backup og meta

Screen Timeကို လျှော့ချပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Screen Timeကို လျှော့ချပါ

    ယနေ့ခေတ်မှာ လူတိုင်းရဲ့ တစ်နေ့တာ အချိန်မှာ Screen Time က မပါမဖြစ်နော်။ အလုပ်လုပ်တာဖြစ်ဖြစ်၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာတွေ လုပ်နေတာကြောင့် စခရင်မ်တွေကို ကြည့်ဖြစ်တဲ့ အချိန်က တော်တော်လေးများနေတယ် ဆိုရပါမယ်။ Screen Time ဆိုတဲ့နေရာမှာ ဒါ​တွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Screen Time ဆိုတဲ့ထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ ဂိမ်းဆော့တဲ့ ကိရိယာတွေ၊ iPads စတာတွေ ပါဝင်နေတာပါ။ ဒါတွေသုံးတာက စိတ်အပန်း‌ပြေစေပေမဲ့ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်နိုင်တာကြောင့် Screen Timeကို လျှော့ချပါ လို့ အကြံပြုချင်ပါတယ်။

    Screen Time များတာက ဘာတွေများ ဖြစ်စေနိုင်လို့လဲ……

    Screen Time များတာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပမယ့် သေချာ စဉ်းစားကြည့်ရင် Screen Time ဆိုတဲ့ ကာလမှာ လှုပ်ရှားမှု လုံးဝမရှိတာကတော့ အသေအချာပါ။ ဒါ​ကြောင့် အမြဲလိုလို Screen Time မယ်ဆိုရင်တော့

    • ကိုယ်လက်လှုပ်ရှားမှုနည်းတာ
    • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်တာ
    • အဝလွန်တာ
    • သွေးတိုး
    • ဆီးချို
    • စိတ်ဓာတ်ကျတာ
    • အိပ်မပျော်တာ
    • အသားအရေ ထိခိုက်တာ
    • မျက်လုံးထိခိုက်တာ
    • ဇက်ကြောတက်တာ
    • ပေါင်းသင်းဆက်ဆံရေး အားနည်းလာတာ စတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် Screen Timeကို လျှော့ချပါ လို့ ပြောရတာပါ။

    Screen Time ကို လျှော့ချတဲ့အခါ ဘာတွေများ အကျိုးထူးလာမလဲ

    Screen Time ကို လျှော့ချလိုက်တဲ့အခါ တစ်နေ့တာမှာ အချိန်ပိုတွေ အများကြီး ထွက်လာနိုင်ပါတယ်။

    • ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်မယ်
    • အဝလွန်နိုင်ခြေ နည်းသွားတယ်
    • အသစ်အသစ်သော အလုပ်တွေကို လုပ်ကိုင်ဖြစ်မယ်
    • စိတ်ခံစားမှု ကောင်းမယ်
    • ပေါင်းသင်းဆက်ဆံရေး ကောင်းမယ်
    • အသစ်အဆန်းတွေ တီထွင်လာနိုင်မယ်
    • မိသားစုကို အချိန် ပိုပေးလာနိုင်မယ်
    • အသစ်အသစ်သော ပညာရပ်တွေကို သင်ယူလာနိုင်မယ်။

    တစ်နေ့တာရဲ့ Screen Timeက ဘယ်လောက်တဲ့လဲ……..

    အခုခေတ်မှာ လူတော်တော်များများက သူတို့ တစ်နေ့တာ အချိန်ရဲ့ ၇ နာရီကနေ ၁၀ နာရီလောက်အထိကို screen time အတွက် အသုံးပြုနေကြတာပါ။ တကယ်ကတော့ ဒီ ပမာဏက များလွန်းပါတယ်။ screen time က

  • အသက် ၂ နှစ်ကနေ ၁၂ အထိ ဆိုရင် တစ်နေ့ကို ၁ နာရီ (ကလေးငယ်လေလေ Screen timeကို လျှော့သင့်လေလေပါ။)
  • ဆယ်ကျော်သက်တွေအတွက်က တစ်နေ့ကို ၂ နာရီ
  • အရွယ်ရောက်ပြီးသူတွေလည်း တစ်နေ့ကို ၂ နာရီပဲ သုံးသင့်ပါတယ်။
  • အလုပ်သဘောအရ လိုအပ်လို့ သုံးမယ်ဆိုရင် တောက်လျှောက်သုံးနေတာက အဆင်မပြေပါဘူး။ ခဏတဖြုတ် လမ်းလျှောက်တာ၊ ရေထသောက်တာမျိုး၊ အဝေးကို လှမ်းကြည့်တာမျိုး လုပ်ပေးပါ။
  • Screen Timeကို ဘယ်လိုလျှော့မလဲ…….

    လူတော်တော်များများရဲ့ Screen Timeက ဖုန်းကြောင့် အသုံးများနေရတာပါ။ ဒီတော့ Screen Time ကိုလျှော့ချဖို့ဆိုရင်

    ဖုန်းနဲ့ နှိုးစက်မလုပ်ပါနဲ့

    မနက်အိပ်ရာထဖို့ ဖုန်းနဲ့ Alarm ပေးထားတဲ့အခါ အိပ်ရာထရင် Alarm ပိတ်ဖို့ ဖုန်းကို ကိုင်ရတယ်။ ဒီကနေတဆင့် အိပ်ရာ ထထချင်းမှာ Screen Time စလုပ်တော့တယ်။ ဒါ​ကြောင့် Screen Time ကိုလျှော့ချင်တယ်ဆိုရင် မနက်အိပ်ရာထ Alarm ပေးတာကို ဖုန်းနဲ့ မလုပ်ဘဲ နှိုးစက်ကိုပဲ သုံးပါ။

    သူငယ်ချင်းတွေနဲ့ အပြင်သွားပါ

    Screen Time လျှော့ချဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အပြင်သွားတာ၊ မုန့်စားတာမျိုး လုပ်ပေးပါ။ ဒီလို သွားနေချိန်မှာ ဖုန်းကိုင်ပြီး ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ် သုံးတာတွေ မလုပ်ပါနဲ့။

    ညအိပ်ချိန်မှာ ဖုန်းကို ဝေးဝေးထားပါ

    မအိပ်မချင်း ဖုန်းသုံးနေတာမျိုး မလုပ်ပါနဲ့။ အိပ်ချိန်ကို အတိအကျ သတ်မှတ်လို့ အိပ်ဖို့ နာရီဝက်လောက် အလိုကတည်းက ဖုန်းကို ခပ်ဝေးဝေးမှာ ထားပါ။ အရေးတကြီး ဖုန်းဆက်စရာ မလိုအပ်ဘူးဆိုရင် ဖုန်းပိတ်ထားလိုက်ပါ။

    Screen Time ကို ကန့်သတ်ပါ

    Screen Time ကို တစ်နေ့မှာ ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး ကန့်သတ်ပါ။ လုံးဝမသုံးတာမျိုး မဟုတ်ဘဲ အချိန်ကို ကန့်သတ်ဖို့ပါ။ တစ်ချိန်လုံး ဖုန်းသုံးတာ၊ ဂိမ်းဆော့တာက ရေရှည်မှာ စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပါ

    တစ်နေ့တာရဲ့ အချိန်တွေထဲက ၁၅ မိနစ် နာရီဝက်လောက်ကို လေ့ကျင့်ခန်း လုပ်ပြီး Screen Time ကို လျှော့ချပါ။ ဒါက အဝလွန်တာ နဲ့ လှုပ်ရှားမှု နည်းတာ​ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာရောက်သလို စိတ်ကျန်းမာရေး ကောင်းစေဖို့လည်း အားဖြည့်ရာ ရောက်ပါတယ်။

    မိသားစုနဲ့ အချိန်ဖြုန်းပါ

    မိသားစုနဲ့ အတူတူ ကစားလို့ရတဲ့ ဂိမ်းလေးတွေဖြစ်တဲ့ မိုနိုပိုလီဆော့တာ၊ ပဟေဠိ ဖွက်တာ၊ မုန့်လုပ်စားတာ၊ ထမင်းလက်ဆုံစားတာမျိုးတွေ လုပ်ပြီး အချိန်ဖြုန်းပါ။ ဒါကလည်း Screen Time ကို လျှော့ချဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

    ဖုန်းကင်းမဲ့ဇုန် ဖန်တီးပါ

    စာ​ကြည့်ခန်းလိုနေရာမှာ ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာတွေကို မထားဘဲ စာအုပ်ပဲ ထားပြီး စာဖတ်တာမျိုး လုပ်ပါ။ ဒီစာဖတ်နေချိန်ကလည်း သင့်ရဲ့ Screen Time ကို လျှော့ချဖို့ အကူအညီပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement