home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခွေးလေးတွေ ရဲ့အစာကို လူတွေစားလို့ရလား

ခွေးလေးတွေ ရဲ့အစာကို လူတွေစားလို့ရလား

လတ်တလောကပဲ အိမ်မွေးခွေးလေးတွေကို ကျွေးဖို့ အစာရောင်းတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ (Facebook Page) ​လေးတစ်ခု တွေ့လိုက်ရပါတယ်။ ခွေးလေးတွေကို လုပ်ထားတဲ့ပုံဟာ ချစ်စရာကောင်းလွန်းပြီး စားချင်စဖွယ်မြင်တွေ့ရပါတယ်။ ဒီတော့ ခွေးလေးတွေ ကို ကျွေးတဲ့အစာ တွေကို လူတွေရော စားလို့ရပါသလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။

ဥပမာ အရေးပေါ်အခြေအနေကြောင့် စားစရာ အစာပြတ်လပ်ပြီလို့ဆိုကြပါစို့။ အသက်ရှင်သန်ဖို့အတွက် အစားတစ်ခုခုကို မဖြစ်မနေစားမှဖြစ်တော့မယ့်အချိန်မှာ မိမိနားမှာ ခွေးစာပဲရှိပါတယ်ဆိုရင် ဘာလုပ်မလဲ။ စားလိုက်လို့ အဆင်ပြေမှာလား။ နောက်တစ်ခုက အချစ်တော် အိမ်ခွေးလေးတွေဟာ လူတွေစားတဲ့ အစားအစာအချို့ကို ကြိုက်လို့ စားတတ်ကြပါတယ်။ ဒါဆိုရင် အပြန်အလှန်အနေနဲ့ လူတွေကရော သူတို့အစာကို ပြန်စားလို့ရနိုင်လား။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုအဖြစ် လေ့လာကြည့်ရအောင်။ ဒီဆောင်းပါးမှာ ခွေးစာကို လူတွေစားခြင်းဟာ အန္တရာယ် ကင်းရဲ့လားဆိုတာကို ပြောပြပေးထားပါတယ်။

တစ်ခါတလေ စားမိခြင်းဟာ သင့်ကို အန္တရာယ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

ခွေးလေးတွေ အတွက် ရည်ရွယ်ထားတဲ့ ခွေးစာဟာ လူတွေစားဖို့ အစားအစာလို အခြေအနေ၊ ပြင်ဆင်မှုတွေနဲ့ သေသေချာချာပြုလုပ်ထားတာ မဟုတ်တဲ့အတွက် စံနှုန်းနဲ့ မညီညွတ်ပါဘူး။ ဒါပေမယ့် အမြဲတစေမဟုတ်ဘဲ ပမာဏအနည်းငယ်သာ စားမယ်ဆိုရင် အထူးအထွေ အန္တရာယ်တော့ မရှိပါဘူး။ ခွေးစာဟာ တိရစ္ဆာန်တွေရဲ့ ဘေးထွက် ပစ္စည်းများ၊ ပဲစေ့၊ ပဲပိစပ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကို သဘာဝအတိုင်း ရောစပ်ထားခြင်း ဖြစ်ပါတယ်။ တိရစ္ဆာန်တွေရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရာမှာ အသားအပိုင်းအစ အချို့၊ အရိုးတွေ၊ အရေပြား၊ ကလီစာနဲ့ ပျက်စီးပုပ်သိုးပြီးသားဖြစ်တဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေ ပါဝင်တာမို့ လူတွေစားဖို့အတွက် မသင့်တော်သယောင် ဖြစ်နေပါတယ်။ လူတွေဟာလည်း ဒီပါဝင်ပစ္စည်း တွေကို မစားချင်လောက်ပါဘူး။ သို့ပေမယ့် ခွေးစာတွေဟာ နည်းစနစ်ကျစွာ ပြင်ဆင်ထားတာ ကိုလည်း သတိချပ်စေချင်ပါတယ်။ ဒါကြောင့် ပမာဏ နည်းနည်းသာစားမယ်ဆိုရင် အန္တရာယ် မဖြစ်စေနိုင်ပါဘူး။

ထို့အပြင် ခွေးစာမှာပါဝင်တဲ့ ဗီတာမင်တွေဟာရော လူတွေ သောက်နေကြတဲ့ အားဆေးတွေထဲက ဗီတာမင်တွေနဲ့ တူတူပဲလား။

ခွေးစာ တော်တော်များများမှာ လူတွေ တုပပြုလုပ်ထားတဲ့ ဗီတာမင်ကေ ပါဝင်ပါတယ်။ ‘Menadione’ဆိုတဲ့ ဗီတာမင်ကေဟာ သဘာဝ ဗီတာမင်မဟုတ်တဲ့ Vitamin K3 ဖြစ်ပါတယ်။ သင့်ရဲ့ခွေးလေးအတွက်တော့ အလွန်လိုအပ်လှတဲ့ ဗီတာမင်ပါ။ သို့သော် လူတစ်ယောက်အနေနဲ့ ဗီတာမင်ကေ အများကြီးကို စားသုံးမိရင်တော့ အန္တရာယ်ကြီးလှပါတယ်။ ဒါပေမယ့် ကံကောင်းတဲ့ တစ်ချက်ကတော့ ခွေးစာတွေမှာ Vitamin K3 ထည့်သွင်းထားတယ်ဆိုပေမဲ့ ပမာဏနည်းပါးပါတယ်။ ဒါကြောင့် ခွေးစာကို အကြာကြီး နှစ်ခြိုက်စွာ စားမနေသရွေ့တော့ အဆင်ပြေမှာပါ။

ခွေးလေးတွေ နဲ့ လူတွေဟာ အာဟာရလိုအပ်မှုခြင်း မတူညီကြပါဘူး။

ခွေးစာဟာ လူတွေစားလို့ရတယ် ဆိုပေမဲ့လည်း အချိန်အကြာကြီးစားဖို့တော့ မသင့် တော်ပါဘူး။ ခွေးစာမှာပါဝင်တဲ့ အာဟာရဟာ လူတစ်ယောက်အတွက် မလုံလောက်ပါဘူး။ ဥပမာတစ်ခု ပြောပါမယ်။ ဗီတာမင်စီဟာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ အသားအရေ ကောင်းမွန်လှပခြင်းအတွက် လိုအပ်သလို ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ် ကောင်းမွန်ရန်အတွက်လည်း အလွန်အရေးကြီးပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်က ဗီတာမင်စီ လုံးဝမထုတ်လုပ်နိုင်တာမို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကနေ ကျိန်းသေပေါက် ယူရမှာပါ။ သို့သော် ခွေးလေးတွေမှာတော့ မတူပါဘူး။ သူတို့ရဲ့အသည်းက ဗီတာမင်စီကို ထုတ်လုပ် ပေးနိုင်တာကြောင့် သူတို့ရဲ့အစားအစာတွေမှာ ဗီတာမင်စီ ထည့်သွင်းထားလေ့မရှိပါဘူး။ ဒီမှာ ပြောပြချင်တဲ့ အဓိကနှစ်ချက်ကို ထပ်ပြောပါမယ်။ ခွေးစာမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းအချို့ဟာ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တာမို့ ကာလကြာရှည်စွာ အများကြီးစားလို့ မရပါဘူး။ နောက်တစ်ချက်ကတော့ အချိန်အတိုင်းအတာတစ်ခုထိ ကြာရှည်စွာ စားသုံးပါက အာဟာရချို့တဲ့ခြင်းတွေ ဖြစ်လာမှာပါ။

အစားအသောက်မှတဆင့် ဖြစ်နိုင်တဲ့ ရောဂါတွေ ခံစားလာရမယ်။

လူတွေစားတဲ့ အစားအစာတွေနဲ့ယှဉ်ရင် ခွေးစာတွေဟာ ဘက်တီးရီးယားတွေ ရောနှောနေတတ်လို့ သင့်ကို နေမကောင်းဖြစ်စေနိုင်ပါတယ်။ ခွေးစာကုမ္ပဏီရဲ့ ထုတ်ပိုးမှု၊ သိမ်းဆည်းမှုနဲ့ ကိုင်တွယ်မှုတွေပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ဒီအချက်တွေကတော့ သင့်ရဲ့ ခွေးလေးအတွက်လည်း အရေးကြီးလှပါတယ်။ လူတွေဟာ အစားအစာအစိမ်းတွေနဲ့ သေချာမကျက်သေးတာတွေကိုစားဖို့ လုံးဝ(လုံးဝ)မသင့်တော်ပါဘူး။ ခွေးစာတွေဟာ အစိမ်းတွေများပါတယ်။ ဒါမှမဟုတ် အပူချိန် သတ်မှတ်ချက်တစ်ခုထိ ကျက်နေအောင် မချက်ထားတတ်ပါဘူး။ အသားစိမ်း(သို့မဟုတ်) ကောင်းမွန်စွာ မကျက်သေးတဲ့ အစားတွေကို စားတဲ့အခါ ‘Salmonella, Listeria, Campylobacter နဲ့ E.coli’ လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ပါတယ်။ နောက်ဆက်တွဲအဖြစ် ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေအတွက်ကတော့ အန္တရာယ်ပိုကြီးပါတယ်။

ကလေးတွေဟာ မသိနားမလည်သေးတာမို့ ခွေးစာတွေကို တွေ့တဲ့အခါ အမြင်ဆန်းတာကြောင့် စားမိတတ်ကြပါတယ်။ မိဘမသိအောင် တိတ်တိတ်လေး စားတတ်ကြတာဟာ ကလေးတွေရဲ့ သဘာဝပါ။ ဒါပေမဲ့ ကလေးလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးတွေလို ကောင်းစွာ မဖွံ့ဖြိုးသေးတာမို့ ရောဂါပိုးတွေ ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့တော့ ပမာဏနည်းနည်းလေးတောင် မစားသင့်ပါဘူး။ နောက်ပြဿနာတစ်ခုကတော့ ဆို့ခြင်း၊ နင်ခြင်းပါပဲ။ အချို့သော ခွေးစာတွေဟာ အခြောက်ခံပြုလုပ်ထားတဲ့ အစေ့အလုံးတွေ ဖြစ်နေပြီး ဝါးစားဖို့မလွယ်ကူသလို မြိုချမိပါက ဆို့နင်ခြင်းဖြစ်စေနိုင်ပါတယ်။ ဆို့နင်ခြင်းဟာ အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သင့်အိမ်မှာ ကလေးငယ်ရှိပါက ခွေးစာတွေကို သူတို့လက်လှမ်း မမှီနိုင်တဲ့ နေရာမှာသာထားပါ။ ခွေးလေးတွေကို အစာကျွေးနေချိန်မှာလည်း ကလေးတွေကို မျက်ခြည်မပျက်စောင့်ကြည့်ပါ။ သင့်ကလေး ခွေးစာစားမိပါက ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင်တော့ ခွေးစာကို လူတစ်ယောက်အနေနဲ့ စားချင်စိတ် ဖြစ်မိမယ်လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ အရေးပေါ်အခြေအနေတစ်ခုမှာ ရှိနေမယ်ဆိုရင် စားလို့ရနိုင်၊မရနိုင်ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ သင့်ခွေးလေးတွေရဲ့ နေ့စဉ်အစားအစာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုလည်း တစ်ပါတည်း သိရှိရတာပေါ့။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 02/03/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။