brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိပ်ရာနာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

အနာတစ်ခုခုဖြစ်တဲ့အခါ သေချာစောင့်ရှောက်ပေးမှုကမဖြစ်မနေလိုအပ်ပါတယ်။ အနာတွေကို သေချာဂရုမစိုက်ပေးမှုက အနာပိုးဝင်စေတာကနေတဆင့် နောက်ဆက်တွဲ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာ နာတာရှည်ရောဂါတစ်ခုခုခံစားနေတာကြောင့် အချိန်ကြာမြင့်စွာလှုပ်ရှားမှုမရှိဘဲ နေရသူတွေမှာ ဖြစ်တတ်တဲ့ အိပ်ရာနာအကြောင်းပြောပြပေးချင်ပါတယ်။

အိပ်ရာနာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

အိပ်ရာနာ ဆိုတာဘာလဲ…

အိပ်ရာနာကို ဖိအားကြောင့်ဖြစ်တဲ့ အနာလို့လည်းခေါ်ပါတယ်။ အကြောင်းကတော့ အရေပြားကို အချိန်ကြာမြင့်စွာ ဖိအားဖြစ်စေတာကနေ ဖြစ်လာတဲ့အနာဖြစ်နေတာကြောင့်ပါ။

ဘယ်သူတွေမှာ အဖြစ်များလဲ……..

အိပ်ရာနာက လူတိုင်းမှာဖြစ်နိုင်တာတော့မဟုတ်ပါဘူး။

ရောဂါတစ်ခုခုကြောင့် အိပ်ရာပေါ်မှာ အချိန်ကြာမြင့်စွာလှဲနေရသူတွေ

မတော်တဆမှုတစ်ခုခုကြောင့် လှုပ်ရှားမှု မလုပ်နိုင်ဘဲ အိပ်ရာထဲမှာ လှဲနေရသူတွေ

  • သက်ကြီးရွယ်အိုတွေ
  • ကျောရိုးထိခိုက်ဒဏ်ရာရထားသူတွေ
  • လေဖြတ်ထားသူတွေ
  • ကိုမာ ဝင်နေသူတွေ
  • ခွဲစိတ်မှုတစ်ရပ်ရပ်ကြောင့် အိပ်ရာထဲလှဲနေရသူတွေ
  • ဆီး၊ဝမ်းပြဿနာရှိသူတွေ
  • အာဟာရချို့တဲ့သူတွေ
  • အသားအရမ်းခြောက်တဲ့သူ
  • ဆီးချိုလိုမျိုုး အနာကျက်နှေးတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုခ့စားနေရသူတွေမှာ အဖြစ်များပါ။

ဘယ်နေရာတွေမှာ အဖြစ်များလဲ………..

အိပ်ရာနာအများစုက အရိုးအမာခံတွေရှိနေတတ်တဲ့

  • ဖနောင့်
  • ခြေချင်းဝတ်
  • တင်ပဆုံ
  • မြီးညှောင်ရိုးတို့မှာ အဖြစ်များပါတယ်။

အိပ်ရာနာဖြစ်ပေါ်ပုံအဆင့်ဆင့်

အိပ်ရာနာဖြစ်လာတဲ့အခါ

  • အရေပြားကနီရဲပြီး ပူနေမယ်
  • အရေပြားယားယံနေမယ်
  • အရည်ကြည်ဖုလေးတွေဖြစ်မယ်
  • နာမယ်။ အရည်ကြည်ဖုလေးတေါပေါက်ပြီး အသားအရောင်ပြောင်းလာမယ်
  • အရေပြားမှာ အနာက တဖြည်းဖြည်းကြီးလာမယ်
  • ပိုးဝင်သလိုဖြစ်မယ်၊ အရွတ်၊ ကြွက်သား၊ အရိုးတွေကို မြင်ရတဲ့အထိဖြစ်လာမယ်။ အိပ်ရာနာက ပိုးမဝင်ဘူးဆိုရင် ကုသပျောက်ကင်းလွယ်ပေမယ့် ပိုးဝင်သွားရင်တော့ ကုသပျောက်ကင်းဖို့ခက်မှာပါ။

ပိုးဝင်ကူးစက်နေလား ဘယ်လိုသိနိုင်မလဲ……….

အိပ်ရာနာက ပိုးဝင်ကူးစက်တဲ့အခါ

  • နီမြန်းနေမယ်
  • ပြည်ထွက်နေမယ်
  • အနံ့ဆိုးထွက်နေမယ်
  • အနာက အထိမခံနိုင်ဖြစ်နေမယ်
  • အဖျားတက်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

အိပ်ရာနာ သက်သာစေဖို့အတွက်ဆိုရင်

  • အနာကို ဆပ်ပြာပျော့ပျော့ နဲ့ ရေကိုသုံးပြီး သန့်စင်ပါ။
  • ပြီးရင်ခြောက်သွေ့အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ
  • အနာက အရမ်းပြင်းထန်ရင်တော့ ဆရာဝန်ခေါ်ပြပါ
  • ဆားရည်နဲ့ဆေးကြောသန့်စင်ပြီး အနာကို ခြောက်အောင်သုတ်လို့ ပတ်တီးအုပ်ထားပေးပါ
  • အနာက ပိုးဝင်ထားမယ်ဆိုရင် antibiotics တစ်ခုခုလူးပါ။

ကာကွယ်လို့ရလား……….

အရာရာတိုင်းကို မဖြစ်ခင်က ကြီုတင်ကာကွယ်လို့ရတယ်ဆိုတဲ့ စကားက အိပ်ရာနာအတွက်လည်း အကျုံးဝင်ပါတယ်။

  • အိပ်ရာထဲမှာ လှဲနေရတဲ့ လူနာကို ၂ နာရီကြာတိုင်း ပုံစံပြောင်းပေးပါ။ ဝှီးချဲမှာထိုင်နေရသူကိုတော့ ၁၅ မိနစ်ကြာတိုင်း ပုံစံပြောင်းပေးပါ။
  • ​နေ့တိုင်း အရေပြားကို စစ်ဆေးပါ
  • အရေပြားကို ခြောက်သွေ့သန့်စင်နေအောင်ထားပေးပါ
  • အာဟာရပြည့်ဝအောင်ကျွေးပါ
  • ဆေးလိပ်မသောက်ပါစေနဲ့
  • ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေလုပ်ပေးပါ
  • လှုပ်ရှားမှုရှိအောင်ဂရုစိုက်ပေးပါ
  • အိပ်ရာခင်းကို ပုံမှန်လဲလှယ်ပေးပါ
  • စိုနေတာမျိုး ညစ်ပေနေတာမျိုးရှိရင် ချက်ချင်းလဲပေးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/12/2021 ဖြစ်ပါသည်။