backup og meta

ကလေးတို့အတွက် အားကစား ရဲ့ အကျိုးကျေးဇူးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတို့အတွက် အားကစား ရဲ့ အကျိုးကျေးဇူးတွေ

    ကလေးတွေကို စာပဲကျက်ခိုင်း၊ စာအုပ်နဲ့မျက်နှာကပ်ထားစေချင်တာ၊ အမှတ်များဖို့၊ အဆင့်တစ်ရဖို့၊ ဂုဏ်ထူးတွေပါဖို့ပဲ ဖိအားပေးမိနေသလား။ အားကစား ကိုတော့ မေ့ထားမိသလား။ တော်စေ၊ ထက်မြက်စေချင်တဲ့ ဖေဖေမေမေတို့ရဲ့ စိတ်ဆန္ဒတွေက ဒီလိုတွန်းအားပေးတဲ့နည်းနဲ့ ထိရောက်စေပါ့မလား။  တကယ်တော်စေ၊ တတ်စေချင်ရင် စည်းစနစ်ရှိတဲ့ လွတ်လပ်ခြင်းကို ခံစားခွင့်ပေးလိုက်ပါ။

    ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုကို အားကစားက အထောက်အကူပေးနိုင်တယ်၊ ဉာဏ်ရည်ထက်မြက်စေတယ်လို့ပြောရင် မေမေတို့ယုံကြမှာလား။ ဘယ်လိုတွေ အကျိုးကျေးဇူးရှိလဲ ဆက်ကြည့်ရအောင်။

    အားကစား လုပ်တဲ့ ကလေးတွေက –

    ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိတယ်

    အားကစားလုပ်တဲ့အခါ လှုပ်ရှားသမျှ၊ ဆုံးဖြတ်သမျှ ကိုယ်တိုင်ပဲ လုပ်ရတာမို့ ကလေးအတွက် ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်ရစေပါတယ်။ အတူကစားသူချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတယ်။ အားကစားလုပ်ရင်း သူငယ်ချင်းတွေ အများကြီးရနိုင်တယ်လေ။

    အရှုံးကို မကြောက်တော့ဘူး

    အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားတတ်တဲ့ ဇွဲအပြင် ကျရှုံးတာရှိလည်း တုန်လှုပ်မသွားဖို့ အလေ့အကျင့်ရစေပါတယ်။ အရှုံးဆိုတာ အနိုင်ရဖို့ လှေကားထစ်တွေဖြစ်တဲ့အကြောင်းကို လက်ခံပြီး ဇွဲမလျှော့တဲ့ ထက်သန်စိတ်ကို မွေးမြူနိုင်လာပါလိမ့်မယ်။

    ကြွက်သားတွေ သန်မာလာမယ်

    ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်မိနေတဲ့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့အထောက်အပံ့တွေ ရစေပါတယ်။ အားကစားလုပ်တဲ့ကလေးတွေဟာ ပိုကျန်းမာတယ်၊ ပိုကြံ့ခိုင်တယ်၊ ပိုသန်မာကြတယ်၊ ကြီးထွားဖွံ့ဖြိုးမှုလည်း ပိုမြန်တယ်။

    ကျန်းမာကြံ့ခိုင်မယ်

    အားကစားလုပ်တဲ့ကလေးက သက်လုံကောင်းမယ်၊ အမောခံနိုင်တယ်၊ ပိုကျန်းမာတယ်လို့ ပြောကြတယ်။ အမှန်ပါပဲ။ ဘာအားကစားပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးတွင်းအဆီကျမယ်၊ နှလုံးကျန်းမာရေးပိုကောင်းမယ်၊ ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်မယ်။ ကဲ အားဆေးတွေလှိမ့်တိုက်တာထက် ပိုကောင်းတဲ့အကျိုးကျေးဇူးတွေရနိုင်တယ်မဟုတ်လား။

    အသင်းအဖွဲ့လိုက် လုပ်ဆောင်တတ်လာမယ်

    ကလေးဆိုတာ ကိုယ်လိုချင်တာရဖို့လွဲပြီး ကျန်တာမတွေးတတ်တဲ့အရွယ်ပါ။ ဒါပေမယ့် ဒီအရွယ်မှာတည်းက အများနဲ့အတူအလုပ်လုပ်ဖူးပြီး အသင်းအဖွဲ့လိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို အားကစားကနေ ရနိုင်ပါတယ်။

    ပေါင်းသင်းဆက်ဆံရေး ကောင်းလာမယ်

    ဥပမာ ဘောလုံးကန်တယ်ဆိုရင် အဖွဲ့ဝင်အချင်းချင်း အပေးအယူမျှပြီး အချိတ်အဆက်ကောင်းမှသာ အနိုင်ရဖို့ ဖြစ်လာမှာပါ။ ဒီလိုဦးတည်ချက်မှာ ကြိုးစားရင်းနဲ့ ကလေးက တမင်တကာအားစိုက်ဖို့မလိုဘဲ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာမယ်၊ သူများတွေကို နားလည်တတ်လာမယ်၊ ဒီအတွေ့အကြုံတွေကနေ သူကြီးပြင်းရင့်ကျက်လာတဲ့အရွယ်ထိ အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။

    ကလေးအဝလွန်နဲ့ ဆီးချို ကာကွယ်နိုင်မယ်

    ကလေးတွေကို အစားကောင်းတွေပဲ ကျွေး၊ လိုချင်တာအကုန်ဝယ်ပေး၊ ထိခိုက်မှာစိုးပြီး မျက်စိအောက်ကအပျောက်မခံ အိမ်ထဲမှာပဲနေခိုင်းတာက ကြာလာရင် လှုပ်ရှားမှုနည်းပြီး ကလေးကိုအဝလွန်စေနိုင်ပါတယ်။

    ကလေးကြိုက်အစားအစာတွေက အချိုများတာမို့ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်မြင့်တက်မှုကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ကျော်လာပြီဆိုတာနဲ့ ကလေးတွေမှာလည်း ဆီးချိုသွေးချိုအန္တရာယ်ရှိလာနိုင်ပါတယ်နော်။

    ဒါ့ကြောင့် ကလေးတွေကို ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ပဲမထားပါနဲ့၊ ထိုက်သင့်တဲ့ အားကစား နဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ခွင့်ပေးပါ။ အဆော့မက်တဲ့ကလေး အပြစ်မတင်လိုက်ပါနဲ့လို့ မေမေတို့ကို သတိပေးလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement