backup og meta

ပျော်ရွင်ခြင်းဟော်မုန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွင်ခြင်းဟော်မုန်းများ

    ဟော်မုန်းဆိုတာ သင့်ကိုယ်ခန္ဓာထဲက ဂလင်းမျိုးစုံကနေ ထုတ်လုပ်ပေးနေတဲ့ ဓါတုပစ္စည်းများဖြစ်ပါတယ်။ အဆိုပါ ဟော်မုန်းများ ဟာ သွေးထဲမှာလှည့်ပတ်ပြီး ကိုယ်ခန္ဓါရဲ့လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်ပါတယ်။ ဒီဟော်မုန်းတွေထမ်းဆောင်တဲ့ တာဝန်များထဲက အရေးပါတဲ့ တာဝန်တစ်ခုကတော့ သင့်ရဲ့စိတ်ကို သာယာပျော်ရွှင်စေခြင်း၊ ကျေနပ်နှစ်သိမ့်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆိုပါဟော်မုန်းများကို ပျော်ရွှင်ခြင်းဟော်မုန်းများလို့ အမည်တပ်နိုင်ပါတယ်။

    ပျော်ရွှင်ခြင်းဟော်မုန်းများ က ဘာတွေလဲ…

    ပျော်ရွှင်ခြင်းဟော်မုန်းများလို့ တင်စားနိုင်တဲ့ ဟော်မုန်းတွေမှာ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ပါဝင်ပါတယ်။

    ၁။ ဒိုပါမင်း။ ဒီဟော်မုန်းကတော့ သင့်ကို နေလို့ထိုင်လို့ကောင်းစေပါတယ်။ ပျော်ရွှင်နှစ်သက်ဖွယ်ရာ အာရုံခံစားမှုများနဲ့ ဆက်စပ်နေပါတယ်။

    ၂။ ဆီရိုတိုနင် ဒီဟော်မုန်းဟာ အာရုံကြောလျှပ်ကူးပစ္စည်းတမျိုးဖြစ်ပြီး သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အစားအသောက်ကောင်းခြင်း၊ အစာကြေညက်ခြင်း၊ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည် စတာတွေအတွက် အရေးပါပါတယ်။

    ၃။ အောက်ဆီတိုဇင်။ ချစ်မေတ္တာကို ကိုယ်စားပြုတဲ့ဟော်မုန်းဖြစ်ပါတယ်။ ကလေးမီးဖွားခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတာတွေအတွက် မရှိမဖြစ်အရေးပါပါတယ်။ ယုံကြည်မှု၊ ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာ စတာတွေကို ထင်ဟပ်စေပါတယ်။ ပွေ့ဖက်နမ်းရှုပ်ခြင်းနဲ့ ဖိုမကိစ္စတွေမှာ အောက်ဆီတိုဇင်ဟော်မုန်းပမာဏ မြင့်တက်တတ်ပါတယ်။

    ၄။ အင်ဒေါ်ဖင်။ ဒီဟော်မုန်းကတော့ နာကျင်ခံစားမှုများကို သက်သာစေဖို့ သဘာဝရဲ့လက်ဆောင်လို့ ဆိုရပါမယ်။ စိတ်ဖိစီးခြင်းနဲ့ ထိခိုက်နာကျင်ခြင်းများ ခံစားရချိန်မှာ ကိုယ်ခန္ဓါကနေ ထွက်လာတတ်ပါတယ်။ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဖိုမဆက်ဆံခြင်း စတဲ့အချိန်တွေမှာလည်း ထွက်ပေါ်တတ်ပါတယ်။

    အဆိုပါဟော်မုန်းလေးမျိုးဟာ လူတယောက်ရဲ့စိတ်ကို နာကျင်စရာများကနေ အထိုက်အလျောက် သက်သာစေပြီး ပျော်ရွှင်ကျေနပ်မှုကိုပေးတာမို့ လူသားတို့အတွက် အရေးကြီးလှပါတယ်။ ဆက်လက်ဖော်ပြမှာကတော့ ဒီဟော်မုန်းတွေကို ကိုယ်ခန္ဓါကနေ ထွက်ပေါ်လာအောင် ဘယ်လိုလှုံ့ဆော်ပေးမလဲဆိုတာပါပဲ။

    ဘယ်အချက်တွေက ပျော်ရွှင်ခြင်းဟော်မုန်းများ ကို မြင့်တက်စေမလဲ……

    အောက်ပါအချက်များကတော့ အသုံးဝင်မယ့်နည်းလမ်းတချို့ဖြစ်ပါတယ်။

    ၁။ အပြင်ထွက်ပါ

    နွေးထွေးတဲ့နေရောင်ခြည်အောက်ကိုထွက်ပြီး လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ဆီရိုတိုနင်နဲ့ အင်ဒေါ်ဖင် ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ နေ့စဉ် ၁၀-၁၅မိနစ်ခန့် ပြင်ပလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ အထောက်အကူပြုပါတယ်။ နေရာတခုတည်းကိုပဲ ထပ်တလဲလဲထိတွေ့ခြင်းထက် နေရာရှုခင်းအသစ်တွေဆီ ထွက်ပေးခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။

    ၂။ မိတ်ဆွေသူငယ်ချင်းများနဲ့ ရယ်မောပါ။

    ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက် ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ ရယ်မောခြင်းဟာ စိတ်ပူပန်မှု၊ ဖိစီးမှုကို အတန်ငယ်သက်သာစေပါတယ်။ အထူးသဖြင့် သင်ချစ်ခင်နှစ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရယ်ပွဲဖွဲ့ခြင်းဟာ ဒိုပါမင်းနဲ့ အင်ဒေါ်ဖင်ဓါတ်တွေ ထွက်လာစေပြီး စိတ်ကိုပျော်ရွှင်ပေါ့ပါးစေပါတယ်။ ရယ်စရာဟာသဗီဒီယိုများ ဝေမျှခြင်း၊ ဟာသစာအုပ်များ ဝေမျှဖတ်ရှုခြင်း စတဲ့အလေ့အထကို အကောင်အတည်ဖော်ပါ။ သင်ချစ်နှစ်သက်ရသူတဦးဦးနဲ့ အတူပျော်ရွှင်ရယ်မောခြင်းဟာ အောက်ဆီတိုဇင်ဟော်မုန်းကိုလည်း မြင့်တက်စေပါတယ်။

    ၃။ ချစ်ခင်ရသူနှင့်အတူ ကြိုက်နှစ်သက်ရာစားစရာများ ပြင်ဆင်စားသောက်ပါ။

    ဒီအချက်ဟာ လက်တွေ့မှာ ဟော်မုန်းလေးမျိုးစလုံးကို မြင့်တက်စေတယ်လို့ သိရပါတယ်။ အရသာကောင်းမွန်ပြီး သင့်ရဲ့နှစ်သက်ဖွယ်ရာဖြစ်တဲ့ စားသောက်ဖွယ်ရာများဟာ ဒိုပါမင်းကိုရော အင်ဒေါ်ဖင်ကိုပါ ထွက်လာစေပါတယ်။ ဒီစားရာတွေကို သင်ချစ်ရသူနဲ့ မျှဝေစားသောက်တဲ့အခါ အောက်ဆီတိုဇင်ဟော်မုန်းကို မြင့်တက်စေပါတယ်။

    ၄။ သီချင်းနားထောင်ပါ။

    တေးဂီတဟာ ပျော်ရွှင်ခြင်းဟော်မုန်းများကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းတခုပဲ ဖြစ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံများကို နားဆင်ခြင်းဟာ ဒိုပါမင်းဟော်မုန်းကို မြင့်တက်စေပါတယ်။ အမှန်တော့ ဘယ်တေးဂီတမျိုးမဆို နားဆင်ခြင်းဟာ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အဲဒီအခါမျိုးမှာ ဆီရိုတိုနင်ပမာဏကို မြင့်မားလာစေပါတယ်။ ဂီတပညာရှင်တွေဆိုရင် တေးဂီတကို ဖန်တီးခြင်းကနေ ဒိုပါမင်းကို ပိုမိုထွက်ရှိစေပါတယ်။ ကခြင်း၊ သီဆိုခြင်း၊ စည်းချက်လိုက်ခြင်း စတာတွေဟာလည်း အထောက်အကူပြုပါတယ်။

    ၅။ တရားထိုင်ပါ။

    တရားထိုင်ခြင်းကနေ ကောင်းကျိုးသုခများစွာရရှိစေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သုတေသနစာစောင်မှာ တရားထိုင်ခြင်းနဲ့ ဒိုပါမင်းဟော်မုန်းမြင့်တက်ခြင်းအကြား ဆက်စပ်မှုရှိကြောင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းကြောင့် အင်ဒေါ်ဖင်ဟော်မုန်း ပိုမိုထွက်ရှိကြောင်း အထောက်အထားတွေ တွေ့ရှိထားပါတယ်။ နေ့စဉ် အချိန်ရသလောက် တရားထိုင်ခြင်းဟာ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်လာဖို့ အထောက်အကူပြုပါလိမ့်မယ်။

    ၆။ အိပ်ရေးဝအောင်အိပ်ပါ

    အိပ်ရေးပျက်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ အိပ်ရေးဆက်တိုက်ပျက်တဲ့အခါ ဟော်မုန်းမညီမျှခြင်းကို ဖြစ်ပေါ်စေပြီး စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်ပြီး ဟော်မုန်းတွေ မျှတစေဖို့ တစ်ညကို ၇နာရီနဲ့ ကိုးနာရီကြား အိပ်စက်သင့်တယ်လို့ ဆိုထားပါတယ်။

    ၇။ ချစ်စရာညနေခင်းလေးများ ဖန်တီးပါ။

    သင်ချစ်ခင်နှစ်သက်ရသူနဲ့ ပျော်ရွှင်ချမ်းမြေ့စရာ ရိုမန်တစ်ညနေခင်းများ ဖန်တီးခြင်းဟာ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပိုမိုထွက်ပေါ်စေပါတယ်။ ချစ်ခင်နှစ်သက်သူနဲ့ အတူရှိခြင်းကြောင့် အောက်ဆီတိုဇင်ဟော်မုန်းကို ပိုမိုမြင့်တက်စေပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာထိတွေ့လှုပ်ရှားမှုတွေဖြစ်တဲ့ နမ်းရှုတ်ခြင်း၊ ထွေးပိုက်ပွေ့ဖက်ခြင်း၊ အတူနေခြင်း စတဲ့အရာတွေကလည်း အောက်ဆီတိုဇင်ဟော်မုန်းကို ပိုမိုထွက်ရှိစေပါတယ်။ သင့်ချစ်သူနဲ့ ဝိုင်တစ်ခွက်အတူသောက်ခြင်းဟာ အင်ဒေါ်ဖင်ဟော်မုန်းထွက်လာစေဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

    ၈။ ခွေးမွေးပါ။

    သင့်အချစ်တော် အိမ်မွေးခွေးလေးတွေဟာလည်း ချစ်ခြင်းမေတ္တာဟော်မုန်းဖြစ်တဲ့ အောက်ဆီတိုဇင်ကို ပိုမိုထွက်ပေါ်လာဖို့ အကူအညီပေးပါလိမ့်မယ်။ ခွေးလေးများကို ပွေ့ဖက်ခြင်း၊ အစာကျွေးခြင်း စတာတွေဟာ သင့်စိတ်ကို ကြည်နူးစေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေလည်း မြင့်တက်လာမှာ သေချာပါတယ်။ (သင့်ခွေးကို ကာကွယ်ဆေး စနစ်တကျထိုးဖို့တော့ လိုပါတယ်။)

    ၉။ အနှိပ်ခံပါ

    စနစ်တကျ အနှိပ်ခံခြင်းဟာ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်လာစေဖို့ အထောက်အကူပြုပါတယ်။ သင်ချစ်ရသူက ကြင်နာစွာ နှိပ်နယ်ပေးမယ်ဆိုရင်တော့ အောက်ဆီတိုဇင်ဟော်မုန်းပါ ပိုထွက်လာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement