backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခြင်မကိုက်အောင် ဘယ်လို နေကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခြင်မကိုက်အောင် ဘယ်လို နေကြမလဲ

နွေရာသီကိုတော့ ရောက်လာခဲ့ပြီ။ ပူပူ အိုက်အိုက် ညဘက်တွေမှာ ခြင်တလောင်းလောင်းနဲ့ တဖျောင်းဖျောင်းရိုက်ရမယ့် ကာလတွေရောက်လာပါပြီ။ ဒီကာလမှာ ခြင်မကိုက်အောင် ဘယ်လို နေကြမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

စိုစွတ်တဲ့ အပူပိုင်းဒေသထဲမှာ ကျရောက်နေတဲ့ မြန်မာပြည်မှာ ခြင်ကိုက်တယ်ဆိုတာက ရှောင်လွဲရခက်တဲ့ ပြဿနာတစ်ခုပါ။ ခြင်လုံဇကာတွေဘာတွေတပ်ထားနိုင်တဲ့သူတွေကလွဲလို့ တိုင်းပြည်ဒေသအသီးသီးက လူအတော်များများအနေနဲ့ ခြင်ကိုက်ခံရတဲ့ပြဿနာကို တစ်နှစ်ပတ်လုံးနီးပါး ရင်ဆိုင်ရလေ့ရှိပါတယ်။ နည်းတာနဲ့ များတာသာ ကွာတာပါ။

ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်လောက်ရှိပါတယ်။ ဘယ်မျိုးစိတ်ကမှ လူတွေကို အကျိုးမပြုပါဘူး။ ငှက်ဖျားသွေးလွန်တုပ်ကွေး ၊ West Nile virus ၊ ဆင်တုပ်ကွေး ၊ Yellow fever ၊ Filariasis ၊ Tularemia ၊ Dirofilariasis ၊ Japanese encephalitis ၊ Saint Louis encephalitis ၊ Western equine encephalitis ၊ Eastern equine encephalitis ၊ Venezuelan equine encephalitis ၊ Ross River fever ၊ Barmah Forest fever စတဲ့ ရောဂါအများအပြားကို ဖြစ်စေနိုင်တဲ့ ဆိုးကျိုးကလည်း ရှိပါသေးတယ်။

ဒါတွေကိုထားဦး အနားမှာ တဝီဝီနဲ့ ဝဲနေတာကိုက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အတော်ကောင်းလှနေပြီ။ ဒီလောက်ဆိုးသွမ်းတဲ့ ခြင်တွေ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အနှောင့်အယှက်မပေးတော့ဘူးဆိုရင် အတော်လေးကို စိတ်ချမ်းသာသွားရမယ်ထင်တယ်နော်။ ဒီလို ခြင်မကိုက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိသလားဆိုရင် ရှိတယ်လို့ပဲ ဖြေရမှာပါ။

ခြင်မကိုက်အောင် ဘယ်လို နေကြမလဲ

ဟုတ်ပါတယ်။ ခြင်တွေကို ကာကွယ်တားဆီးနိုင်မယ့် လမ်းညွှန်ချက်လေးတွေ ရှိပါတယ်။ ဘယ်လိုအချက်တွေပါလိမ့်။ ကြည့်ရအောင်။

ခြင်တွေက ရေဆိုးရေညစ်တွေမှာ ပေါက်ပွားကြတာများပါတယ်။ ဘုရားပန်းအိုးတွေ၊ ရေအိုး၊ ရေစည်၊ ရေကန်၊ အလှထိုးပန်းအိုးတွေကို ပုံမှန်ရေလဲလှယ်ပေးပါ။ မြောင်းတွေကိုလည်း ရေစီးရေလာကောင်းအောင် စီမံပါ။

  • ခြင်တွေ အိမ်ထဲဝင်မလာအောင် မရှိအောင် ဂရုစိုက်ပါ

ပြတင်းတံခါးတွေ၊ အဲယားကွန်းတွေကို စနစ်တကျ အသုံးပြုဖို့ ဆိုလိုတာပါ။ ပြတင်းတံခါးတွေကို မှောင်ချိန်တွေမှာ မဖွင့်တာက ခြင်တွေ အိမ်ထဲဝင်မလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ မှောင်တဲ့နေရာတွေ ချောင်ကျတဲ့နေရာတွေကို သန့်ရှင်းအောင်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။

  • ခြင်နိုင်ဆေး သုံးပါ

ခြင်နိုင်ဆေးတွေက အမျိုးအစား အမျိုးမျိုးရှိသလို ပုံပန်းသဏ္ဍာန်လည်း အမျိုးမျိုးပါ။ မြန်မာပြည်မှာတော့ ခြင်ဆေးခွေ၊ ဖြန်းဆေးဘူး၊ လိမ်းဆေး စတာတွေ ခေတ်စားပါတယ်။ ဘယ်အမျိုးအမည်ကိုပဲ သုံးစွဲသည်ဖြစ်စေ ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုထားတာမို့ သတိထားအသုံးပြုရမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

  • အရောင်လွင်လွင် အင်္ကျီတွေကို ရွေးချယ် ဝတ်ဆင်ပါ

မှိုင်းတဲ့၊ မှောင်တဲ့ အင်္ကျီတွေဟာ ခြင်ပိုကိုက်စေပါတယ်။ ဒါကြောင့် အပြင်သွားချိန်တွေမှာ အဆင်ပြေတဲ့ အရောင်အသွေးမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပေမယ့် အိမ်နေရင်း အချိန်တွေမှာ အရောင်လွင်တဲ့ နုတဲ့ အင်္ကျီမျိုးတွေကို ဦးစားပေးရွေးချယ်ဝတ်ဆင်တာက ခြင်ကိုက်ပိုသက်သာစေပါလိမ့်မယ်။

  • နေဝင်တာနဲ့ အိမ်မှာပဲ နေပါ

ခြင်ဆိုတဲ့ သတ္တဝါတွေက ဘယ်အချိန်မဆို ကိုက်ပါတယ်။ ဒါပေမယ့် ညအချိန်တွေနဲ့ မှောင်တဲ့အခြေအနေတွေမှာပိုကိုက်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အိမ်အပြင် ဒါမှမဟုတ် မှောင်တဲ့ နေရာတွေမှာ ရှိနေတာဟာ ခြင်ကိုက်ခံရဖို့ အလွန်အခွင့်အရေးများတဲ့ အနေအထားပါ။ လင်းလင်းကျင်းကျင်း အိမ်မှာပဲ နေတာက ခြင်ကိုက်ခံရခြင်းကနေ ပိုကင်းဝေးစေနိုင်ပါတယ်။

  • ခြင်ကိုက်ချင်လာအောင် မနေပါနဲ့

လူတိုင်း ခြင်ကိုက်ခံရပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကိုက်ခံရတဲ့ ပမာဏခြင်းမတူညီတာ သတိထားမိရဲ့လား။ သိပ္ပံနည်းကျလေ့လာချက်တွေအရ အရက်၊ ဘီယာ သောက်သုံးတဲ့သူတွေဟာ ခြင်ပိုကိုက်ခံရတတ်ပါတယ်။ အယ်လ်ကိုဟောမှာ ပါဝင်တဲ့ CO2 ဟာ ခြင်အပါအဝင် ဘက်တီးရီးယားတွေ၊ အင်းဆက်ပိုးတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ နောက်ပြီး တခြားလေ့လာချက်တစ်ခုမှာတော့ O သွေးပိုင်ရှင်တွေဟာ ခြင်ကိုက်ပိုခံရတတ်တယ်လု့ိလည်း ဆိုထားပါသေးတယ်။

  • သဘာဝ ခြင်ပြေးနည်းတွေ သုံးပါ

ခြင်ဆေးခွေတွေ၊ ဖြန်းဆေးဘူးတွေက အတိုင်းအတာတစ်ခုအထိ ကောင်းမွန်ပေမယ့် ကျန်းမာရေးဆိုးကျိုးတွေတော့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် သဘာဝ ခြင်ပြေးနည်းတွေကို ပိုသုံးသင့်ပါတယ်။ သံပုရာအရည်ကို ညှစ်ချပြီး လိမ်းပေးတာမျိုးပေါ့။ ခြင်ဆေးအစား နံနွင်းတက်ကို အစားထိုး သုံးတာမျိုးတွေပေါ့။

  • ခြင်ပေါတဲ့နေရာတွေကို ရှောင်ပါ

တစ်ခါတစ်လေမှာ ကိုယ်ရောက်နေတဲ့နေရာက ခြင်ပေါတဲ့ Mosquito Hotspot မျိုးဖြစ်နေရင် ရှောင်လွဲရမယ့်တာဝန်က ကိုယ့်အပိုင်းဖြစ်သွားပါပြီ။ တတ်နိုင်သမျှ အဲ့ဒီလိုနေရာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။

  • ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ပါ

မှောင်နဲ့မည်းမည်း ခြင်တလောင်းလောင်းနေရာမျိုးမှာ ဘောင်းဘီတို၊ စကတ်တိုလေးဝတ်ပြီး ခြင်ကိုက်ခံနေရတယ်ဆိုရင် ခြင်ရဲ့ အပြစ်မဟုတ်တော့ပါဘူး၊ ကိုယ့်အပြစ်ပါ။ ကာလံဒေသံကိုလိုက်ပြီး ဝတ်ဖို့စားဖို့က ခြင်ကိုက်တာကို သက်သာစေရုံသာမက လူနေမှုဘဝမှာလည်း လိုက်နာဖို့လိုအပ်တဲ့ အသိတရားတစ်ခုဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းမွန်တဲ့ အိမ်မှာ နေထိုင်ကြသူတွေဟာ ခြင်ကိုက်တာ သက်သာရုံတင်မကပါဘူး၊ ကျန်းမာရေးလည်း ကောင်းမွန်မှုဆိုတဲ့ အပိုဆုကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။ နေအိမ်တစ်အိမ်ရဲ့ လေဝင်လေထွက်စနစ်ဟာ အလွန်အရေးပါပြီးတော့ မိသားစုကျန်းမာရေးအတွက် သတိထားသင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

ကြက်သွန်ဖြူ များများစားရင် ခြင်မကိုက်ဘူးဆိုတဲ့ ယုံတမ်းစကားတစ်ခု တချို့အာရှတိုင်းပြည်တွေမှာရှိပါတယ်။ လေ့လာချက်တွေအရဆိုရင် ကြက်သွန်ဖြူစားတာနဲ့ ခြင်မကိုက်တာနဲ့က ဆက်နွယ်မှုမရှိပါဘူး။ အစားအစာအမျိုးအစားတွေကြောင့် ခြင်ပိုကိုက်တာမျိုး၊ ခြင်မကိုက်တာမျိုးကို ခုချိန်ထိ ဆက်စပ်သက်သေမပြနိုင်သေးပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement