လက်သည်းကြား ထဲမှာ သစ်သားစ၊ နှင်းဆီဆူး၊ ဖန်စ၊ ပလတ်စတစ်စ၊ အသီးအရွက်စ စသဖြင့် စူးတတ်ပါတယ်။ တစ်ခါတလေ ခပ်နက်နက်လေး စူးသွားတဲ့အတွက် သာမန်အတိုင်း လက်နဲ့ ဖယ်ထုတ်လို့ မရတာတွေ ရှိပါတယ်။ ဒီလိုဆိုရင် အိမ်မှာ ဘယ်လိုမျိုး အလွယ်တကူ ထုတ်လို့ရနိုင်မလဲ။ ဘယ်လိုအခြေအနေမှာ ကိုယ်တိုင် မထုတ်ဘဲ ဆေးခန်းသွားဖို့ သင့်သလဲ။
လက်သည်းကြား ဆူးစူးခြင်းရဲ့ လက္ခဏာများ
လက်သည်းကြား ဆူးစူးတာကို စူးတာနဲ့ ချက်ချင်းသိလိုက်တာ ရှိသလို နောက်ဆက်တွဲတွေ ဖြစ်မှ သိကြတာမျိုးလည်း ရှိပါတယ်။ ခံစားရတဲ့ လက္ခဏာတွေကတော့
-လက်သည်းကြားမှာ တစ်ခုခု ဝင်နေသလို ခံစားရတာ
-တစ်ချက် တစ်ချက် ဆူးခနဲ နာသွားတာ
-လက်သည်းမှာ အမည်းကြောင်း ထင်နေတာ
–ပြည်တည်လာတာ
-လက်က တဆစ်ဆစ်ကိုက်နေတာ စတာတွေပဲ ဖြစ်ပါတယ်။
ဆေးခန်းသွားမလား၊ အိမ်မှာပဲ ဖယ်မလား။
ဆူးစူးတိုင်း ဆေးခန်းသွားဖို့ လိုတာတော့ မဟုတ်ပါဘူး။ အများစုက ကိုယ့်ဟာကိုယ် အိမ်မှာပဲ ရှင်းလို့ ရပါတယ်။ တချို့မှာတော့ ဆေးခန်းသွားပြီး ဆရာဝန်က ထုတ်ပေးမှ အဆင်ပြေမယ့် အခြေအနေလည်း ရှိပါတယ်။ ဥပမာ
-ဆူးစူးပြီး လက်သည်းကြားကနေ သွေးတွေ အများကြီး ထွက်နေရင်၊ လက်သည်းအောက်မှာ သွေးခြေဥနေရင်
-ဆူးစူးပြီး ပိုးဝင်ရင် (ပိုးဝင်တဲ့အခါ လက်သည်းက နီရဲ ရောင်ကိုင်းနေတတ်ပါတယ်။ ပြည်တည်နေတတ်ပါတယ်။)
-ဆူးကနက်နေပြီး ကိုယ့်ဟာကိုယ် ထုတ်ဖို့ မရဲရင် ဆေးခန်းမှာ ထုတ်လိုက်တာ ပိုကောင်းပါတယ်။
ဆေးခန်းမှာကျတော့ လိုအပ်ရင် ထုံဆေးသုံးပြီး ထုတ်လို့ရပါတယ်။ ကျန်တဲ့ ပြည်တည်၊ ပိုးဝင်တာတွေကိုပါ တစ်ပါတည်း ကုလို့ရပါတယ်။
လက်သည်းကြား က ဆူးကို အိမ်မှာပဲ ထုတ်မယ်ဆိုရင်
- ဇာဂနာနဲ့ ဆွဲထုတ်ခြင်း
ဆူးက သေးလွန်းတယ်ဆိုရင်တော့ ဇာဂနာနဲ့ ထုတ်နိုင်ပါတယ်။
-မထုတ်ခင်မှာ ဇာဂနာကို သံချေးတက်နေလားဆိုတာ စစ်ပါ။ သံချေးမတက်တာကို သုံးပါ။
-အရက်ပြန်ဖြန်း ဒါမှမဟုတ် ရေနွေးနဲ့ ပြုတ်ပြီး ပိုးသတ်ပါ။
-ပိုးသတ်ထားတဲ့ ဇာဂနာကို မကိုင်ခင်မှာ လက်နှစ်ဖက်လုံးကို သေချာဆေးပါ။
-ဆူးစူးတဲ့ လက်သည်းက ရှည်နေရင် လက်သည်းကို အရင်ညှပ်ဖို့ လိုပါတယ်။
-ပြီးရင်တော့ ဆွဲထုတ်လို့ရပါပြီ။
-အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ဆူးထိပ်လေးကို သေချာလေး ညှပ်ပြီး ဆွဲထုတ်လိုက်ပါ။
-တစ်ခါတလေမှာ ဆူးက ကျိုးသွားတာ၊ အစလေး ပြတ်သွားတာမျိုး ရှိတတ်ပါတယ်။ ထပ်ဆွဲထုတ်လို့ မရနိုင်လောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ကျန်တဲ့ အပိုင်းကို ထုတ်ရမှာပါ။
- အပ်နဲ့ ထွင်းခြင်း
ဆူးက အသားထဲမှာ မြုပ်နေပြီး ဇာဂနာနဲ့ မမိလောက်ဘူးဆိုရင်တော့ အပ်နဲ့ ထွင်းရမှာပါ။ မထွင်းခင်မှာ အပ်ကိုလည်း ဇာဂနာလိုပဲ သေချာပိုးသတ်ဖို့ လိုပါတယ်။ အပ်ချုပ်တဲ့ အပ်ကို သုံးနိုင်ပါတယ်။ အပ်ထိပ်ကို လက်သည်းကြားထဲ အသာလေး ထည့်ပြီး ဆူးထိပ်ကို ထွင်းကြည့်ပါ။ ဆူးလေး ပေါ်လာပြီဆိုမှ ဇာဂနာနဲ့ ဆွဲထုတ်ပါ။
အပ်နဲ့ ထွင်းတာက အတွင်းထဲထိရောက်နေတဲ့ ဆူးတွေကို ထွင်တာဖြစ်တဲ့အတွက် ထုတ်ဖို့ ခက်ပါတယ်။ ကိုယ့်ဟာကိုယ် ထုတ်လို့ မရဘူးဆိုရင် ဆေးခန်းမှာ သွားထုတ်လိုက်ပါ။
- မုန့်ဖုတ်ဆိုဒါ အသုံးပြုခြင်း
–မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးနွေးလေးနဲ့ကို ဖျော်ပြီး ဆူးစူးတဲ့ လက်ကို ထည့်စိမ်ထားပါ။
-တစ်နေ့ ၂ကြိမ်လောက် စိမ်ပေးပါ။
-ခပ်နက်နက် စိုက်နေတဲ့ ဆူးဆိုရင် အရေပြားနား ကပ်လာမှာ ဖြစ်ပြီး ဇာဂနာနဲ့ ဆွဲလို့ရပါတယ်။ သိပ်မနက်တဲ့ ဆူးဆိုရင် အလိုလိုထွက်သွားပါတယ်။
- တိပ် အသုံးပြုခြင်း
–တိပ်နဲ့ ထုတ်တာက အင်မန်လွယ်ပါတယ်။ ဘာတိပ်ရယ်လို့တော့ မသတ်မှတ်ထားပါဘူး။ ကပ်အားကောင်းပြီး ဆူးကို မြင်ရတဲ့ တိပ်ဆို ရပါတယ်။
-ဆူးကို မြင်ရဖို့ လက်သည်းညှပ်ဖို့ လိုနိုင်ပါတယ်။
-ဆူးရှိတဲ့ နေရာကို တိပ်နဲ့ သေချာကပ်ပြီး ဆတ်ခနဲ ခွာလိုက်ရင် ရပါပြီ။
- ဖယောင်း wax အသုံးပြုခြင်း
တိပ်ထက်ပိုကပ်တာကတော့ ဖယောင်း waxပါ။ အားသာချက်က ခပ်ပျော့ပျော့ဖြစ်လို့ လိုသလို ပုံသွင်းလို့လည်း ရပါတယ်။
-အရင်ဆုံး ဆူးပေါ်အောင် လက်သည်းလေး ညှပ်ထားပါ။
-ဆူးနေရာကို ဖယောင်း waxကပ်ပေးပါ။ ဆူးကို လုံးဝအုပ်မိအောင် သေချာကပ်ပါ။
-Soft waxဆိုရင် ပိတ်စသေချာကပ်ပါ။ Hard waxဆိုရင် ခြောက်အောင်စောင့်ပါ။
-ပြီးရင် ဆတ်ခနဲ ဆွဲခွာလိုက်ပါ။
အိမ်မှာပဲ ထုတ်ထုတ်၊ ဆေးခန်းမှာပဲ ထုတ်ထုတ် အရေးကြီးတာက ရက်ပိုင်းအတွင်း ထုတ်ဖြစ်ဖို့ပါပဲ။ အထူးသဖြင့် နှင်းဆီဆူးလို၊ သစ်သားစလို ပျက်စီးလွယ်တဲ့ တူးတွေက မကြာခင်မှာ ပိုးဝင်ပြီး ပြည်တည်နိုင်ခြေ ရှိလို့ပါ။ ဆူးထုတ်ပြီးရင်တော့ လက်ကို သေချာဆေးပြီး ပိုးသတ်ဆေးရှိရင် ပိုးသတ်ဆေးထည့်ပါ။ သွေးထွက်ရင် တစ်ရက်လောက် ပတ်တီးစီးထားရင် ရပါပြီ။
[embed-health-tool-bmi]