backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘဲခြေထောက်လို စိတ်ဝေဒနာကို ဘယ်လို ရင်ဆိုင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 28/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘဲခြေထောက်လို စိတ်ဝေဒနာကို ဘယ်လို ရင်ဆိုင်ကြမလဲ

လူ့ဘဝမှာ တစ်ခါတစ်လေတော့ ကြုံဖူးကြမယ်ထင်ပါတယ်။ အပြင်ပန်းအရ ကိုယ်က အရာရာ အဆင်ပြေနေပေမယ့် ရင်ထဲမှာ လူမသိ သူမသိ သောကတွေ၊ ဗျာပါဒတွေ၊ အပူမီးတွေ ပြည့်နှက်နေပြီး ဘယ်သူ့ကိုမှ ရင်ဖွင့်စရာမရှိပဲ တစ်ယောက်တည်း ကြိတ်မှိတ် တင်းခံနေရတဲ့ စိတ်ခံစားချက်မျိုး။

လူတွေ အထင်ကြီးလေးစားလောက်ဖွယ်ဘဝမျိုးမှာ ရပ်တည်ရှင်သန်နေရတာကြောင့် ကိုယ့်ရဲ့ စိတ်ပူပင်သောက အစစ်အမှန်ကို လူတွေက မသိကြတော့ပဲ ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာမျိုး။

သက်ရှိလူသားတွေရဲ့ သဘောသဘာဝကိုက Social Media တွေ၊ လူမြင်ကွင်းတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာ ကိုယ့်တစ်ဦးချင်းစီရဲ့ ပျော်ရွှင်နေတဲ့၊ အဆင်ပြေနေတဲ့ အပြင်ပန်းအသွင်သဏ္ဍာန် တစ်မျိုးကိုသာ ပြသချင်တတ်ကြပြီး အဆင်မပြေလာတာတွေကို ဖုံးကွယ်ကာ အထင်ကြီးမှု၊ လေးစားမှုတွေကိုပဲ တောင့်တတတ်ကြတာမဟုတ်လား။

ဒီလိုဆန္ဒ၊ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကာလရှည်ကြာ ခံစားလာရပြီးတဲ့နောက်မှာ လက်ရှိအသိုက်အမြုံကို နေပျော်ဖွယ် နေရာတစ်ခုအဖြစ် မခံစားရတော့တာ၊ ဘဝကို လက်လျှော့အရှုံးပေးဖို့ တွေးတောမိလာတာတွေ ကြုံဆုံနေရတတ်ပါတယ်။ ဒီလိုတွေ တွေးထင်မိလာနေပြီဆိုရင် ကိုယ့်မှာ Duck Syndrome ဆိုတဲ့ စိတ်ဝေဒနာတစ်မျိုး စွဲကပ်နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။

ဘဲခြေထောက်လို စိတ်ဝေဒနာ

“Duck Syndrome” ဆိုတဲ့ အမည်ကို နာမည်ကျော် စတန်းဖို့ဒ် တက္ကသိုလ် (Stanford University) က ပညာရှင်တွေက မှည့်ခေါ်ခဲ့ကြတာပါ။ ဒီဝေဒနာရဲ့ သဘောသဘာဝက ဘဲတွေ ရေထဲမှာ ရှင်သန်နေထိုင်ပုံနဲ့ ဆင်တူနေတာကြောင့် Duck Syndrome လို့ ခေါ်တာလို့ ဆိုပါတယ်။

ဘဲ သတ္တဝါတွေ ရေပြင်ထက်မှာ တည်ငြိမ်စွာရွေ့လျားသွားလာနေတယ်လို့ ထင်မြင်ယူဆစရာရှိပေမယ့် တကယ်တမ်း ရေအောက်မှာရှိနေတဲ့ သူတို့ရဲ့ ခြေချောင်းတွေနဲ့ ရေယက်တွေဟာ အင်အားအကုန်သုံးပြီး အပြင်းအထန် ရုန်းကန်ကူးခတ်နေရတာဖြစ်ပါတယ်။

Duck Syndrome ဟာလည်း ဒီသဘောသဘာဝမျိုးပဲဖြစ်ပါတယ်။ ပြင်ပလူနေမှုဘဝမှာ တည်ငြိမ်နေသယောင် ထင်မှတ်မှားစရာရှိနေပေမယ့် တကယ်တမ်း ရင်ထဲမှာတော့ ပူပင်မှုနဲ့ သောကပေါင်းမြောက်များစွာ စုပြုံပြွတ်သိပ်နေပြီး အတွင်းစိတ်က အဲ့ဒီဒါဏ်တွေကို ကြိတ်မှိတ်ခံစားနေရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

အောင်မြင်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေ၊ အဆင်ပြေတဲ့သူတွေကနေစလို့ သာမန်လူတွေနဲ့ ဘဝမှာ ရုန်းကန်နေရသူတွေအထိ သူတို့ဘဝတွေကို အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတယ်လို့ ထင်မြင်တာမျိုးပဲ အလိုရှိတတ်ကြပါတယ်။

အတ္တကြီးတဲ့ မိဘတွေ သားသမီးတွေ အောင်မြင်နေတာကို မြင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိအားပေးလွန်းတဲ့ အခါ သားသမီးဖြစ်သူတွေဟာ မလိမ်သင့်ပဲ လိမ်တတ်၊ မညာသင့်ပဲညာတတ်ပြီး စိတ်ဖိစီးလာတာမျိုးကလည်း ဒီပြဿနာမျိုးပေါ့။

တကယ်တော့ သက်ရှိရယ်လို့ ဖြစ်လာပြီဆိုကတည်းက လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ ရုန်းကန်လှုပ်ရှားကြရတာချည်းပါပဲ။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ကိုယ်တိုင်က သူတို့ရဲ့ အဆင်ပြေနေတဲ့ တစ်မျက်နှာကိုပဲမြင်နေရပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ တစ်မျက်နှာကို မမြင်ကြတာ (ဒါမှမဟုတ်) ကာယကံရှင်တွေကိုယ်တိုင်ကိုက မမြင်အောင် ဖုံးကွယ်ထားတာတွေ ရှိလာပါတယ်။

လူတော်တော်များများက သူတို့ရဲ့ အဆင်မပြေမှုတွေ၊ ရုန်းကန်လှုပ်ရှားနေရတာတွေကို ချုပ်တည်းထားကြပြီး ကာလအတန်ကြာ ဖိသိပ်ထိမ်းချုပ်ထားကြလေ့ရှိပါတယ်။ ကြာလာလေလေ စိတ်ထိခိုက်နာကျင်စရာတွေ၊ စိတ်ပင်ပန်းမှုတွေက ထုထည်ကြီးလာလေလေဖြစ်ပြီး စိတ်ဒဏ်ရာဖြစ်လာပါတယ်။

လူ့သဘာဝအရကို ရှင်သန်ရပ်တည်ခြင်းမှာ အနိမ့်အမြင့်၊ အတက်အကျဆိုတာရှိစမြဲပါ။ အောင်မြင်မယ်၊ ကျရှုံးမယ်။ ဒါတွေက သဘာဝတရားပါပဲ။ အတင်းဖန်တီးယူလို့မရသလို ချုပ်တည်းထားလို့လည်းမရပါဘူး။ ဒါပေမယ့် ဒီလောကနိယာမကို ထိန်းချုပ်ဖို့ သွေဖယ်ဖို့ ကြိုးစားမိလာရင်း ကြာလာတဲ့အခါ စိတ်ဝေဒနာဖြစ်လာပါတော့တယ်။

Duck Syndrome ရဲ့ လက္ခဏာများ

လူတိုင်းမှာ စိတ်ဖိစီးမှု အမျိုးမျိုးရှိတတ်ပါတယ်။ များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦးမတူညီတတ်ပါဘူး။ တချို့လူတွေက အလွယ်တကူထိန်းချုပ်လို့ရနိုင်ပြီးတော့ တချို့တွေအတွက်တော့ ခက်ခဲတတ်ပါတယ်။

Duck Syndrome ကြောင့် စိတ်ဖိစီးမှုတွေများလာပြီဆိုရင် ခေါင်းကိုက်တာတွေ၊ အိပ်မပျော်တာတွေ၊ စိတ်ရှုပ်ထွေးတာတွေ၊ အာရုံစူးစိုက်လို့မရတာတွေ၊ မကြာခန စိတ်တိုတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့သော သုတေသနပြုချက်တွေအရဆိုရင် အလွန်အကျွံစားသုံးတာ၊ ဒါမှမဟုတ် လုံးဝမစားတာမျိုးတွေဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။

ကိုယ်ဖိနှိမ်ပြွတ်သိပ်ထားတဲ့ စိတ်ဖိစီးမှု ပမာဏက အလွန်အမင်း အန္တရာယ်ရှိလောက်အောင် ထုထည်ကြီးမားနေမယ်ဆိုရင် တက်ကြွမှုပျောက်ဆုံးသွားမှာဖြစ်ပြီးတော့ စိတ်ရောလူပါ ပင်ပန်းချိုးညှုံးလာတာမျိုးတွေပါ ခံစားလာရမှာပါ။

ဒီလိုတွေ ခံစားလာရပြီးနောက်ပိုင်းတွေမှာတော့ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေအောင် ပြုလုပ်တာတွေ၊ ဘဝကိုလက်လျှော့ အဆုံးစီရင်ဖို့ ကြိုးပမ်းတာတွေ ပြုလုပ်လာနိုင်တာမို့ Duck Syndrome ဟာ အန္တရာယ်များတဲ့ စိတ်ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခံထားရပါတယ်။

ဘယ်လို သက်သာစေမလဲ

ဒီရောဂါကို သက်သာစေဖို့အတွက်ဆိုရင် မဖြစ်ခင်က ကြိုတင်တားဆီးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ ပူပင်သောကတွေ၊ စိတ်ဓာတ်ကျနေတာတွေကို ထိန်းချုပ်ဖိနှိပ်မထားပဲ သက်သာလျော့ပါးအောင် ပြုမူပြီး ရှင်သန်နေထိုင်ရဖို့ လိုအပ်ပါတယ်။

ဘဝမှာ စစ်မှန်စွာ နေတိုင်တာ၊ ရိုးသားစွာ နေထိုင်တာ၊ ပျော်ရွှင်စွာ နေထိုင်တာ၊ ရိုးရှင်းစွာ နေထိုင်တာ၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာနေထိုင်တာက ဒီဝေဒနာဆိုးကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှု အစစ်အမှန်ကို မကြောက်ရွံ့ပါနဲ့၊ မရှက်ရွံ့ပါနဲ့။ လူတိုင်းဟာ ကိုယ့်လိုပဲ ရုန်းကန်နေရသူတွေဖြစ်တယ်ဆိုတာကို နားလည်ထားပါ။ ဒါဆိုရင် Duck Syndrome ဆိုတဲ့ စိတ်ဝေဒနာဆိုးကြီး ကိုယ့်ဆီ ရောက်မလာအောင် တားဆီးနိုင်ပါပြီ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 28/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement