backup og meta

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ဟာ……. ယားလိုက်တာ။ အဖုလေးလည်း ဖြစ်နေတယ်။ ဘာပိုးကောင်ကိုက်သွားတာလည်းမသိ။

ယားလိုက်တာ ဒီလောက် ကုတ်နေတာတောင် အယားမပြေဘူးဆိုပြီး တအားဖိကုတ်နေတာ၊ လက်သည်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာမှာ အနာထပ်ဖြစ်အောင် လုပ်နေမိပြီလား။

ဒါဆိုရင်တော့ ဒီလိုလုပ်နေတာကို အခုချက်ချင်း ရပ်လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့ နည်းလမ်းတွေကို ပြောပြပါရစေ။

ပိုးမွှားတွေ ခြင်တွေ ကိုက်ခံရရင် ဘာလို့ ယားယံရတာလဲ။

ခြင်တွေ ပိုးကောင်တွေ ကိုက်ခံရရင် ယားယံတာက လူ့ခန္ဓာကိုယ်ထဲက သွေးကို စုပ်ယူဖို့အတွက် anticoagulant နဲ့ ပရိုတင်းတို့ ပါဝင်တဲ့ တံထွေးတစ်မျိုးကို ထိုးသွင်းလိုက်တာကြောင့်ပါ။

ဒီလို ထိုးသွင်းလိုက်တဲ့အခါ ပရိုတင်းက ပြင်ပက ဝင်ရောက်လာတဲ့ အရာတစ်မျိုး ဖြစ်နေတာကြောင့် ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ပါတယ်။ ဒီတုံ့ပြန်တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ ယားယံတာ၊ ရောင်ရမ်းတာ၊ အဖုအပိမ့်ထွက်တာတွေ ဖြစ်လာရတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ တုံ့ပြန်ပုံချင်းတော့ မတူဘူးပေါ့။

ပိုးကောင်ကိုက်လို့ ယားယံရင် မကုတ်ပါနဲ့။

ခြင်ကိုက်ခံရတဲ့အခါ  ပိုးကောင် ကိုက်ခံရတဲ့အခါ မကုတ်ပါနဲ့။ ဒီလိုပြောရတာက ကုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်တဲ့ အပေါ်ယံ အရေပြားလွှာပေါက်ပြဲပြီး ပိုးဝင်ကူးစက်နိုင်လို့ပါ။

ပိုးဝင်ကူးစက်တဲ့အခါ ပြည်တည်တာ၊ ရောင်ကိုင်းနေတာအပြင် အဖျားဝင်တာ၊ ကိုက်ခဲနာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါသည်တွေမှာ အနာမကျက်တာ၊ အနာကြီးတွေဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးအနေနဲ့ကတော့ အသက်အန္တရာယ်တောင် ထိခိုက်နိုင်တာပါပဲ။ လက်သည်းတွေမှာပါတဲ့ ပိုးတွေကြောင့် အမာရွတ် ကျန်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ပိုးကောင်ကိုက်တဲ့အခါ ယားယံတာကို ဘေးကင်းကင်းနဲ့ သက်သာစေဖို့ဆိုရင်

အရက်ပြန် သုံးပါ၊ လိမ်းဆေး လိမ်းပါ

ပိုးကောင်ကိုက်ခံရတဲ့နေရာကို ရေနဲ့ စင်အောင်ဆေးကြောပြီး ဂွမ်းစမှာ အရက်ပြန်ဆွတ်လို့ ပိုးကောင်ကိုက်ခံရတဲ့ နေရာကို ပွတ်ပေးလိုက်ပါ။ ပြီးရင်ခြောက်သွားအောင် ထားပေးလိုက်ပါ။ အယားသက်သာ သွားပါလိမ့်မယ်။

အရေပြား မလောင်စေဖို့အတွက် အရက်ပြန် အများကြီး မသုံးမိဖို့ သတိထားပါ။ ကုတ်လို့ ပေါက်ပြဲနေတဲ့ နေရာမှာလည်း မသုံးပါနဲ့။ စပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။

ပိုးမွှားနဲ့ ခြင်ကိုက်ပြီးချိန်လိမ်းရတဲ့ တချို့လိမ်းဆေးတွေကလည်း ယားနာခြင်း အရေပြားပိုးဝင်ခြင်းကို သက်သာစေပါလိမ့်မယ်။

အချဉ်ဓာတ်ပါတဲ့ အသီးကို သုံးပါ

ပိုးကောင် ကိုက်ခံရတဲ့ နေရာကို လိမ္မော်သီး၊ သံပုရာသီး စတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေနဲ့ ပွတ်ပေးလို့ရပါတယ်။ သံပုရာသီးကို အရွယ်တော်လေး လှီးပြီး ပိုးကောင်ကိုက်တဲ့ နေရာကို ပွတ်ပေးပါ။ ဒီအသီးတွေမှာပါတဲ့ ဗီတာမင် C က ယားယံမှုကို သက်သာစေနိုင်ပါတယ်။

ပေါက်ပြဲနေရင်တော့ မသုံးပါနဲ့။ စပ်ဖျဉ်းဖျဉ်း ဖြစ်နိုင်ပါတယ်။ ခြောက်အောင် ခဏထားပြီး ရေဆေးချပေးလိုက်ပါ။ ဒီလို အသီးတွေ အလွယ်တကူ မရှိရင် ဗီတာမင် C ပါတဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းပေးလို့လည်း ရပါတယ်။

ရေခဲကပ်ပါ

ရေခဲကပ်တာက ယားယံတာကို သက်သာစေပြီး အရောင်ကျစေနိုင်ပါတယ်။ ရေစင်အောင် ဆေးထားတဲ့ ပိုးကောင်ကိုက်တဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ ၁၅ မိနစ်ထက်ပို မကပ်မိဖို့ သတိထားပေးပါ။ အအေးကြောင့် အသားလောင်နိုင်လို့ပါ။

ရှားစောင်းလက်ပပ် ကပ်ပါ

ပိုးကောင်ကိုက်ခံရတဲ့အခါ ရှာစောင်းလက်ပပ် ဂျယ်လီသားကို ကပ်ပေးတာက ယားယံတာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ခုပါ။ ရှားစောင်းလက်ပပ်က အေးမြစေပြီး ယားယံတာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

ပျားရည် လိမ်းပါ

ပျားရည်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ပိုးမဝင်အောင် ကာကွယ်ပေးလို့ အရောင်ကျစေပါတယ်။ ယားယံမှုကို သက်သာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ပိုးကောင်ကိုက်တဲ့နေရာကို ပျားရည် ခပ်ပါးပါးလိမ်းပေးပါ။ ခြောက်ပြီး ယားယံမှု သက်သာသွားပြီဆိုရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။

ကဲ…… ပိုးကောင်ကိုက်လို့ ယားယံတာကို ကုတ်ဖဲ့ရင်း ရောဂါပိုး အဝင်မခံပါနဲ့။ အခုပြောခဲ့တဲ့နည်းလေးတွေသုံးလို့ အမာရွတ် မကျန်အောင် အကောင်းဆုံး ကုသလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Best Ways to Stop Bug Bites From Itching, According to Doctors https://www.prevention.com/beauty/skin-care/a31904373/how-to-stop-bug-bites-from-itching/ Accessed Date 8 September 2020

Why Mosquito Bites Itch and How to Stop Them https://www.healthline.com/health/why-mosquito-bites-itch Accessed Date 8 September 2020

ယခုပုံစံ

16/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement