နိုင်ရာစင်က ကောင်းမွန်တဲ့ ကိုလက်စထရောပမာဏကို တက်စေလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ခန္ဓာကိုယ်မှာ ကိုလက်စထရောပမာဏ မြင့်တက်နေသူတွေဟာ အာဟာရထိန်းသိမ်းရုံ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရုံနဲ့ မလုံလောက်တဲ့အခါ ဆေးဝါးအကူအညီရယူဖို့ လိုအပ်လာတတ်ပါတယ်။ ဒီနေရာမှာ သွေးတွင်းကိုလက်စထရောဓာတ်ကို ချပေးတဲ့ statin အုပ်စုဝင်ဆေးဝါးတွေနည်းတူ လူသိများတဲ့ဆေးဝါးတစ်မျိုးကတော့ Niacin ပဲဖြစ်ပါတယ်။ Niacin က ကောင်းတဲ့ကိုလက်စထရော HDL ကို တိုးမြင့်စေပြီး မကောင်းတဲ့ကိုလက်စထရော LDL ကို လျော့ချပေးနိုင်တယ်လို့ အများက သိထားကြပါတယ်။ ဒါပေမယ့် Niacin မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပြီး ၄င်းကို ကိုလက်စထရောတက်နေတဲ့ လူနာတိုင်းအတွက် အသုံးပြုလို့ မရပါဘူး။

Niacin ဆိုတာဘာလဲ

တကယ်တော့ Niacin (nicotinic acid) ဟာ ဘီတာမင် ဘီ၃ပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က အစားအသောက်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲရာမှာ niacin ကို အသုံးပြုပါတယ်။ ဒါ့အပြင် ၄င်းက အာရုံကြောအဖွဲ့အစည်း၊ အစာချေအဖွဲ့အစည်းနဲ့ အရေပြားကိုလည်း ကောင်းကျိုးပြုနိုင်ပါတယ်။ များသောအားဖြင့် niacin ကို အစားအစာတွေကနေ ရရှိနိုင်ပေမယ့် ဗီတာမင်စုံအားဆေးပုံစံနဲ့လည်း နေ့စဉ်သောက်သုံးနိုင်ပါတယ်။

Niacin ကို အာဟာရဖြည့်စွက်စာအဖြစ် သတ်မှတ်ထားပေမယ့် ပမာဏများများ အသုံးပြုမယ်ဆိုရင် ဆေးဝါးအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဆေးဝါးဆိုတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အမျိုးမျိုးသော niacin ဆေးဝါးတွေမှာ မတူညီတဲ့ ဖော်မြူလာ၊ ပါဝင်ပစ္စည်း၊ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေမှာဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်ရတာဟာ ရှုပ်ထွေးပြီး အန္တရာယ်ရှိနိုင်ပါတယ်။ လေ့လာမှုတွေမှာ niacin ရဲ့ ကိုလက်စထရောဆန့်ကျင် ဂုဏ်သတ္တိနဲ့ပတ်သက်ပြီး ကျေနပ်လောက်စရာအဖြေ ရမလာတဲ့အတွက် niacin တကယ်သောက်သင့်မသောက်သင့် ဆိုတာကိုလည်း စိုးရိမ်ပူပင်နေကြသူတွေ ရှိပါတယ်။

Niacin ရဲ့ ကောင်းကျိုးများ

ကိုလက်စထရောလျော့ချခြင်းရဲ့ အဓိကဦးတည်ချက်က မကောင်းတဲ့ကိုလက်စထရော LDL ပမာဏကို လျော့ချဖို့ပဲ ဖြစ်ပါတယ်။ Niacin ထက်စာရင် statin အုပ်စုဝင်ဆေးဝါးတွေက LDL လျော့ချနိုင်တဲ့ အာနိသင်ပိုကောင်းပေမယ့် ကောင်းတဲ့ကိုလက်စထရော HDL ကို မြင့်တင်ရာမှာတော့ niacin က အာနိသင်ပိုကောင်းပါတယ်။ ဒါ့အပြင် niacin က သွေးတွင်း ထရိုင်ဂလစ်စထရိုက်ပမာဏကိုပါ လျော့ချနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။

ဒီအကြောင်းရင်းတွေကြောင့် statin အုပ်စုဝင်ဆေးဝါးတွေကို သောက်သုံးဖို့ အဆင်မပြေတဲ့ HDL နည်းနေသူတွေ ဒါမှမဟုတ် ထရိုင်ဂလစ်စထရိုက် မြင့်နေသူတွေအနေနဲ့ niacin ကို အစားထိုးအသုံးပြုနိုင်ပါတယ်။

သတိပြုရမယ့်အချက်တစ်ခုကတော့ niacin ဟာ HDL ကိုလက်စထရောကို မြင့်တက်စေနိုင်ပေမယ့် လတ်တလောလေ့လာမှုတွေမှာ ၄င်းက သေဆုံးမှု၊ နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်မှုနှုန်းတွေကို မလျော့ချနိုင်ဘူးလို့ တွေ့ရှိခဲ့ရပါတယ်။

Niacin ကို ပမာဏများများ အသုံးပြုခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ

Niacin ကပေးတဲ့ အကြီးမားဆုံးပြဿနာကတော့ မျက်နှာနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ပူနွေးနီမြန်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် ပျောက်သွားမှာဖြစ်ပေမယ့် တစ်ချို့က ဒါကိုသဘောမကျတဲ့အတွက် ဆေးဆက်မသောက်ဘဲ ရပ်လိုက်လေ့ရှိပါတယ်။ Niacin ကို ပမာဏများများ အသုံးပြုရင် အစာအိမ်ထိခိုက်ခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်လာနိုင်ပြီး ပိုအရေးကြီးတဲ့အချက်ကတော့ ၄င်းက အောက်ဖြော်ပပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ချေကို မြင့်စေပါတယ်။

  • သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်း
  • ပိုးဝင်ခြင်း
  • အသည်းထိခိုက်ပျက်စီးခြင်း
  • လေဖြတ်ခြင်း
  • သွေးယိုခြင်း

HDL ကိုလက်စထရော မြင့်တက်စေမည့် အခြားနည်းလမ်းများ

HDL ကိုလက်စထရောပမာဏ တိုးမြင့်စေနိုင်တဲ့ လူနေမှုဘ၀ပုံစံ ပြောင်းလဲမှုတွေကတော့-

  • ဆေးလိပ်ဖြတ်ခြင်း
  • ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ စားသုံးခြင်း
  • ကိုယ်လက်လေ့ကျင့်ခန်း စနစ်တကျလိုက်စားခြင်း တို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုငျ 5, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 5, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။