွေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement