backup og meta

Micronutrient များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Micronutrient များ

    ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအုပ်စု (၃)စုကိုလူတိုင်းသိပေမဲ့ ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။ များသောအားဖြင့် ရောဂါဖြစ်မှ၊ နေမကောင်းဖြစ်မှ အားဆေးတွေ၊ ​အာဟာရရှိတာတွေလိုက်စားတတ်ပါတယ်။ ဒီလိုရောဂါဖြစ်မှ ရှိသမျှပိုက်ဆံ ပုံအောပြီးကုရတဲ့အဖြစ်မျိုးမရောက်ဘဲ ရောဂါအလွယ်တကူမဖြစ်အောင် မိမိတို့ရဲ့ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ရမလဲကြည့်လိုက်ကြရအောင်။

    ကိုယ်ခံအား(Immunity) ဆိုတာ မိမိတို့ခန္ဓာကိုယ်ရဲ့ ခံတပ်ကြီးတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ မွေးရာပါစစ်သားတွေပါလာပေမဲ့ စစ်လက်နက်တွေမရှိတဲ့အခါ ပြင်ပကရောဂါတွေ၊ မိမိတို့ခန္ဓာကိုယ်ဖောက်ပြန်လို့ဖြစ်လာတဲ့ရောဂါတွေဟာ အလွယ်တကူဖြစ်ပေါ်လာပါတယ်။၊ ကိုယ်ခံအားကျတဲ့အခါ အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးကစပြီး ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။

    ဒီအခါကျရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး မလိုအပ်ဘဲ ဆေးတွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေသောက်ရာက ဆေးယဥ်ပါးပြီး ရေရှည်မှာ မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်အတွက်ပါဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ခံတပ်ကြီးဟာ ကြံ့ကြံ့ခံပြီး လက်နက်အင်အားတောင့်တင်းနေမယ်ဆိုရင် ရန်သူရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်ပါဘူး။ ဒီလိုလက်နက်အင်အားပြည့်စုံတဲ့ ကိုယ်ခံအားအင်ပါယာကြီးကို ဘယ်လိုတည်ဆောက်ရမလဲဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။ မိမိတို့နေ့စဥ်စားသောက်နေတဲ့ အစားအသောက်တွေကနေတဆင့်တည်ဆောက်လို့ရပါတယ်။

    မိမိနေ့စဥ်စားသောက်နေတဲ့ အစားအသောက်ထဲမှာ အသက်ရှင်ဖို့လိုအပ်တဲ့ macronutrients (ကစီဓာတ်၊ အဆီဓာတ်နဲ့ အသားဓာတ်) တွေအပြင် ပမာဏအနည်းငယ်သာလိုအပ်ပေမယ့် ကိုယ်ခံအား အတွက်အဓိကကျတဲ့ micronutrients ခေါ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ အစာအုပ်စု (၃) စုကို မျှတစုံလင်အောင် စားနေတဲ့သူတွေအဖို့ ဒီဓာတ်တွေက အလိုလိုရရှိနေမှာဖြစ်ပြီး အစားအသောက်ချေးများတဲ့သူတွေ၊ အသီးအရွက်မကြိုက်ဘူးဆိုသူတွေအတွက်ကတော့ ရေရှည်မှာဒီ micronutrients တွေ ချိုတဲ့လာနိုင်ပြီး ချို့တဲ့တဲ့ဓာတ်အပေါ်မူတည်ကာရောဂါဘယတွေဝင်လာနိုင်ပါတယ်။ ဒီတော့ အစားအစာကို အသက်ရှင်ဖို့သက်သက် စားတာမျိုးမဟုတ်ဘဲ ကျန်းမာရေးအတွက် ရေရှည်အထောက်အကူဖြစ်အောင်ဘယ်လိုမျှတစုံလင်အောင်စားရမလဲကြည့်လိုက်ရအောင်နော်။

    ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာအုပ်စု (၃)စုကိုခွဲခြမ်းလိုက်မယ်ဆိုရင် လေးပိုင်းတွေ့ရပါမယ်။

    ၁) ကစီဓာတ် (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး တို့မှရရှိ)

    ၂) အဆီဓာတ် (အပင်၊ အသီးအနှံ နှင့် အသားငါး၊ အစေ့အဆံတွေကရတဲ့အဆီ)

    ၃) အသားဓာတ် (အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းမှ ရရှိ)

    ၄) ဗီတာမင်နှင့် သတ္တုဓာတ်

    အထက်က (၃)မျိုးကတော့ အသက်ရှင်သန်ဖို့အတွက် နေ့စဥ်စားသုံးနေကြပါတယ်။ အသက်ရှင်ဖို့လုံလောက်ပြီဆိုရင် ကျန်းကျန်းမာမာနဲ့ရောဂါဘယတွေမဝင်စေဖို့ micronutrients တွေကိုလည်းနေ့စဥ်မျှတစွာစားသုံးပေးရပါမယ်။ တစ်နည်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပေါ့။ ဘယ်ကနေရနိုင်လဲကြည့်လိုက်ရအောင်။

    ၁) ဗီတာမင် (Vitamins)

    ဗီတာမင်တွေကို အသား၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေကို စားသုံးခြင်းအားဖြင့် အဓိကရရှိပါတယ်။ နေရောင်ခြည်နဲ့ ကယ်လ်ဆီယမ်ကိုအသုံးပြုပြီးရတဲ့ Vitamin D ကလွှဲလို့ ကျန်တဲ့ဗီတာမင်တွေကိုခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါ။ အဲဒီတော့ နေ့စဥ်စားသုံးပေးဖို့လိုပါတယ်။ အားဆေးသောက်ဖို့ရော လိုမလားဆိုရင် တန်ဆေးလွန်ဘေးဆိုသလို လိုအပ်တဲ့ပမာဏများသွားရင် ခန္ဓာကိုယ်ကမစွန့်ပစ်နိုင်တဲ့ ဗီတာမင်တွေ (Vitamin A, D. E, K) လည်းရှိလို့ ဗီတာမင်ကြွယ်ဝတဲ့အစားအသောက်တွေကို နေ့စဥ်စုံလင်အောင်စားသွားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

    ၂) သတ္တုဓာတ် (Minerals)

    သတ္တုဓာတ်တွေကို ရေ၊ မြေကြီးနှင့် အသီးအရွက်တွေကနေအဓိကရရှိပါတယ်။ တိုက်ရိုက်ရရှိနိုင်တာရှိသလို သူတို့ကိုစားသုံးတဲ့တိရစ္ဆာန်တွေကိုစားသုံးခြင်းအားဖြင့်လည်းရရှိနိုင်ပါတယ်။ ရေကလည်း ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုတာမမေ့လျော့ဘဲ နေ့စဥ် သတ်မှတ်ထားတဲ့အတိုင်း သောက်ပေးသင့်ပါတယ်။ အကြမ်းဖျင်းတွက်ရင် 0.033 litres per kg သောက်ပေးသင့်ပါတယ်။ (ဥပမာ ကိုယ်အလေးချိန် 60kg ဆိုရင် တစ်နေ့ကို ရေနှစ်လီတာသောက်ပေးသင့်ပါတယ်။)

    ဒီလိုကိုယ်ခံအားမြှင့်တင်ပေးတဲ့ အစားအသောက်တွေကိုများများစားသုံးပေးခြင်းဟာ ရောဂါဖြစ်မှကုသတာထက်အဆမတန်အကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့ အစားသောက်တွေကိုစားသုံးခြင်းဖြင့် ဆိုးကျိုးများတဲ့ ready-made စားစရာတွေ၊ ကိုယ်အလေးချိန်တက်စေတဲ့အစားအစာတွေ၊ ကျန်းမာရေးထိခိုက်မယ့် အစားအစာတွေကိုပါရှောင်ပြီးသားဖြစ်သွားမှာပါ။

    ဒီလို ကိုယ်ခံအားအတွက်အရေးကြီးတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို သူတို့ပါဝင်တဲ့ အသားငါး ၊အသီးအရွက်၊အသီးအနှံနှင့် အစေ့အဆံတွေကိုတိုက်ရိုက်စားသုံးပေးတာအကောင်းဆုံးနှင့် အထိရောက်ဆုံးပါ။ အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေးမကောင်းလို့ အစာကောင်းကောင်းမစားတဲ့နိုင်သူတွေကတော့ ဗီတာမင်နှင့် သတ္တုဓာတ်တွေပါဝင်တဲ့ supplements တွေကိုသေချာရွေးပြီးသောက်သုံးသင့်ပါတယ်။ ကလေးငယ်တွေကိုလည်း ငယ်စဥ်ကတည်းက သင့်တင့်မျှတစွာစားသောက်တတ်အောင် လေ့ကျင့်သင်ကြားပေးပြီး ကြားချိန်တွေမှာအာဟာရရှိတဲ့ snack လေးတွေကျွေးသင့်ပါတယ်။ ဘယ်စားစရာတွေမှာ ဘယ်ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်သလဲဆိုတာကို Hello Sayarwon မှာလည်းကြာခဏဖော်ပြပေးနေလို့  ဆက်လက်စောင့်ကြည့်ပေးကြပါနော်။

    ရေးသားသူ ။   ။ အမရာကျော်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement