backup og meta

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

    အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေတဲ့ သူတွေတိုင်း ဇိမ်ကျပြီး အရမ်း သက်သာမှာပဲလို့ ထင်တတ်ကြပေမယ့် အဲ့လို အလုပ်လုပ်နေရတဲ့ သူတွေမှာလည်း ကြုံရတတ်တဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် လူက အဝလွန်လာတာ၊ အဆီ၊ ကယ်လိုရီတွေ လောင်ကျွမ်းနှုန်း နှေးသွားတာ၊ မြန်မြန် အိုမင်းရင့်ရော်လာတာ၊ အသားခြောက်တာ၊ သွေးတိုး၊ ဆီးချို ဖြစ်တာတွေအပြင် မျက်လုံးအောင့်၊ မျက်ရိုးကိုက်တာ၊ ညဘက်ဆိုရင် တစ်နေ့လုံး ကွန်ပျူတာ ကြည့်ထားတဲ့ အရှိန်ကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်တာ၊ ဇက်ကြောတက်တာ စတဲ့ ကျန်းမာရေး ပြဿနာ အမျိုးမျိုး ကြုံရပါတယ်။

    ဒီလို အခက်အခဲမျိုးကတော့ မလွဲမသွေ ကြုံရမှာပဲဆိုပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို အနည်းငယ် ပြင်ဆင်ခြင်းဖြင့် တချို့သော ပြဿနာတွေကို ကာကွယ်ပေးရာ ရောက်သလို ဖြစ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာ အနည်းငယ် လျော့ကျအောင် ကူညီပေးနိုင်မှာပါ။ ဒီဆောင်းပါးမှာတော့ တစ်နေ့လုံး ကွန်ပျူတာ ကြည့်ပြီး အလုပ်လုပ်နေသူတွေ အတွက်သာမက အိမ်မှာပဲ တစ်နေကုန် ဖုန်းသုံးနေတဲ့ လူငယ်တွေအတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ချင်ပါတယ်။

    ၁။ မျက်လုံးနဲ့ ကွန်ပျူတာ ခပ်ဝေးဝေးမှာ ရှိနေပါစေ။

    အရမ်းကြီး နီးကပ်ပြီး အာရုံစိုက်ကြည့်တဲ့အခါ ကွန်ပျူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးထဲကို အများကြီး ဝင်ရောက်သွားပြီး မျက်လုံးရဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပဲ ကြည့်ကြည့်၊ ဖုန်းပဲ သုံးသုံး အနည်းဆုံး တစ်ပေမှ နှစ်ပေအကွာကနေ ခွာပြီး အသုံးပြုပေးရပါမယ်။

    ၂။ မျက်စဉ်းခတ်ပါ။

    ကွန်ပျူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးအတွင်းသားထဲက ရေဓာတ်၊ အဆီဓာတ်တွေကို ခန်းခြောက်သွားစေလို့ မျက်ရိုးအောင့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒီလို မဖြစ်ရဖို့ တစ်နေ့ကို တစ်ကြိမ်တော့ မျက်စဉ်းခတ်ပေးဖို့ လိုပါတယ်။ ညအိပ်ချိန်ကတော့ မျက်စဉ်းခတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

    ၃။ မျက်မှန်တပ်ဖို့ မရှက်ပါနဲ့။

    မျက်စိက မှုန်နေတယ်၊ ပါဝါကလည်း တိုးနေတယ်ဆိုရင် ကိုယ့်ပါဝါအလိုက် သင့်လျော်တဲ့ မျက်မှန်ကို တပ်ပါ။ အလှပျက်မှာပဲဆိုပြီး မမြင်တဲ့ကြားက အားစိုက်ပြီး ကြည့်တဲ့အခါ မျက်စိပါဝါ ပိုတိုးလာနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးများတဲ့ သူတွေအတွက် မှန်မထူ၊ မျက်မှန်ကိုင်း အပါးကို ရွေးပြီး တပ်ဆင်ခြင်းက မျက်လုံး၊ နားထင်စပ် လေးတဲ့ဒဏ်ကို အနည်းငယ် သက်သာသွားစေနိုင်မှာပါ။

    ၄။ ကွန်ပျူတာရဲ့ အနေအထားကို ညှိပါ။

    ကွန်ပျူတာ၊ သို့မဟုတ် ဖုန်းသည် ကိုယ့်မျက်လုံးရဲ့ တစ်တန်းတည်း သို့မဟုတ် အောက်ကို အနည်းငယ်သာ ရောက်နေသင့်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ကွန်ပျူတာကို ကြာရှည် အသုံးပြုတဲ့အခါ ဇက်ကြောတက်တာ၊ မျက်စိညောင်းတာမျိုး မဖြစ်မှာပါ။

    ၅။ အရမ်းကြီး လင်းမနေပါစေနဲ့။

    ကွန်ပျူတာကနေ ပြန်လာတဲ့အလင်းဟာ မျက်လုံးစူးလောက်တဲ့အထိ ပြင်းထန်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်မျက်စိက ကောင်းကောင်းလည်း မြင်နိုင်ရမယ်၊ အလင်းကြီး အရမ်းစူးတာမျိုးလည်း မဖြစ်စေဖို့ သင့်တော်သလောက် ဆက်တင်ချိန်ထားဖို့ အရေးကြီးပါတယ်။ မျက်လုံးက အရမ်းအားစိုက်ကြည့်ရလောက်တဲ့အထိ မှောင်နေတာမျိုးလည်း မဖြစ်ဖို့ သတိထားပေးပါ။

    ၆။ မျက်လုံးကို အနားပေးပါ။

    ဒီအချက်က ဖုန်း၊ ကွန်ပျူတာကို အမြဲလိုလို အသုံးပြုနေသူတိုင်း မဖြစ်မနေ လုပ်ရမယ့် အချက်ပါ။ အမြဲတမ်း ဒီဖန်သားပြင်ကလာတဲ့ အလင်းကို စိုက်ကြည့်နေရင်တော့ မျက်ရိုးကိုက်တာမျိုး ဖြစ်မှာပါပဲ။ ဒါကြောင့် နာရီဝက်လောက် အလုပ်လုပ်၊ ၁၀ မိနစ်လောက် ကိုယ့်မျက်စိကို မှိတ်ထားတာ၊ တစ်နေရာရာ ထသွားတာ၊ လမ်းလျှောက်တာ၊ အိမ်သာထတက်တာမျိုး၊ သဘာဝ အလင်း၊ ပတ်ဝန်းကျင်ကို ကြည့်တာမျိုး လုပ်ပေးပါ။

    ၇။ ရေများများ သောက်ပေးပါ။

    ရေများများ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်သာမက ကိုယ့်မျက်လုံးကိုပါ ရေဓာတ် ဖြည့်ပေးရာရောက်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးဖို့ မမေ့နဲ့နော်။ အလုပ်များလို့ဆိုပြီး ရေမသောက်ဘဲ မေ့နေတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ တခြား အစာအာဟာရ အနေနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ငါး၊ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။

    အပေါ်မှာ ပြောထားခဲ့တဲ့ အချက်တွေကို သေချာလိုက်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာအကြည့်များခြင်းကြောင့် ကြုံလာနိုင်တဲ့ မျက်လုံး ပြဿနာတွေကို အနည်းငယ်တော့ လျော့သွားစေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိဆရာဝန်နဲ့လည်း ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်ခန့် သွားပြပြီး ကိုယ့်မျက်လုံး အခြေအနေကို စစ်ဆေးကြည့်ဖို့လည်း မမေ့ပါနဲ့နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement