backup og meta

စိတ်ညစ်တိုင်း စား နေတော့မှာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ညစ်တိုင်း စား နေတော့မှာလား။

    အရင်ကတော့ ဗိုက်ဆာရင်ပဲ စားကြတာပါ။ ခုခေတ်ကတော့ အပြိုင်အဆိုင်များတဲ့ ခေတ်ဆိုတော့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ စားလာကြပါတယ်။ အရင်ကတော့ စိတ်ညစ်လို့ စိတ်ထွက်ပေါက်ရှာမယ်ဆိုရင် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ် စသဖြင့်ပေါ့။ ခုတော့ စိတ်ညစ်တိုင်းစား ပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့ နည်းလမ်းတွေထဲမှာ ဒီနည်းက အန္တရာယ်အကင်းဆုံးပဲပေါ့။

    ဒါပေမယ့်  ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စားမိမယ်ဆိုရင်ပေါ့။

    ကိုယ့်ကိုယ်ကို တစ်ခေါက်လောက် မေးကြည့်ပါလား။ တစ်နေ့ တစ်နေ့ စားနေတာတွေက တကယ်ဆာလို့ စားနေတာလား။ ဒါမှမဟုတ် စိတ်ပြေရာ ပြေကြောင်း စားနေတာလားလို့။ TGIFလည်း စား၊ အသည်းကွဲလည်းစား၊ ပျင်းလည်းစား၊ စိတ်ညစ်လည်းစား၊ နောက်ဆုံး မာလာရှမ်းကောလေး dicountချလို့ တန်တုန်း စားရမယ်ဆိုပြီးစား၊ စားပြီးရင်း စားနေမိတော့တာပဲ။

    ဒါကို အဖြေရှာရပါမယ်။ စိတ်ထဲမှာ ဖြစ်တဲ့ဝေဒနာ တစ်ခုကို အစားနဲ့ ဖုံးလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ပြီးတော့ စိတ်ညစ်တိုင်း စားမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားမယ်ဆိုရင် ပိုကောင်းတာပေါ့။

    စိတ်ကြောင့် စားတာလား၊ ဆာလို့ စားတာလား။

    Emotional hunger ဆိုရင်တော့ ခုပဲ ရည်းစားနဲ့ စိတ်ကောက်တယ်။ သူငယ်ချင်းကို ဖုန်းဆက်ပြီး လှမ်းပြောတယ်။ ဒီနေ့ hot pot သွားစားရအောင်တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ ဒီနေ့ စားကို စားမှာနော်တဲ့။

    စိတ်ကြောင့်ဆိုရင် အဲ့ဒီလိုပါ။ ရုတ်တရက် အကြောင်းအရင်း မရှိဘဲ တစ်ခုခုကို စားချင်လာမယ်။ ပြီးတော့လည်း ဒါဆို ဒါမှ hot potကို မာလာရှမ်းကောသွားလုပ်လို့ မရဘူး။ တကယ်ညနေသွားစားကြည့် ၂သောင်း ၃သောင်းလောက်က အသာလေးပဲ။ ဗိုက်ပြည့်တာတောင် ရပ်လို့ မရတော့ဘူး။

    Physical hungerကျတော့ သူက တကယ်ဆာတာ။ စားရမယ့် အချိန်ကျော်သွားလို့ ဆာလာတာ။ ကြာလာလေလေ ဆာလာလေလေပဲ။ တစ်ခါတလေ အလုပ်မပြတ်သေးလို့ နောက်မှ စားမယ်ဆိုပြီး ရွှေ့ထားလို့ရသေးတယ်။ သိပ်ပြီး cravingဖြစ်မနေဘူး။ ဘာစားမှ ညာစားမှလည်း မရှိဘူး။ တစ်ခုခုစားလိုက်လို့ ဗိုက်ပြည့်သွားရင် ရပြီ။

    ဒါနဲ့ တစ်ဆက်တည်း emotional eating cycleဆိုတာလေးကို ပြောပြချင်ပါတယ်။ စိတ်ညစ်တိုင်း စား တတ်တဲ့သူတွေမှာ တွေ့ရတာလေးပေါ့။

    တစ်ခုခုကြောင့် စိတ်ထဲမှာ ခုသွားမယ် (စိတ်ညစ်တာ၊ စိတ်ဖိစီးတာ)။ ပြီးရင် တစ်ခုခုကို မရမနေ စားချင်စိတ်ဖြစ်မယ်။ စားလည်းစားလိုက်တယ် (စားနိုင်တာထက်ပိုပြီး)။ စားပြီးတော့မှ အသိစိတ်ဝင်လာပြီး ငါတော့ စားတာ များသွားပြီ။ ဝိတ်တက်တော့မှာပဲတို့၊ ပိုက်ဆံတွေ ကုန်ပါပြီတို့ပေါ့။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို guilty ဖြစ်လာပါတယ်။

    စိတ်ညစ်တိုင်း စား နေတာကို ဘယ်လို ကျော်လွှားမလဲ။

    • တစ်နေ့တာ စာရင်းလုပ်ပါ။

    ငါဒီနေ့ ဘာတွေစားလဲ။ ဆာလား မဆာဘူးလား။ စိတ်ညစ်နေလို့ စားတာလား စသဖြင့် ပွင့်ပွင့်လင်းလင်း မှတ်ထားပါ။ ဒီဒိုင်ယာရီက သင်တစ်ယောက်တည်း အတွက်ပါ။ စိတ်ညစ်တဲ့အချိန်ဆို ဘာတွေ စားထားလဲ စသဖြင့်ပေါ့။

    ဒီလို တစ်နေ့တာ ကုန်သွားလို့ ပြန်ကြည့်လိုက်ရင် ဆာလို့ စားတာ၊ စိတ်ညစ်လို့ စားတာ ဘယ်ဟာ ပိုများလဲ ထွက်လာပါလိမ့်မယ်။ ဘေးနားမှာ ကုန်ကျစရိတ်လေးတွေပါ ထည့်ထားရင် ပိုတောင် ကောင်းမလားပဲ။

    • စိတ်ဖိစီးမှု ဖြေရှင်းဖို့ တခြားနည်းလမ်း ရှာပါ။

    စားတာ မဟုတ်ဘဲ စိတ်ဖိစီးရင် သီချင်းအော်ဆိုတာတို့၊ ရေသွားချိုးတာတို့၊ ဟာသကားကြည့်တာတို့၊ လေ့ကျင့်ခန်း ပြေးလုပ်လိုက်တာတို့ စသဖြင့် တခြား ပြေရာပြေကြောင်းတွေ စမ်းကြည့်ပါ။

  • အာရုံပြောင်းပါ။
  • စိတ်ညစ် လို့ စားချင်နေပြီလား။ ကိုယ့်ကိုယ်ကို စိတ်ညစ်မှန်းလည်း သိတယ်၊ မစားသင့်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့် စားချင်စိတ်ကို ဖျောက်မရဘူးဆိုရင် အရင်ဆုံး ရေတစ်ခွက် အဝသောက်လိုက်ပါ။ တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာတာနဲ့ မှားတတ်ပါတယ်။

    ပြီးရင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ တခြား အာရုံပြောင်းမယ့် အလုပ်တစ်ခုခု လုပ်လိုက်ပါ။ ဥပမာ လမ်းထွက်လျှောက်တာမျိုး၊ သူငယ်ချင်းနဲ့ ဖုန်းပြောတာမျိုးပေါ့။

    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေပဲ ထားပါ။

    အအေးတို့၊ အသင့်စား အစားအစာတို့ကို ကိုယ်နဲ့ နီးတဲ့ နေရာမှာ မထားပါနဲ့။ သစ်သီးလေးတွေကို လှီးပြီး ဘူးထဲထည့်ထားပါ။ အစေ့အဆန်လေးတွေကို တစ်ခါစားစာ အထုပ်လေးတွေ ထုတ်ထားပါ။ အုတ်ဂျုံဝယ်ထားပါ။ တစ်ခုခုစားမှ အဆင်ပြေမယ့်အချိန်ဆို ဒါတွေပဲ စားပါ။

    ဒီလိုစားတိုင်း ပြရမယ်တော့ မဟုတ်ပါဘူး။ လူတိုင်းစိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်တိုင်းလည်း စားတတ်ကြပါတယ်။ ဒါပေမယ့် ဒါက တရားလွန်ဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြပြီး အကြောင်းရင်းကို ရှာဖွေကုသပါ။

    နောက်တစ်ခုက emotional eating cycle ဖြစ်နေပြီဆိုရင် ကြာလာရင် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ များလာပြီး စိတ်ကျတဲ့ဘက်ကို ပြောင်းသွားမှာပါ။ ဒီလိုဆိုရင်တော့ ဆွေးနွေးမှု ခံယူလိုက်တာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement