backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လက်သည်းအရှည်ထား တာ ကြိုက်သူတိုင်း ဖတ်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်သည်းအရှည်ထား တာ ကြိုက်သူတိုင်း ဖတ်ဖို့

ဒီဆောင်းပါးမှာ အလှကြိုက်ပြီး လက်သည်းကို မညှပ်ဘဲ အရှည်ထားတတ်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသတတွေကို ပြောပြပေးချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည်ထား လာတတ်ကြပါတယ်။

အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့ လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လက်သည်းအရှည်ထား ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။ လက်သည်း ကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက လုံးဝ မသက်သာပါဘူးနော်။

၂။ လက်သည်းက ရှည်လွန်းနေတဲ့အခါ အပြင်က အညစ်အကြေးတွေဟာ အထဲမှာသွားပြီး ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့် အိမ်သာတက်ပြီး အလေးစွန့်ပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ရင် လက်သည်းထဲမှာ မစင် အညစ်အကြေးတွေ ကပ်ကျန်နေနိုင်ပါတယ်။

၃။ လူတော်တော်များများသည် လက်သည်းညှပ်ရမှာလည်း ပျင်းသလို အစာမစားခင် လက်ဆေးရမှာလည်း ပျင်းတတ်ကြပါတယ်။ အဲ့တော့ နည်းနည်းပဲ စားတာပဲလေဆိုပြီး လက်မဆေးဘဲ အစာကို ကိုင်ပြီး စားလိုက်တဲ့အခါ လက်သည်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှား မှန်သမျှ ဗိုက်ထဲကို ရောက်သွားပြီး အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ သန်ထတာမျိုး ဖြစ်စေနိုင်ပါတယ်။

၄။ ရှည်လွန်းတဲ့ လက်သည်းတွေဟာ အချွန်အထက် လက်နက်တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင် လုပ်မိနိုင်သလို တခြားသူကိုလည်း ဒဏ်ရာ အနာတရ ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ အနာဆိုရင် ကုတ်မိလိုက်တဲ့အခါ လက်သည်းရှည်ကြောင့် ပြန်ပွန်းပဲ့ သွေးထွက်ပြီး အနာကျက်ဖို့ ခဲယဉ်းသွားတတ်သလို လက်သည်းကြားထဲက ရောဂါပိုးဟာလည်း အနာထဲ ဝင်သွားပြီး ပြည်တည်ကာ ပိုဆိုးသွားစေနိုင်ပါတယ်။

၅။ လက်သည်းထဲမှာ ရောဂါပိုးပေါင်းစုံ အောင်းနေနိုင်ပါတယ်။ ရောဂါပိုးဆိုတာ မျက်လုံးနဲ့ ကြည့်လို့ လုံးဝ မမြင်ရနိုင်ပါဘူး။ လက်ဆိုတာကလည်း အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ ကိုင်တွယ်နေရတာ ဖြစ်တဲ့အတွက် ရောဂါပိုးကတော့ အမြဲလိုလို ကပ်နေနိုင်ပါတယ်။

၆။ အရေပြား မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းထဲမှာ ရောဂါပိုးတွေအပြင် မှိုရောဂါပိုးတွေပါ အောင်းနေပြီး ပွားလာတဲ့အခါ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူအပြင် တခြား အရေပြားမှိုစွဲတာ၊ လက်သည်းမှိုစွဲတဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

၇။ လက်သည်း ကိုက်တတ်သူတွေဆိုရင်လည်း လက်သည်း ကြားထဲက ရောဂါပိုးတွေကို ဗိုက်ထဲ အလိုလို ရောက်အောင် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့် လက်သည်းနဲ့ ပတ်သက်လာရင် အရမ်း အလှအပ မက်နေတာ၊ အပျင်းကြီးနေတာမျိုး မလုပ်ဘဲ ပုံမှန်လေး ညှပ်ပေးဖို့တော့ လိုမယ်နော်။ လက်သည်းလေးက ရှည်နေလေလေ အထဲမှာ ရောဂါပိုးတွေ အများကြီး အောင်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ပြန် ဒုက္ခပေးလာနိုင်တယ်ဆိုတာကို လုံးဝ မမေ့ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement