backup og meta

သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

    လူတစ်ဖက်သား အဆင်ပြေပျော်ရွှင်နေတာကို လူတိုင်း မုဒိတာထားနိုင်တယ်လို့ မထင်ပါနဲ့။ တကယ်တော့ လူတိုင်း ဒီလိုမတွေးနိုင်ကြပါဘူး။ ဒါကို စိတ်ပညာမှာတော့ fear of missing out ဒါမှမဟုတ် FOMO လို့ခေါ်ပါတယ်။

    FOMO ဟာ ပုံမှန်စိတ်ခံစားချက်မျိုးလို့ ထင်မှတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ တပါးသူတွေဟာ ကိုယ့်ထက်ပိုသာနေတယ်၊ ကိုယ့်ထက်ပိုတော်နေတယ်၊ ကိုယ့်ထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ အတွေးကြီး အမြဲမပြတ်ဝင်နေတာမျိုးပေါ့။

    မြန်မာလူမျိုးတွေပြောနေကြ စကားနဲ့ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် တဖက်သားအဆင်ပြေနေတာကို မုဒိတာမပွားနိုင်ဘူးဆိုရမှာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ဒီဝေဒနာက ဘာမှမဟုတ်ဘူးလို့ ယူဆချင်စရာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သင့်ဘဝတစ်ဘဝလုံးမှာ ပျော်ရွှင်မှုတွေကို တိတ်ဆိတ်ခြောက်ကပ်သွားအောင် ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

    FOMO နဲ့ ပတ်သက်ပြီး တစ်ခုသိထားရမှာက တစ်ဖက်သားရဲ့ အဆင်ပြေနေမှုတွေကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ပြစ်တင်ဝေဖန်ရင်း စိတ်ဓာတ်ကျ၊ ပူပင်သောကပွားနေတာမျိုးပါ။ တစ်ဖက်လူကို မနာလိုမှုရှုဆိမ့်ဖြစ်ပြီး ဒုက္ခပေးလိုတဲ့ စိတ်မျိုးတော့မဟုတ်ပါဘူး။

    ဒီကနေ့ခေတ်မှာ FOMO ပြဿနာကို ပိုမိုရင်ဆိုင်လာကြရတယ်လို့ လေ့လာချက်တွေက ဆိုနေကြပြီး အဓိက အကြောင်းတရားကတော့ Facebook နဲ့ Instagram လို ဆိုရှယ်မီဒီယာတွေ ခေတ်စားလာနေတာကြောင့်ပါ။ ဆိုရှယ်မီဒီယာတွေမှာ အလှအပတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေပိုမိုချပြလာကြခြင်းနဲ့အတူ တဖက်သားအပေါ် မုဒိတာထားနိုင်စွမ်းတွေလည်း နိမ့်ပါးကျဆင်းလာနေကြတယ်လို့ ဆိုရပါလိမ့်မယ်။

    သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

    FOMO ခေတ်လား

    ဒီကနေ့ခေတ်မှာ လူငယ်အများစုဟာ သောကြာလိုနေ့မျိုးတွေမှာ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ Nightlife ကို ဖြတ်သန်းကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ဘာကြောင့် သူတို့ ဒီလိုလုပ်ကြတာလဲ။ ဒီလိုလုပ်တဲ့အတွက် သူတို့ ပျော်ရွှင်မှုရကြလို့လား။

    လေ့လာချက်တွေမှာတော့ လူငယ်တွေ သောကြာလိုနေ့မျိုးမှာ ပုံမှန် Night Out ဖို့ ကြိုးစားကြတာဟာ FOMO စိတ်အခံကြောင့်လို့ ဆိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်က လူတွေသွားရင် ကိုယ်လည်း သွားမှဖြစ်မယ်၊ မဟုတ်ရင် ကိုယ့်က ဝင်မဆံ့တာ၊ ဘောင်ပြင်ထွက်နေတာ၊ သူတို့လောက် မသုံးနိုင်တာမျိုးလို့ ထင်မြင်သွားမှာကို စိုးရိမ်ပြီး စိတ်မပါရင်တောင်မှ ခုလိုသွားဖြစ်နေကြတယ်လို့ ဆိုပါတယ်။

    ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာအရ တပါးသူတွေက ကိုယ့်ကို အထင်မကြီးမှာ၊ နှိမ်ချဆက်ဆံမှာကို အလွန်ကြောက်ရွံ့သလို၊ တပါးသူအဆင်ပြေပျော်ရွှင်နေရင်လည်း ကိုယ်က အလိုလိုစိတ်ဓာတ်ကျ စိတ်ပူပန်သောကများနေတတ်တာမျိုးပါ။

    လူတွေ FOMO အကြောင်းကို ပိုမိုသိလာတာ သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ ဒါကို ပုံမှန် လူ့သဘာဝ စိတ်ခံစားချက်တစ်ခုအသွင် မှတ်ယူခဲ့ကြဖူးပါတယ်။ ၁၉၉၆ ခုနှစ်မှာမှ ဒေါက်တာ ဒန် ဟာမန်းဆိုတဲ့ ဈေးကွက်မဟာဗျူဟာပညာရှင်တစ်ယောက်က ‘fear of missing out’ ဆိုတဲ့ နာမည်ကို စတင်မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာတွေ တခေတ်ဆန်းလာချိန်မှာတော့ FOMO ဟာ ခေါင်းနဲ့ပန်းလို တွဲလျက်သာ ဖွံ့ထွားလာခဲ့ပါတယ်။ လူအတော်များများရဲ့ အတွင်းစိတ်ထဲမှာ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ဒီစိတ်ခံစားချက်က ပိုမိုအားကောင်းလာခဲ့တယ်ဆိုပါတော့။

    သူမျာတင်တဲ့ပုံက ကိုယ့်ပုံထက် ပိုလှနေမလား၊ သူများတွေ ပိုင်တဲ့ပစ္စည်းက ကိုယ့်မှာမရှိဘူးလား၊ သူများတွေသွားတဲ့နေရာ ကိုယ်မရောက်ဖူးဘူးလား၊ သူများတွေ စားတာမျိုး ကိုယ်မစားဖူးသေးဘူးလား စသဖြင့်ပေါ့။ အတွေးတွေနဲ့ လောင်မြိုက်နေတာမျိုးပါ။

    လေ့လာချက်တွေအရ လူတွေကို fear of missing out ဖြစ်လာအောင် တွန်းပို့နေတဲ့ သက်ရောက်မှုချက် ၄ ချက်ရှိတယ်လို့ဆိုပါတယ်။ ဒါတွေကတော့

    ဆိုရှယ်မီဒီယာဆိုက်တွေ၊

    အသက်အရွယ်နဲ့ လိင်အမျိုးအစား

    လူနေမှုအဆင့်အတန်းနဲ့

    ဘဝတစ်သက်တာ ပျော်ရွှင်မှု အနည်းအများတို့ပါပဲတဲ့။

    ဒီအချက်တွေက fear of missing out ဖြစ်လာအောင် အဓိက တွန်းပို့နေတဲ့ သက်ရောက်မှုတွေလို့ဆိုပါတယ်။

    သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

    Fear of missing out ကို ဘယ်လိုကျော်ဖြတ်ကြမလဲ

    FOMO ဟာ စိတ်ဝေဒနာတစ်မျိုးဆိုတာထက် စွဲလမ်းခံစားမိနေတဲ့ စိတ်ခံစားချက်တစ်မျိုးလို့ဆိုနိုင်ပါတယ်။ ကျော်ဖြတ်အနိုင်ယူဖို့ ခက်ခဲတဲ့ စိတ်ကျန်းမာရေးပြဿနာမျိုးတော့ မဟုတ်ပါဘူး။ အတွေ့အကြုံကောင်းတွေရှိပြီး စိတ်ဓာတ်လည်းခိုင်မာမယ်ဆိုရင် ဒီခံစားချက်ဆိုးကြီးကို ကျော်ဖြတ်လို့ရပါတယ်။

    Fear of missing out ကို အဓိကဖြစ်စေတဲ့ သက်ရောက်မှု ၄ ချက်ရှိပေမယ့် အဓိကအကျဆုံး အကြောင်းတရားကတော့ မပျော်ရွှင်မှုနဲ့ မိမိကိုယ်ကို စိတ်ကျေနပ်မှုမရှိခြင်းတွေပါပဲ။ ဒါကြောင့် ဒီအကြောင်းတရား ၂ ခုကို အခြေခံပြီးတော့ပဲ FOMO ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

    အာရုံစိုက်မှုကို ပြောင်းပါ – ကိုယ့်ရဲ့ အာရုံစူးစိုက်မှုကို အရင်တုန်းက သိပ်ဂရုမစိုက်မိခဲ့တာတွေဆီကို ရွှေ့ကြည့်ပါ။ ပြောရတာလွယ်ပေမယ့် ဒီကိစ္စက အချိန်ယူရသလို ခက်လည်းနည်းနည်းတော့ ခက်ပါတယ်။ လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ဝင်စားမှုကို ပြောင်းဖို့က စိတ်ဓာတ်ခိုင်မာမှဖြစ်မှာပါ။ ဒါပေမယ့် ဒီနည်းလမ်းက သင့်ကို တဖြည်းဖြည်းနဲ့ ပျော်ရွှင်လာစေမှာပါ။

    မှတ်တမ်းတင်ပါ – ကိုယ်ဘာလုပ်တယ်၊ ဘာကိုင်တယ်၊ ဘယ်လိုနေထိုင်တယ်ဆိုတာကို ဒိုင်ယာရီပဲဖြစ်ဖြစ် ရေးပြီး မှတ်တမ်းတင်ပါ။ ဒီလိုလုပ်တာက သင့်ကို တခြားအရာတွေဆီ အာရုံရောက်တာကို လွှဲဖယ်ပေးမှာဖြစ်ပြီး ပျော်ဖို့လည်းကောင်းပါတယ်။ ဖြစ်နိုင်ရင် အွန်လိုင်း Application တွေထက် စာအုပ်ကိုသုံးတာက ပိုကောင်းတဲ့ နည်းလမ်းလို့ အကြံပေးချင်ပါတယ်။

    တကယ့် ဆက်နွယ်မှုကို ရှာပါ – ကိုယ်ချစ်သူ ခင်သူတွေကို ပိုအာရုံထား ဆက်ဆံပြီး တကယ်မရင်းနှီးသူတွေနဲ့ ဟန်လုပ်ပေါင်းနေရတာတွေကို လျှော့ချသင့်ပါတယ်။ ဒီအချက်က သင့်ကို တဖက်လူနဲ မိမိကိုယ်ကို နှိုင်းယှဉ်လွန်နေတဲ့ အကျင့်ကို လျော့ပါးသွားစေပါလိမ့်မယ်။

    ရိုးသားပါ – ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောဆိုကြည့်ပါ။ အရာရာကို မပွင့်တပွင့်နဲ့ စိတ်မလုံခြုံသလိုခံစားမနေပဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွနေကြည့်ပါ။ ပွင့်ပွင့်လင်းလင်းနေထိုင်တာက စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

    အင်တာနက်သုံးတာ လျှော့ပါ – ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာတွေ၊ အင်တာနက်တွေ၊ ဖုန်းတွေ သုံးတာကို လျှော့ချပစ်ပါ။ တတ်နိုင်ရင် မသုံးပဲနေကြည့်ပါ။ အဲ့ဒီအစား ဝါသနာပါရာကို ပြုလုပ်တာမျိုး၊ စာအုပ်တာမျိုးအပြုအမူတွေနဲ့ အစားထိုးပါ။ ဒီအချက်ကလည်း သင့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီး ကောင်းမွန်စေမှာပါ။

    FOMO ဖြစ်ရတာဟာ တကယ်တမ်းမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးပြီး တဖက်သားနဲ့ အမြဲနှိုင်းယှဉ်နေမိလို့ပါ။ လူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပြီးတော့ လူတိုင်းမှာလည်း အားနည်းချက်တွေရှိပါတယ်။ လူတိုင်းဟာ မပြည့်စုံနိုင်ပါဘူး။ ကိုယ်တစ်ယောက်တည်း မပြည့်စုံတာမဟုတ်တာကို သိနားလည်ထားစေချင်ပါတယ်။

    သင်ဟာ သင်ပါပဲ။ သင်နဲ့ ဘယ်သူမှ မတူပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီး ဘဝမှာ ပျော်ရွှင်စွာနေနိုင်ဖို့ကိုသာ အာရုံစိုက်ထားပါ။ တခြားသူတွေနဲ့ နှိုင်းယှဉ်မနေပဲ ကိုယ်ကိုယ်ကိုသာ ယှဉ်ပြိုင်ပြီး တိုးတက်အောင် နေထိုင်သွားဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement