backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ


Dr. Thant Zin မှ ရေးသားသည်။ · 04/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ

ကြာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။ တာရှည်ခံအောင် ပြုပြင်ရာမှာ ဓာတုဆေးဝါးတွေပါဝင်လို့ အခုလို ယူဆတာပဲ ဖြစ်ပါတယ်။

ယခုဆောင်းပါးမှာတော့ တာရှည်ခံအသားတွေရဲ့ ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

တာရှည်ခံအသား ဆိုတာ ဘာလဲ

တာရှည်ခံအသားဆိုတာ အသားငါးများကို တာရှည်ခံနိုင်အောင် ဆားစိမ်ခြင်း၊ ကြပ်တိုက်ခြင်း၊ အခြောက်ခံခြင်း၊ စည်သွတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ပြုပြင်ထားခြင်းပဲ ဖြစ်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေကတော့

– ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဆလာမီ

– ဝက်ပေါင်ခြောက်

– အမဲသားဆားရေစိမ်

– ကြပ်တိုက်သား

– အမဲခြောက်

– စည်သွတ်ဗူး စသဖြင့် အမျိုးမျိုး ရှိပါတယ်။

အေးခဲထားခြင်း၊ ခုတ်ထစ်ပြုပြင်ထားခြင်း စတဲ့အသားတွေကိုတော့ မဆိုလိုပါဘူး။

ကျန်းမာရေးနှင့် မညီညွတ်ခြင်း

တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ တာရှည်ခံ အစားအစာတွေကို ရေရှည်စားသုံးသူတွေကို လေ့လာကြည့်ရာမှာ ရောဂါမျိုးစုံ အဖြစ်များကြောင်း သိရပါတယ်။ အဆိုပါ အသားတွေကို စားသုံးဖန်များတဲ့အခါ လတ်ဆတ်တဲ့ အသားငါးတွေ၊ အသီးအနှံတွေနဲ့ ဝေးလာပါတယ်။ နာတာရှည်ရောဂါတွေလည်း ဖြစ်လာစေပါတယ်။

နာတာရှည်ရောဂါများဖြစ်စေခြင်း

တာရှည်ခံအာင် ပြုလုပ်ထားတဲ့ အစားအစာတွေ စားသုံးဖန်များတဲ့အခါ အောက်ပါရောဂါများကို နာတာရှည်ဖြစ်စေနိုင်ပါတယ်။

သွေးတိုးခြင်း

– နှလုံးရောဂါ

– နာတာရှည်အဆုတ်ရောဂါ

– အစာအိမ်အူလမ်းကြောင်းများတွင်ဖြစ်သော ကင်ဆာများ စတာတွေ ဖြစ်ပါတယ်။

အဓိကပြဿနာကတော့ အသားတွေကို တာရှည်ခံအောင် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးတွေကြောင့် ဖြစ်ပါတယ်။

နိုက်ထရိုက်၊ နိုက်ထရိုစ်အေမင်းနှင့် အခြားဒြပ်ပေါင်းများ

အသားများရေရှည်ခံစေဖို့ ပြုပြင်ရာမှာပါဝင်တဲ့ နိုက်ထရိုက်၊ နိုက်ထရိတ်စတဲ့ ဒြပ်ပေါင်းများဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိုက်ကို အောက်ပါအခြေအနေတို့အတွက် သုံးပါတယ်။

– အသား၏ အနီရောင်၊ ပန်းရောင် အဆင်းကို ထိန်းသိမ်းလိုခြင်း

– အဆီဖြင့် ဓာတ်တိုးခြင်းဖြစ်စဉ်ကို ကာကွယ်ပြီး အရသာကောင်းမွန်စေခြင်း

ဘက်တီးရီးယားများမပေါက်ပွားစေရန် ကာကွယ်ခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

အဆိုပါဒြပ်ပေါင်းများဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ကင်ဆာအချို့ကို ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

Polycyclic Aromatic Hydrocarbon ဓာတ်ပစ္စည်း (PAHs)

အသားများကို ကြပ်တိုက်ခြင်းဟာ ရှေးအစဉ်အဆက်ကတည်းက အသားများကို ကြာရှည်ခံအောင် ပြုလုပ်ခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ကြပ်တိုက်ခြင်းကို ဆားစိမ်ခြင်း၊ အခြောက်ခံခြင်းနည်းလမ်းတွေနဲ့ပါ တွဲဖက်အသုံးပြုတတ်ပါတယ်။

ဒီနည်းလမ်းမှာ ပြဿနာအချို့ရှိပါတယ်။ ဥပမာ polycyclic aromatic hydrocarbons (PAHs) ဓာတ်ပစ္စည်းတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကြပ်တိုက်ထားတဲ့ အသားတွေနဲ့၊ မီးတောက်နဲ့ထိတွေ့ပြီး ကင်ထားတဲ့ အသားတွေမှာ တွေ့ရတတ်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းဟာလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဆိုဒီယမ်ကလိုရိုဒ်

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေမှာ ဆိုဒီယမ်ကလိုရိုဒ် ပါဝင်မှုများပြားပါတယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ သွေးတိုး၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ဒါ့အပြင် ဆားစားသုံးမှုများခြင်းဟာ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယားပေါက်ပွားမှုကို ပိုမိုအားပေးတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။

ဘာလုပ်သင့်လဲ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မလွှဲမရှောင်သာလို့ စားသုံးရင် ကိစ္စမရှိပေမယ့် ရေရှည်စွဲပြီး စားသုံးရင်တော့ ကျန်းမာရေးကိုထိခိုက်ပြီး ရောဂါဘယထူပြောလာမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ လတ်ဆတ်တဲ့ အသားငါးများ၊ အသီးအနှံများကို ပိုမိုစားသုံးပေးဖို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 04/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement