backup og meta

ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ

    ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။

    ဆူးစူးတာကို ဘာကြောင့် ထွင်ရတာလဲ။

    ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင်

    • ပြည်တည်နာ ဖြစ်မယ်
    • ပိုးဝင်မယ်
    • ရောင်ရမ်းမယ်
    • အခန့်မသင့်လို့ ဆူးတဲ့ ပစ္စည်းက မသန့်ရင် မေးခိုင်ပိုးကလည်း ဝင်တတ်သေးတာဆိုတော့ ထွင်လိုက်တာ အကောင်းဆုံးပါပဲ။
    • တချို့ဆူးတွေကတော့ သေးလို့ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။

    ဆူးဘယ်လိုထွင်ကြမလဲ။

    အနာကို သန့်ရှင်းရေးလုပ်ပါ။

    ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ ဆပ်ပြာအပျော့စားသုံးပြီး ဆေးကြောလိုက်ပါ။ ဆူးကိုလည်း သေသေချာချာ မြင်ရတာပေါ့။ အားနဲ့ ကုတ်ခြစ်တာ၊ ပွတ်တိုက်တာကိုတော့ ရှောင်ပါ။ ဆူးက အထဲပိုဝင်သွားပါလိမ့်မယ်။

    ဆူးသေးရင်

    •  နာလည်း မနာဘူး၊ ဘာမှ မခံစားရဘူးဆိုရင် ဒီတိုင်းထားလို့ရပါတယ်။ ရက်ပိုင်းလောက်နေရင် သူ့ဟာသူ ထွက်သွားပါလိမ့်မယ်။
    • နာတယ်။ ဆူးက သေးလွန်းလို့ မမြင်ရဘူး။ ဇာဂနာနဲ့ နုတ်ရအောင်လည်း မကြီးဘူးဆိုရင် နာတဲ့နေရာကို မှန်းပြီး တိတ်နဲ့ ကပ်၊ ပြီးရင် အားနဲ့ ဆွဲခွာ လိုက်ပါ။ တိပ်နဲ့မရရင် waxingလုပ်တဲ့ ဆေးနဲ့ လုပ်လို့ရပါတယ်။
    • ခဏခဏလုပ်လို့ မထွက်ရင် ခဏနားလိုက်ပါ။ ဆက်တိုက်လုပ်ရင် ဘေးက တစ်ရှူးတွေ နာလာပါလိမ့်မယ်။

    ဆူးကြီးရင်

    • ငယ်ငယ်က မေမေလုပ်ပေးခဲ့တဲ့ နည်းလမ်းကို သုံးရတော့မှာပါ။
    • အပ်အသစ်တစ်ချောင်းနဲ့ ဇာဂနာကိုယူ၊ အရက်ပြန်လေး ရွှဲနေအောင် သုတ်ပြီး ပိုးသတ်ထားပါ။ လက်ကိုလည်းဆေး၊ အနာကိုလည်း ဆေးထားပါ။
    • ဆူးကို မြင်နေရရင် အဖျားလေးကို ဇာဂနာနဲ့ ညှပ်ပြီး ဆွဲထုတ်ပါ။
    • ထွက်မလာဘူးဆိုရင် ဆူးပေါ်လာအောင် နစ်နေတဲ့ အသားမာကို အပ်လေးနဲ့ အသာထွင်လိုက်ပါ။ ဆူးပေါ်လာမှ ဇာဂနာနဲ့ ဆွဲထုတ်ပါ။
    • ဆူးကို ကောင်းကောင်းမြင်ရအောင် အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ ဆူးထွင်ပါ။ လိုအပ်ရင် မှန်ဘီလူးသုံးပါ။
    • ဆူးထွက်သွားရင် အနာကို ရေပြန်ဆေး၊ ပိုးသတ်ဆေးဖြစ်ဖြစ် vaseline ဖြစ်ဖြစ် လိမ်းထားပါ။

    ဒီနေရာမှာ တစ်ခုပြောချင်တာက အရင်ကဆို ပင်နီဆလင် ပုလင်းကို သုံးပြီး ဆူးကို စုပ်ထုတ်တတ်ကြပါတယ်။ ဒါက ဘေးက တစ်ရှူးတွေကို လိုတာထက် ပိုပြီး ရောင်ရမ်းစေလို့ ဒီနည်းလမ်းကို မသုံးတော့ပါဘူး။ ဆူးက နစ်ဝင်နေရင် ပိုဆိုးပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။

    ဆူးစူးတာက သာမန်အားဖြင့်တော့ ဆရာဝန် ပြစရာ မလိုပါဘူး။ ခုနကပြောတဲ့ နည်းလမ်းတွေနဲ့ ထွက်ရင်ထွက် မထွက်လို့ ဒီတိုင်းထားလိုက်ရင်တောင် တော်တော်များများက ရက်ပိုင်းလောက်ဆို သက်သာသွားပါပြီ။ ဒါပေမယ့်

  • ဆူးကို ကောင်းကောင်း မမြင်ရရင် (ဥပမာ ဖန်ကွဲစလိုမျိုး)
  • ထပ်ခါထပ်ခါကြိုးစားတာတောင် ထွက်မလာရင်
  • မျက်လုံးနားမှာ ဖြစ်နေရင်
  • ဆူးက နက်ရင်
  • ဆူးထွင်ရလွန်းလို့ ဘေးက တစ်ရှူးတွေပါ နာကျင်ရောင်ရမ်းလာရင်
  • လက်သည်းအောက်၊ ခြေသည်းအောင်မှာ ဆူးစူးရင်
  • အနာက ညစ်ပတ်လို့ မေးခိုင်ပိုးဝင်နိုင်တဲ့ အန္တရာယ်ရှိရင် ဆေးရုံ ဆေးခန်းသွားတာ အကောင်းဆုံးပါပဲ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement