နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ
ဒီလို စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။
ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီး Selfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။
ယျေဘယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။ ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း လုပ်ကြတာပါပဲ။ အရေအတွက် အနည်းငယ်သာ နည်းပါးတာပါ။
ဒီလို နေရာတကာ Selfie ဆွဲနေတဲ့သူတွေကို Selfitis လို့ခေါ်ပါတယ်။ Selfie ပုံလေးတွေ အမျိုးမျိုးရိုက်ပြီးရင် Instagram ၊ Facebook ၊ Snapchat ၊ Twitter စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်တင်ကြပါတော့မယ်။
အကြမ်းဖျဉ်းအားဖြင့် Selfie ဓာတ်ပုံတွေ ရိုက်ကူးနေတာဟာ လှချင်လို့၊ ဆိုရှယ်မီဒီယာတွေပေါ်တင်ချင်တာကြောင့်လို့ ဆိုလို့ရပေမယ့် တကယ်တမ်း သတိထားကြည့်မယ်ဆိုရင် ကိုယ်ဘာကြောင့် Selfie ရိုက်နေတယ်ဆိုတာကို သတိမထားမိကြတာများပါတယ်။ ရိုက်နေကြမို့ စွဲလမ်းသွားရင်း ရောက်လေရာအရပ်မှာ Selfie တွေ ဆက်တိုက်ဆွဲနေမိတော့တာမျိုးပေါ့။
ဘယ်လောက်ပြင်းထန်တဲ့ Selfie Syndrome မျိုးခံစားနေရသလဲ
American Psychiatric Association ကတော့ တစ်နေ့ကို Selfie ပုံ ၃ ပုံထက်ပိုရိုက်မိနေသူတွေကို သာမန်အခြေအနေလို့ မသတ်မှတ်ပါဘူး။ ဒါ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေတဲ့ အနေအထားမျိုးလို့ ဆိုပါတယ်။ တစ်ချို့ စိတ်ကျန်းမာရေးပညာရှင်တွေကတော့ ဒီလိုစွဲလမ်းမှုမျိုးကို Selfie Syndrome လို့ ခေါ်ကြပါတယ်။
တချို့တွေက Obsessive Selfie-Taking လို့ သုံးနှုန်းကြတာမျိုးလည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာတော့ Digital Narcissism (ဒစ်ဂျစ်တယ် အတ္တပေမဝါဒ) လို့လည်း ခေါ်ဆိုကြပါသေးတယ်။
Selfie Syndrome ဆိုတဲ့ အမည်က လူသိနည်းလှပေမယ့် သေချာလေ့လာကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ Selfie ရိုက်ရတာကို အနုစားစွဲလမ်းနေသူတွေချည်းတင် လူပေါင်း သန်းရာချီရှိနေတာပါ။ ဒီလောက်ဆို Selfie Syndrome ရဲ့ ကျယ်ပြန့်မှုကို မြင်နိုင်မယ်ထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။