backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။

ဆီးချို လို့ဆိုလိုက်ရင် အားလုံးကို အတူတူပဲလို့ ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိတယ်လို့ သိတဲ့သူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဆီးချိုကို အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။

ဒီဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ဆီးချိုဆိုတိုင်း အတူတူလား …….

ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါတယ်။

အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်တာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက အင်ဆူလင်ကို ကောင်းကောင်း အသုံးမပြုနိုင်တာကြောင့်ပါ။

ဒီလိုဆိုလို့  ဆီးချိုက အမျိုးအစား-၁ ရော အမျိုးအစား-၂ ရော အတူတူပဲလို့ ယူဆစရာရှိပါတယ်။ တကယ်တော့ ဒီဆီးချို အမျိုးအစားတွေက ရောဂါဖြစ်ရတဲ့ အကြောင်းရင်းခံတွေ မတူသလို ခံစားရတဲ့ လက္ခဏာတွေရော ကုသနည်းတွေပါ ကွာခြားနေနိုင်ပါတယ်။

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုတွေ ကွာခြားနေလဲ……

ဖြစ်ရတဲ့ အကြောင်းအရင်း 

  • အမျိုးအစား-၁ ဆီးချိုခန္ဓာကိုယ်က ပန်ကရိယမှာရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် မထုတ်နိုင်တာကြောင့် ဖြစ်ရတာပါ။ မျိုး
  • အမျိုးအစား-၂ ဆီးချို –  ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တာကြောင့် ဖြစ်ရတာပါ။

ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချို ဖြစ်စေတဲ့ အကြောင်းအရင်းကို အခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။
  • အမျိုးအစား-၂ ဆီးချို – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နေထိုင်စားသောက်မှုပုံစံ ကျန်းမာရေးနဲ့ မညီညွတ်တာတွေက အမျိုးအစား-၂ ဆီးချို ဖြစ်စေနိုင်ပါတယ်။

လက္ခဏာတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုမှာ လက္ခဏာတွေက ပိုပြီး မြန်မြန် ပြသပါတယ်။
  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချို လက္ခဏာတွေက သိသိသာသာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြသတာကြောင့် သိရှိကုသဖို့ ခက်ခဲပါတယ်။

စီမံထိန်းချုပ်နည်းတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုကို အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတဲ့ နည်းနဲ့ပဲ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။
  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုမှာတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတဲ့နည်းက အမျိုးအစား-၁ ဆီးချိုထက် ပိုများပါတယ်။ အမျိုးအစား-၂ ဆီးချို ရှိသူတွေအနေနဲ့ သောက်ဆေးတွေအပြင် အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိလို့ ရပါတယ်။

၂မျိုးလုံးမှာ ဆေးဝါးနဲ့ ကုသတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာတွေ လိုက်နာဖို့ လိုပါတယ်။

ကာကွယ်ကုသနည်းတွေ

အမျိုးအစား-၁ ဆီးချို – လက်ရှိမှာ အမျိုးအစား-၁ ဆီးချိုအတွက် ကုသနည်း မရှိသေးပါဘူး။ လေ့လာသုတေသန ပြုမှုတွေတော့ လုပ်ဆောင်နေပါတယ်။

အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုကို ပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရသလို သေချာလေး ဂရုစိုက်ပြီး ကျန်းမာရေးလိုက်စားမယ်ဆိုရင် သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်မှာပါ။

သိထားဖို့လိုမယ့် ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါ အမျိုးအစား-၁နဲ့ အမျိုးအစား-၂ မှာ လက္ခဏာလေးတွေက သိပ်မကွာလှပါဘူး။

အမျိုးအစား-၁ ဆီးချို

အခုပြောပြမယ့် လက္ခဏာတွေ ခံစားရမယ်ဆိုရင် အမျိုးအစား-၁ ဆီးချို ရှိနေတာ ဖြစ်နိုင်ပါတယ်။ အမျိုးအစား-၁ ဆီးချိုက အသက်ငယ်ငယ်ကလေးတွေမှာ ဖြစ်တတ်ပါတယ်။

  • ရေခဏခဏ ဆာမယ်
  • ဆီးခဏခဏ သွားမယ်
  • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျမယ်
  • ပင်ပန်းနွမ်းနယ်မယ်။ အားမရှိသလို ခံစားရမယ်
  • အမြင်အာရုံတွေ ဝေဝါးမယ်။

အမျိုးအစား-၂ ဆီးချို

အမျိုးအစား-၂ ဆီးချို ခံစားရတဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ အရင်က အသက် ၄၀အထက်မှာ ဖြစ်ပေမယ့် နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာတာကြောင့် ၄၀အောက်တွေမှာလည်း ဖြစ်လာတာကို တွေ့ရပါတယ်။

  • ရေအရမ်းဆာမယ်
  • ဆီးခဏခဏ သွားမယ်
  • ခြေလက်တွေ ထုံကျဉ်မယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • အမြင်အာရုံ ဝေဝါးမယ်
  • ဗိုက်ခဏခဏ ဆာမယ်
  • အသားတွေ ယားမယ်။

အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချို က အခုလို ကွာခြားမှုလေးတွေ ရှိပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement