backup og meta

ခေါင်းကိုက်တာကို ပိုဆိုးစေတတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းကိုက်တာကို ပိုဆိုးစေတတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ။

    ပူပြင်းတဲ့ အပြင်ကိုလည်း မထွက်၊ ေနွရာသီလည်း မဟုတ်၊ Migraine (ခေါင်းတစ်ခြမ်းကိုက်) ဝေဒနာသည်လည်း မဟုတ်ဘဲနဲ့ ခေါင်း ခဏခဏ ကိုက်နေပါသလား။ ဒါဆို ခေါင်းကိုက်အောင် လုပ်နေတဲ့ တရားခံဟာ သင်ကိုယ်တိုင်နဲ့ သင်စားနေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ ဘယ်လိုအစားအစာတွေနဲ့ နေထိုင်မှု ပုံစံတွေ က ခေါင်းကိုက်ခြင်းကိုဖြစ်စေလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးတော့မှာပါ ။

    ခေါင်းကိုက်စေတတ်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။

    အရက်

    အရက်က သွေးလည်ပတ်မှုတွေကို ကောင်းစေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏအတွင်းသောက်မှ ကျန်းမာရေးကို အကျိုးပြုတာပါ။ အရမ်းအများကြီးသောက်လိုက်တဲ့အခါကျ အရက်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ခေါင်းကိုက်တာေတွ ဖြစ်တတ်ပါတယ်။ အရက်က ရေဓါတ်ခမ်းခြောက်ခြင်း ကိုလည်းဖြစ်စေတာကြောင့် Migraine သမားတွေ မှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ အရက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ ဝိုင်နီ၊ ဘီယာ၊ ဝီစကီ နဲ့ ရှန်ပိန်တို့ကို မသောက်တာ အကောင်းဆုံးပါ။

    တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ။

    တာရှည်ခံ အစားအသောက်တွေမှာပါတဲ့ Nitrates and nitrites (ယမ်းစိမ်း)တို့ဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ကြောက်ရင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးတွေ လျှော့စားသင့်ပါတယ်။

    အချိုမှုန့်

    အချိုမှုန့်၊ အသားမှုန့်တွေဆိုတာ စားသောက်ဖွယ်ရာတွေကို အရသာရှိအောင် လုပ်ပေးတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ လုံးဝကိုအကျိုးမပြုတဲ့ အရာတစ်ခုပါ။ အချိုမှုန့် များများစားလိုက်မိရင် ရေအရမ်းငတ်တာ၊ ခေါင်းတွေကိုက်တာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်ဖူးကြတယ်မလား။ ဒါတွေကို ဖြစ်စေတဲ့ တရားခံက အချိုမှုန့်မှာပါတဲ့ Monosodium glutamate (MSG)ပါ။

    ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အခြား အစားအစာတွေကတော့

    • မြေပဲ၊ မြေပဲထောပတ်၊ ဗန်ဒါစေ့
    • အာလူးချောင်းကြော်
    • ကြပ်တင်တဲ့ အစားအသောက်တွေ
    • ပေါင်မုန့်၊ ချိစ်ပါတဲ့ အစားအသောက်တွေ
    • နို့နဲ့ နို့ထွက်ပစ္စည်းတွေ
    • ကြက်သွန်နီၤ စတာတွေက သင်မသိလိုက်မိဘဲ စားနေမိတဲ့ ခေါင်းကိုက်စေ အစားအသောက်တွေဖြစ်ပါတယ်။

    ကော်ဖီ၊ ချော့ကလက်နဲ့ လက်ဖက်ရည်တို့သောက်လိုက်ရင် ခေါင်းကြည်သွားတယ်ဟုတ်။ သင့်တော်တဲ့ ပမာဏ အတွင်းသောက်မှသာ ကဖင်းဓါတ်က ဒီလို ခေါင်းကြည်စေမှာပါ။ အများကြီးသောက်မိတဲ့အခါကျ တန်ဆေး လွန်ဘေးြဖစ်သွားလို့ ခေါင်းမကြည်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုပါ ဖြစ်စေဦးမှာပါ။ ဒါကြောင့် တစ်နေ့ကို အများဆုံး ကော်ဖီ ၃ ခွက်ထက် ပိုမသောက်ပါနဲ့။ ။

    ဘယ်လို အပြုအမူတွေကြောင့် ခေါင်းကိုက်ရတာလဲ ။

    အစားအသောက်တွေတင် မကပါဘူး။ ကိုယ်ရဲ့အနေအထိုင် အပြုအမူတွေကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေလဲဆိုတော့

    • ရေများများမသောက်တာ – ရေဓါတ်ခမ်းခြောက်ပြီး သွေးလည်ပတ်မှုမကောင်းတော့တဲ့အခါ ဦးနှောက်ဆီသွေးအရောက်နည်းသွားပြီး ခေါင်းကိုက်လာရတာ ဖြစ်ပါတယ်။
    • မနက်စာ မစားတာ – တစ်နေ့တာလုံး အာဟာရပြည့်ဝနေစေဖို့ မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေကြားဖူးမှာပါ။ ဒါကို မအားလို့၊ရုံးမမီတော့လို့ ပိန်ချင်လို့ ဆိုပြီး မနက်စာ အလွတ်ခံလိုက်ရင် ကိုယ်တွင်းမှာ ဆာလောင်မှုတွေဖြစ်လာပြီး သင်လည်း ခေါင်းကြည်တော့မှာ မဟုတ်ပါဘူး။
    • စိတ်ဖိစီးမှု – စိတ်ဖိစီးနေတဲ့သူတစ်ယောက် ခေါင်းကြည်လန်းဆန်းနေတာ ဘယ်မှာများ မြင်ဖူးပါသလဲ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားလေးကြားဖူးတယ်မလား။ စိတ်ဖိစီးမှုလောက် ကိုယ်ခန္ဓါကို နှိပ်စက်ပြီး ရောဂါဝေဒနာတွေ ခံစားစေရတဲ့ အရာတွေ မရှိပါဘူး။
    • အိပ်ရေးပျက်ခြင်း – အိပ်ရေးပျက်ရင် ခေါင်းကိုက်တယ်ဆိုတာ လူတိုင်းကြားဖူး၊ ခံစားဖူးကြပါလိမ့်မယ်။ ဦးနှောက်ဆိုတာ တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အတွက် အိပ်နေတဲ့ အချိန်လေးမှာတော့ အနားယူရပါမယ်။ ဒါကို မအိပ်ဘဲ ညဉ့်နက်အောင်နေလိုက်တဲ့အခါကျရင် ဦးနှောက်အနားမရဘဲ ပိုပန်းသွားလို့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။
    • အဝလွန်တဲ့သူတွေ – အဆီဆဲလ်တွေက ခေါင်းကိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ cytokinesတွေထုတ်တာကြောင့် အဝလွန်တဲ့သူတွေဟာ ခေါင်းကိုက်ဝေဒနာကို ခဏခဏ ခံစားရတာဖြစ်ပါတယ်။

    ဒီလို ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အစားအသောက်တွေ ၊ အကြောင်းအရာတွေကို သိထားတော့ ခေါင်းမကိုက်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ ။ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိသွားတာပေါ့ ။ ဒါဆို ခေါင်းမကိုက်အောင် ဘာတွေကိုရှောင် ဘာတွေကိုဆောင်ရမလဲ ။ ။

    အပေါ်မှာပြောခဲ့တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို မဖြတ်နိုင်ရင်တောင် လျှော့စားစေချင်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝအိပ်ပါ။ မနက်စာစားပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှု ကင်းအောင် တတ်နိုင်သမျှ နေပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement