backup og meta

သတိလေးနဲ့ စားတတ်ပါစေ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သတိလေးနဲ့ စားတတ်ပါစေ။

    သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောကြတယ်ဟုတ်။ ဘာပဲဖြစ်ဖြစ် သွားသတိ လာသတိ စားသတိလေးနဲ့ဆို ကောင်းတာပေါ့။

    ခုဒီဆောင်းပါးမှာ ဝိတ်လည်းကျစေမယ်၊ ဆီးချိုသမားတွေလည်း အစားအသောက်ကို ဆင်ခြင်တတ်မယ်၊ ခုခေတ်စားနေတဲ့ stress eatingကိုလည်း သက်သာစေမယ့် နည်းလမ်းလေး တစ်ခုကို ပြောပြပေးမယ်ဆို ဘယ်လိုလဲ။

    ဟုတ်တယ်။ နည်းလမ်းလေး တစ်ခုပါပဲ။ သင့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်ဖို့ သင်ပေးမယ့် နည်းလမ်းလေး တစ်ခုပါ။

    Mindful eating ဆိုတာ ဘာလဲ။

    Mindful eating ဆိုတာကို သိတဲ့လူလည်း သိကြမှာပါ။ သတိလေးကပ်ပြီး စားသောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗုဒ္ဓအယူဝါဒက ဆင်းသက်လာတယ်ဆိုပေမယ့် လူမျိုးဘာသာ မရွေးလုပ်နိုင်တဲ့ စိတ်လေ့ကျင့်ခန်းလေး တစ်ခုပါပဲ။ အနောက်နိုင်ငံတွေမှာတော့ တော်တော်ခေတ်စားနေပါပြီ။

    သူက အစာစားတဲ့အခါ စားတဲ့ကိစ္စမှာပဲ အာရုံစိုက်ပါတယ်။ ဘာတွေစားနေလဲ၊ အရသာတွေ၊ အရောင်အဆင်းတွေက ဘာတွေလဲ။ ဒါတွေကို တမြုံ့မြုံ့ ကျေညက်အောင် ဝါးရင်း တွေးနေတာပါ။ အလုပ်တိုင်း အလုပ်တိုင်းကို ဒီလိုပုံစံနဲ့ စားနေတာပါ။

    ပြီးတော့ ကိုယ်စားတဲ့အစားအစာတွေအပေါ်မှာ ကျေးဇူးတင်စိတ်၊ ပီတိစိတ်လေးနဲ့ စားနေတာပါ။ ကိုယ်ဒီလိုစားနေတဲ့အချိန်မှာ မစားနိုင်တဲ့သူတွေ အများကြီးရှိတယ်၊ ကိုယ်ဒီလို အေးအေးဆေးဆေး စားနေနိုင်ပေမယ့် ကျီးလန့်စာစားနေရသူတွေ အများကြီး ရှိတယ်။ ဒါဟာ ကိုယ့်ရဲ့ ကံကောင်းမှုပဲဆိုပြီး ပီတိဖြစ်တယ်။

    ဒီလိုစားနိုင်အောင် ချက်ပြုတ်စီစဉ်ပေးတဲ့သူ၊ ရောင်းဝယ်ပေးတဲ့သူ၊ စိုက်ပျိုးထုတ်လုပ်သူတွေကိုလည်း ကျေးဇူးတင်စိတ်လေးနဲ့ စားတယ်။ အကောင်းမြင်စိတ်လေးနဲ့ပေါ့။

    ဒါကြောင့် စားလိုက်ရတာက ထမင်းတစ်နပ်ဆိုပေမယ့် စားပြီးတဲ့အခါ ဝမ်းရော စိတ်ပါ ပြည့်ဝသွားပါတယ်။

    Mindful eating ရဲ့ အကျိုးကျေးဇူး

  • ဝိတ်ကျစေတယ်။
  • ဝိတ်ကျအောင် ထမင်းမစားဘူးတို့၊ ကီတိုဝင်နေတယ်တို့ဆိုတာ ရေတိုဆို အဆင်ပြေပေမယ့် ရေရှည်လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ မလုပ်နိုင်လို့ ရပ်လိုက်တဲ့အခါ ဝိတ်ပြန်တက်လာမှာပါ။

    Mindful eating ကျတော့ ပုံမှန်စားနေကြကိုပဲ သတိကပ်စားတာပါ။ အေးအေးဆေးဆေး တမြုံ့မြုံ့ဝါးနေတဲ့အတွက် ခဏလည်း နေရော ဗိုက်ပြည့်တဲ့ ခံစားမှုလေး ရလာပါတယ်။ ထမင်းကြည့်တော့ ပန်းကန်တစ်ဝက်တောင် မကုန်သေးပါဘူး။

    ခန္ဓာကိုယ်က စားနေရင်း မိနစ်၂၀လောက်နေရင် ဦးနှောက်ကို ဗိုက်ပြည့်တဲ့ signalလေး ပို့ပါတယ်။ အဲ့လို ပို့တာကို ဆက်စားနေရင် ဗိုက်အင့်လာမှာပါ။ တချို့ကလည်း အာရုံတွေများပြီး စားနေတော့ ဗိုက်ပြည့်လို့ ပြည့်မှန်း မသိပါဘူး။ ကုန်သွားမှသာ ဗိုက်အင့်နေမှန်း သိတာပါ။

    Mindful eatingမှာ အေးအေးဆေးဆေး စားနေတဲ့အတွက် မိနစ် ၂၀လောက်နေရင် ထမင်း တစ်ဝက်မကျိုးသေးတာတောင် ဗိုက်ပြည့်တယ်လို့ ခံစားမိတာပါ။ ဒီအချိန်မှာ ကိုယ့်စိတ်ကိုယ်ထိန်းပြီး ရပ်လိုက်ရင် ဆက်မစားဖြစ်တော့ပါဘူး။

    ဒါက ရေရှည်ဆိုရင် အလိုလိုနေရင်း အစားလျှော့စရာ မလိုဘဲ လျှော့ပြီးသား ဖြစ်သွားပါတယ်။ ဝိတ်လည်း ထိန်းပြီးသား ဖြစ်သွားပါတယ်။

    • ဆီးချို သွေးချိုရောဂါရှိသူတွေအတွက် အစားအသောက် ဆင်ခြင်စေတယ်။

    ဆီးချိုရှိတဲ့သူတွေနဲ့ စစချင်း diet plan ပြောရရင် အင်မတန် စိတ်ညစ်ရပါတယ်။ တစ်သက်လုံး ဇလုံနဲ့ ထမင်းစားလာတဲ့သူတွေကို ခုထမင်းစားရင် ၇ဇွန်းနဲ့ ၁၀ဇွန်းကြား စားနော်ပြောရင် သူတို့လည်း မစားနိုင်ပါဘူး။ ကိုယ်လည်း စိတ်ညစ်ပါတယ်။

    နောက်ကျတော့ လူနာတွေကို Mindful eatingနဲ့ စားခိုင်းပါတယ်။ ပန်းကန်ထဲမှာ စားရမယ့် ပမာဏကို တစ်ခါတည်း ထည့်ထား၊ ပြီးရင် စားတာက လွဲပြီး ဘာမှမလုပ်နဲ့ဆိုပြီး Mindful eating စားနည်းကို သင်ပေးထားလိုက်တယ်။

    ဆိုးတော့ မဆိုးပါဘူး။ သူတို့ ထိန်းတော့ ထိန်းချုပ်တတ်လာတယ်။ စားနေတာက ဘာတွေ၊ အရသာက ဘယ်လို ဆိုတာ သိလာတော့ သူတို့စားတာ ဒီနေ့ ငန်နေလား၊ ချိုနေလား စသဖြင့် ကောင်းကောင်း သိလာတယ်။ အစာကို သေချာဝါးနေရတော့ ခဏလေးနဲ့ ဗိုက်ပြည့်သွားတယ်။

    မပြည့်ဘူးဆိုရင်လည်း ထမင်းမဟုတ်တဲ့ အသားတို့၊ အသီးအရွက်တို့ကိုပဲ ထပ်စားခိုင်းတယ်။ ကြာကြာဝါးရတဲ့အတွက် အစာလည်း ကြေပြီး နေလို့ ထိုင်လို့ ကောင်းတယ်။ (ဆီးချိုသမားတွေက ကြာလာရင် အူလမ်းကြောင်း လှုပ်ရှားမှု အားနည်းလာတဲ့အတွက် မကြာခဏ ရင်ပြည့်တာ၊ အစာမကြေတာ ဖြစ်တတ်ပါတယ်။ )

    • Emotion hungerကို ထိန်းချုပ်တတ်လာတယ်။

    Emotion hunger ဆိုတာ စိတ်ဖိစီးမှုကြောင့် ဗိုက်မဆာဘဲ အစာတွေ အများကြီး စားတာကို ပြောတာပါ။ သူတို့က ဗိုက်လည်း တကယ်မဆာဘဲ စိတ်ဖိစီးမှု သက်သာအောင် စားလေ့ရှိတယ်။ စားတဲ့ပုံစံကလည်း အေးအေး ဆေးဆေး စားတာထက် တစ်ခုခုကို အငမ်းမရ လောဘတကြီး စားတာမျိုးပါ။

    ဒါကြောင့် စားပြီးရင်တောင် စိတ်က မတင်းတိမ်နိုင်ဘူး။ ဗိုက်က အင့်နေပေမယ့် ဆက်စားနေချင်စိတ် ရှိနေသေးတယ်။ ဒီလို စားသောက်ပုံက ရေရှည်ကျတော့ ကျန်းမာရေး ထိခိုက်လာတာပေါ့။

    ဒါကို ဖြေရှင်းဖို့လည်း Mindful eating ကို သုံးခိုင်းပါတယ်။ အရင်ဆုံး တစ်ခုခုကို စားချင်နေပြီဆိုရင် ဗိုက်ဆာတာလား၊ စိတ်ဆာတာလား အရင်သုံးသပ်ခိုင်းပါတယ်။ ဗိုက်ဆာတာဆိုရင် စားပေါ့။ စားလည်း Mindful eating နဲ့ပဲ စားခိုင်းပါတယ်။ ဆာလောင်နေရင် ပိုစားမိတတ်လို့ပါ။

    စိတ်ကြောင့် ဆိုရင်တော့ တခြားနည်းလမ်းတွေနဲ့ အရင်ဖြေရှင်းခိုင်းလေ့ရှိပါတယ်။ ဥပမာ ရေတဝသောက်လိုက်တာမျိုးပေါ့။ မရဘူး၊ စားကို စားရမှဆိုရင်တော့ စားလိုက်ပါ။ Mindful eating နဲ့ စားကြည့်ပါ။

    တကယ်လည်း စားရော ထင်သလောက် စားလို့ မဝင်ပါဘူး။ ဗိုက်မှမဆာတာ စားလို့ ဘယ်ဝင်မလဲ။ ဒေါနဲ့ မောနဲ့ စားဖို့ လာခဲ့ပေမယ့် တကယ်လည်း အာရုံစူးစိုက်ပြီး စားလိုက်တော့ ခုနက စိတ်ဖိစီးတာတွေ သက်သာသွားပါတယ်။

  • အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတယ်။
  • အစာကို သေချာဝါးနေတဲ့အတွက် အစာခြေဖို့ အစာအိမ်နဲ့ အူလမ်းကြောင်းက ဝမ်မပိတော့ပါဘူး။ ဒါကြောင့် အစာမကြေတာ၊ ဝမ်းချုပ်တာ သက်သာစေပါတယ်။

    ဗိုက်အင့်တာ၊ ရင်ခေါင်းအောင့်တာတွေလည်း မဖြစ်တော့ဘူးပေါ့။ စားပြီးလို့ အိပ်ငိုက်တာမျိုးလည်း မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားလာနိုင်မှာပါ။

    ဒါကတော့ Mindful eatingရဲ့ အကျိုးကျေးဇူးတွေပါပဲ။ နောက်တစ်ခေါက်ကျရင်တော့ Mindful eatingကို ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါ့မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement