brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

ပြီးခဲ့တဲ့ ဆောင်းပါးမှာ Mindful eating က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

ခုဆက်ပြောမှာကတော့ Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲဆိုတာကိုပါ။ ဒီလို စားနိုင်ဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်နာကြည့်ကြပါ။

Mindful eating စားတော့မယ်ဆိုရင်

  • ဖြည်းဖြည်းချင်းစပါ။
  • စစချင်းမှာတော့ အနပ်တိုင်း အနပ်တိုင်း၊ snackတိုင်း snackတိုင်းကို သတိလေးထားပြီး စားနိုင်ဖို့ မဖြစ်သေးပါဘူး။ ဒါကြောင့် အရင်ဆုံး တစ်နပ်က စပါ။

    အေအေးဆေးဆေးစားနိုင်မယ့် တစ်နပ်ပေါ့။ မနက်စာလည်း ဖြစ်ချင်ဖြစ်မယ်၊ ညစာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

    • ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ။

    အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ စားနိုင်ရင် ပိုကောင်းပါတယ်။ တစ်ယောက်တည်း စစားကြည့်ပါ။ ကျင့်သားရသွားရင်တော့ အများနဲ့ စားလည်း အဆင်ပြေပါတယ်။

    စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ တီဗွီကြည့်ရင်း မစားပါနဲ့။ အာရုံများတတ်လို့ပါ။ နောက်ပြီး ထမင်းကို နည်းနည်းပဲ ထည့်ပါ။ လိုရင် ထပ်ထည့်လို့ရပါတယ်။ Mindful eatingက ခဏလေးနဲ့ ဗိုက်ပြည့်တတ်လို့ အရင်ကလောက် စားနိုင်မှာ မဟုတ်ပါဘူး။

    • ပန်းကန်ထဲကို အာရုံစိုက်ပါ။

    ဒီနေ့ ဘာစားတာလဲ။ ထမင်းလား၊ ခေါက်ဆွဲလား၊ ဘာဟင်းနဲ့လဲ။ ဘာတွေပါလဲ။ အရောင်တွေ၊ ပုံစံတွေကို သေချာ ကြည့်ပါ။ ပမာဏကရော များနေလား၊ နည်းနေလား။

    • သေချာဝါးပါ။

    ထမင်းလုပ် အနေတော်လောက်ပဲ ပါးစပ်ထဲထည့်ပါ။ ပြီးရင် ကျေညက်အောင် ဝါးပါ။ ထမင်းတစ်လုပ်ကို အနည်းဆုံး အခါ ၂၀လောက် ဝါးပါ။ ဝါးရင်းနဲ့လည်း အရသာကို ခံစားသွားပါ။

    ဒီနေ့ ဟင်းတွေက ငန်နေလား၊ ချိုနေလား၊ ပေါ့နေလား စသဖြင့်ပေါ့။ ဒါမှ ဆီးချိုသမားတွေ ဆိုရင်လည်း ငါတော့ ချိုတာတွေ စားနေမိပြီ။ သွေးတိုးရှိတဲ့ သူတွေလည်း နောက်နေ့တော့ အငန်လျှော့ချက်ရမယ် စသဖြင့် သတိထားမိမှာပါ။

    • စကားမပြောပါနဲ့။

    ထမင်းစားရင်း စကားပြောတာက နည်းနည်းတော့ အန္တရာယ်များပါတယ်။ မတော်တဆသီးတာ၊ အရိုးစူးတာတွေ ဖြစ်တတ်ပါတယ်။ ပြောချင်ဇောနဲ့ အစားကို မဝါးဘဲ မျိုချတာကြောင့် နင်တာ၊ အစာမကြေတာ ဖြစ်တတ်ပါတယ်။

    နောက်ပြီး ထမင်းဝိုင်းမှာ အခန့်မသင့်လို့ စကားများရင် စားလက်စကို ကုန်အောင် မစားဘဲ ထထွက်သွားတာကြောင့် ဗိုက်မပြည့်သလို အစားအသောက်လည်း အလဟဿဖြစ်ပါတယ်။ စကားကောင်းနေရင်လည်း ပြောလိုက် စားလိုက် လုပ်နေတာကြောင့် စားသင့်တာထက် ပိုစားမိသွားပါတယ်။

    ဒါကြောင့် တတ်နိုင်ရင် အစာစားနေရင်း စကားမပြောပါနဲ့။ မတတ်သာလို့ ပြောချင်ရင် ပါးစပ်ထဲက အစာကုန်မှ ပြောပါ။

    • အစာအိမ်ကို သတိပြုပါ။

    စားနေရင်းနဲ့ မကြာခဏ အစာအိမ်ကို ပြန်ခံစားကြည့်ပါ။ ဗိုက်ပြည့်တဲ့ ခံစားချက်ရတာနဲ့ ရပ်လိုက်ပါ။ ဆက်မစားပါနဲ့တော့။ ဆက်စားရင် ဗိုက်တင်းပြီး ရင်ခေါင်းတောင့်တာ၊ အစာမကြေတာတွေ ဖြစ်လာတော့မှာပါ။

    များသောအားဖြင့် အစာစစားပြီး မိနစ် ၂၀လောက်နေရင် ဦးနှောက်က ဗိုက်ပြည့်ပြီဆိုပြီး အချက်ပြပါတယ်။

    • ကျန်းမာရေးနဲ့ ညီညွတ်တာတွေပဲ ရွေးချယ်ပါ။

    Mindful eatingနဲ့ စားတယ်ဆိုပေမယ့် အဆီအစိမ့်တွေပဲ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားနေမယ်ဆိုရင် ဒုံရင်း ဒုံရင်းပါပဲ။ စားတဲ့ ပမာဏ နည်းသွားပေမယ့်ပေါ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို Mindful eatingနည်းလမ်းနဲ့ စားနိုင်ရင် အကောင်းဆုံးပါပဲ။

    • ကျေးဇူးတင်စိတ်နဲ့စားပါ။

    Mindful eating ရဲ့ ထူးခြားချက်က စိတ်ကိုပါ ငြိမ်းချမ်းစေတာပါပဲ။ စားတဲ့အခါမှာ ဒီလို စားနိုင်အောင် ပြင်ဆင်ပေးတဲ့၊ ရောင်းဝယ်ဖောက်ကားပေးတဲ့၊ စိုက်ပျိုးထုတ်လုပ်ပေးတဲ့ သူတွေကို ကျေးဇူးတင်စိတ်လေးနဲ့ စားမယ်။

    ကိုယ်ဒီလို အေးအေးချမ်းချမ်း ဝဝလင်လင် စားနိုင်တဲ့အတွက် ပီတိဖြစ်ပြီး စားမယ်ဆိုရင် ဦးနှောက်ထဲမှာ ပျော်ရွှင်ခြင်း ဟော်မုန်းတွေ ထွက်ပြီး စိတ်ဖိစီးမှုတွေလည်း သက်သာလာမှာပါ။

    Mindful eating ကို စဖို့ ဘာမှမလိုပါဘူး။ စစားကြည့်မယ်ဆိုတဲ့ စိတ်လေးပဲ လိုတာပါ။ ဒါကြောင့် စပြီး စမ်းသပ်စားကြည့်ပါ။ တစ်ခုခုတော့ ထူးခြားလာမှာပါ။ Mindful eatingနဲ့ စားပြီး သက်သောင့်သက်သာဖြစ်တာမျိုးကို ခံစားကြည့်ပါလို့ အကြံပြုချင်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/08/2020 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။