backup og meta

လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

    လက်ရှိစစ်တမ်းကောက်ယူချက်အရ လုံးဝမအိပ်ဘဲ အကြာဆုံး အသက်ရှင်နိုင်တာ ၂၆၄ နာရီ တစ်နည်းအားဖြင့် ၁၁ရက် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အိပ်စက်ခြင်းဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီတော့ တစ်ရက်လောက် မအိပ်ဘဲနေလိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အားလုံး တဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့ အသေအချာပါပဲ။ ခံနိုင်ရည်အားထက် ကျော်လွန်သွားတဲ့အခါ လုံးဝမအိပ်တဲ့ လူတစ်ယောက်ဟာလည်း အသက်သေဆုံးနိုင်ခြေ ရှိပါတယ်။

    ၂၄ နာရီ လုံးဝမအိပ်တဲ့အခါ

    အလုပ်များတဲ့ လူတစ်ယောက် တစ်ရက်တစ်လေ အိပ်ဖို့ ပျက်ကွက်တတ်တာ အဖြစ်များတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီ တစ်ရက်ဆိုတဲ့ အချိန်မှာ မအိပ်ဘဲနေလိုက်လို့ ကြီးကြီးမားမား ပြဿနာမရှိသေးဘူးဆိုပေမဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးက စတင်ဆုတ်ယုတ်လာမှာကို သတိထားဖို့ လိုပါတယ်။ ဒီလိုဆုတ်ယုတ်လာတာကို ပြနေတဲ့ လက္ခဏာတွေကတော့

    • အိပ်ငိုက်မယ်
    • စိတ်ကသိကအောက်ဖြစ်မယ်
    • စိတ်ဆိုးဒေါသထွက်လွယ်မယ်
    • ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းသွားမယ်
    • အမြင်တွေ ပြောင်းလဲလာမယ်
    • မှတ်ဉာဏ်တွေ အားနည်းပြီး သတိမေ့လာမယ်
    • အမြင်နဲ့ အကြားအာရုံ ချို့ယွင်းလာမယ်
    • ကြွက်သားတွေ တောင့်တင်းလာမယ်
    • အသားတွေ တဆတ်ဆတ် တုန်လာမှာ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေဟာ သိပ်ပြင်းထန်လေ့ မရှိတဲ့အပြင် ၂၄နာရီပြီးလို့ ပြန်အိပ်ပြီးသွားတဲ့အခါ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။

    ၃၆ နာရီ မအိပ်ဘဲနေမယ်ဆိုရင်

    တစ်ရက်ထက်ပိုပြီး မအိပ်ဘဲနေတဲ့အခါ ကိုယ်ခန္ဓာက ကော်တီဆောဟော်မုန်း၊ အင်ဆူလင်ဟော်မုန်း၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်နိုင်စွမ်း နည်းသွားပါတယ်။ ဒါ့အပြင် တခြားလက္ခဏာတွေအနေနဲ့

    • ခံတွင်းပျက်တာ
    • အဆီအဆိမ့်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ပိုစားချင်လာတာ
    • ဇီဝကမ္မဖြစ်စဉ် ကမောက်ကမ ဖြစ်သွားတာ
    • ကိုယ်တွင်းအပူချိန် နိမ့်လိုက်၊ မြင့်လိုက်ဖြစ်တာ
    • စိတ်ခံစားချက် အပြောင်းအလဲမြန်တာ
    • စိတ်ဖိစီးမှုက ပိုပြင်းထန်လာတာ
    • အလွန်အမင်း မောဟိုက်လာတာ
    • ဟော်မုန်းမျှခြေ မတည်ငြိမ်တော့တာ
    • ကိုယ်ခန္ဓာကြွက်သားတွေကို သယ်လှုပ်ချင်စိတ်မရှိတော့လောက်အောင် ညောင်းကိုက်လာတာ
    • လူက သက်သောင့်သက်သာ မဖြစ်တာ
    • အာရုံစူးစိုက်လို့ မရတော့တာ
    • စကားပြောတဲ့အခါ ကိုယ်ဘာပြောနေမှန်း မမှတ်မိတာ
    • စကားလုံးတွေ မသဲကွဲတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

    ၄၈ နာရီမအိပ်ဘဲ နေလိုက်တဲ့အခါ

    ၂ရက်လောက် လုံးဝမအိပ်ဘဲနေတဲ့ လူတစ်ယောက်မှာ ထပ်မအိပ်ဘဲ နေရလောက်အောင် ခွန်အားမရှိတော့ဘဲ လူကတော်တော်လေး ပျော့ခွေနေပါပြီ။ အလုပ်လုပ်နေရင်းနဲ့ စက္ကန့် ၃၀ လောက် သတိမထားမိဘဲ အိပ်ပျော်သွားတတ်ပြီး အဲ့လိုခဏလေး အိပ်နေချိန်မှာ ဦးနှောက်ဟာ လုံးဝအလုပ်မလုပ်ဘဲ ရပ်တန့်သွားပါတယ်။ ဒီလိုအိပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်က တည်ငြိမ်နေတာမျိုး မဟုတ်ဘဲ လှုပ်ရှားနေမှာပါ။

    ဒါ့အပြင် ၄၈ နာရီလုံး အိပ်စက်အနားယူခြင်း မရှိတဲ့အခါ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး လူကိုဖျားနာစေတယ်။ ကိုယ်ခံအားထဲမှာ နဂိုဝင်နေတဲ့ ရောဂါပိုးတွေက လူကို စတင်တိုက်ခိုက်ပြီး ဝေဒနာပိုပြင်းထန်စေနိုင်ပါတယ်။ အပြင်ကနေ ဝင်လာတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကိုလည်း ကာကွယ်တိုက်ထုတ်နိုင်စွမ်း နည်းသွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုလွယ်လာပါတယ်။

    ၇၂ နာရီ အိပ်စက်အနားယူမှု မရှိခြင်း

    ၃ရက်ကြာ မအိပ်ဘဲ နေလိုက်တဲ့ လူတစ်ယောက်က အိပ်စက်အနားယူဖို့ကို စိတ်ရော ခန္ဓာက ပြင်းပြင်းထန်ထန် အချက်ပြနေပါပြီ။ ဒီအချိန်မှာ လူက ကိစ္စတော်တော်များများကို မမှတ်မိတာ၊ သေချာအာရုံစိုက်ပြီး စဉ်းစားလို့ မရတော့တာအပြင် အလုပ်လုပ်တဲ့အခါမှာလည်း စွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွား ကျဆင်းစေနိုင်ပါတယ်။

    စိတ်က အလိုလိုနေရင်း ခြောက်ခြားနေပြီး စိတ်ခံစားချက်အပြောင်းအလဲ မြန်တာ၊ ဘာကိုမှ တွေးလို့မရဘဲ ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေတာ၊ စိုးရိမ်ပူပန်စိတ်တွေ ဝင်လာတာ၊ စိတ်ကျရောဂါအပြင် စိတ်ကယောင်ခြောက်ခြားဖြစ်တာ၊ ပျော်ရွှင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း အမူအရာတွေကိုတောင် မခွဲခြားတတ်တော့တာ၊ စိတ်ထင်ယောင်ထင်မှားဖြစ်တာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    မအိပ်ဘဲနေတာ ၃ရက်ကျော်သွားပြီဆိုရင်

    ၇၂နာရီထက် ကျော်လွန်လာတဲ့အခါ နဂိုရှိနေတဲ့ အိပ်ရေးပျက်လက္ခဏာတွေက ပိုဆိုးလာမှာဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာ၊ စိတ်ပုံမှန်မဟုတ်တော့တာ၊ ဘာကိုမှ သေချာအာရုံစိုက်တွေးလို့ မရတော့တာ၊ အားအင်မရှိတော့ဘဲ ပျော့ခွေပြီး အိပ်ရာထဲလဲသွားတာအပြင် ဦးနှောက်အလုပ်လုပ်တာ လုံးဝရပ်သွားပြီး အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်က အစာအာဟာရကို သေချာဂရုစိုက်ပြီး စားတဲ့သူဆိုရင် အိပ်ရေးပျက်လက္ခဏာဟာ သိပ်ပြီး ပြင်းထန်မှာ မဟုတ်ပေမဲ့ ကိုယ်ခန္ဓာအတွက် အိပ်ချိန်ဟာ မရှိမဖြစ်လိုအပ်တဲ့အရာမို့ အနှေးနဲ့ အမြန်တော့ ကျန်းမာရေးထိခိုက်လာမှာ အသေအချာပါပဲ။

    ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အိပ်ချိန်ကို ဂရုစိုက်ဖို့နဲ့ ဘယ်လောက်ပဲ အလုပ်များနေပါစေ မအိပ်ဘဲ မနေဖို့ ဂရုစိုက်ပါ။ ညဘက်မှာ အိပ်ချိန် ၈နာရီ အနည်းဆုံး ရှိအောင် အိပ်စက်အနားယူပါ။ တစ်ရက်တစ်လေက ပြဿနာမဟုတ်ပေမဲ့ နေ့စဉ်ရက်ဆက်ဆိုရင်တော့ လူ့ခန္ဓာကိုယ်က ထိခိုက်လာမယ့်အပြင် နောက်ဆက်တွဲ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ စိတ်ရောဂါအပြင် အဝလွန်တာ၊ ပိန်ချုံးကျသွားတာ၊ ရုတ်တရက် သတိလစ်တာတွေပါ ဖြစ်နိုင်တာမို့ မပေါ့ဆဖို့ အကြံပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement