backup og meta

အစားအသောက်တွေကို အလွန်အကျွံစားမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်တွေကို အလွန်အကျွံစားမယ်ဆိုရင်

    ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ အစားအသောက် တွေကလည်း ပုံစံအမျိုးမျိုး၊ အရသာမျိုးစုံ နဲ့ ရွေးချယ်စရာ အတော်ကို စုံလင်လာပါတယ်။ စုံလင်လှတဲ့ စားသောက်ဆိုင်တွေအပြင် နောက်ပိုင်းမှာ buffet လို့ခေါ်တဲ့ အဝစားဆိုင်တွေလည်း များပြားလာတဲ့ အခါ လူတွေကို အစားအသောက်တွေကို အတော်လေးပိုပြီး စားဖြစ်လာကြပါတယ်။

    စိတ်ညစ်ရင်စားတယ်၊ ပျော်ရင်စားတယ်၊ အလိုလို နေရင်းစားတယ် စသဖြင့် အချိန်တိုင်းမှာ စားလာကြတာကို တွေ့ရပါတယ်။ အစားအစာက လူနဲ့တည့်တယ်၊ စားသင့်တယ်ဆိုတာ မှန်ပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံစားမိမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အစားအစာတွေကို ခဏခဏ အလွန်အကျွံစားမိမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

    အစားအသောက်တွေကို မကြာခဏ လိုတာထက်ပိုပြီး အလွန်အကျွံစားမယ်ဆိုရင်

    ၁။ ပျို့အန်ချင်လာမယ်။

    ဒါကတော့ ရေရှည်မှ မဟုတ်ဘဲ ချက်ချင်း ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးပါ။ အစာအိမ်က လက်ခံနိုင်တာထက်ပိုပြီး စားမိတဲ့ အခါမှာ အစာမကြေတာ၊ ပျို့ချင်လာတာ မျိုးဖြစ်ပြီး Gas တွေ အများကြီး ထွက်လာတာကြောင့် ရင်ပြည့်ရင်ကယ် ဖြစ်စေနိုင်ပါတယ်။ ဆိုးရွားရင် အန်တဲ့ အထိဖြစ်နိုင်ပါတယ်။

    ၂။ အဆီတွေ စုလာမယ်။

    ကျန်းမာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် မျှတတဲ့ ကယ်လိုရီပမာဏ ဖြစ်နေဖို့ အရေးကြီးပါတယ်။ သင်စားလိုက်တဲ့ ကယ်လိုရီပမာဏက သုံးနိုင်တဲ့ ကယ်လိုရီပမာဏထက် အများကြီးပိုနေမယ်၊ မျှတမှု မရှိတော့ဘူးဆိုရင်တော့ အဲဒီ ပိုနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်နဲ့ စုဆောင်းထားလိုက်တဲ့အတွက် ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာနိုင်ပါတယ်။

    ၃။ ဆာလောင်မှုကို ဖြစ်စေတဲ့ ပုံမှန် ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်လာမယ်။

    ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ ဒီလို ဆာလောင်ခြင်း၊ ဗိုက်ပြည့်ခြင်း စတဲ့ခံစားမှုတွေနဲ့ လိုအပ်တဲ့ အားအင်ကို ရရှိစေဖို့ ထိန်းညှိပေးနေတဲ့ ghrelin နဲ့ leptin လို့ခေါ်တဲ့ အဓိက ဟော်မုန်းလေးနှစ်ခု ရှိပါတယ်။ အစာမစားတာ အချိန်ကြာလာတဲ့အခါမှာ Ghrelin ဟော်မုန်းလေးက ဆာလောင်ခြင်းကို ဖြစ်စေပြီး စားပြီးတဲ့အခါမှာ Leptin ဟော်မုန်းလေးက ဗိုက်ပြည့်တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။

    ဒါပေမယ့် လိုအပ်တာထက်ပို ပြီး ခဏခဏ အလွန်အကျွံစားတဲ့အခါ အဲဒီလို ထိန်းညှိပေးတဲ့ ဖြစ်စဉ်လေး ယိုယွင်းလာနိုင်ပါတယ်။ ဒါ့အပြင် အငန်ဓာတ်၊ အချိုတွေနဲ့ အဆီပါတဲ့ အစားအစာလေးတွေ စားတဲ့အခါမှာ သာယာကောင်းမွန်တဲ ခံစားချက်ကို ဖြစ်စေတဲ့ dopamine ဟော်မုန်းလေးတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ကြာလာတဲ့အခါ ခန္ဓာကိုယ်က အဲလို ခံစားချက်ကို စွဲလမ်းလာပြီး အမှန်တကယ် ဆာတာထက် သာယာတဲ့ခံစားချက်ကို နှစ်ခြိုက်တဲ့လာတဲ့ အတွက် စားချင်စိတ်ကို ဖြစ်လာစေပြီး ပိုစားမိစေပါတယ်။

    ၄။ ရောဂါတွေ ပိုဖြစ်လာစေနိုင်ပါတယ်။

    တစ်ခါတစ်လေ အများကြီးစားမိတာက ပြသနာမရှိပေမယ့် ခဏခဏ အချိန်အကြာကြီး ဖြစ်လာတဲ့အခါမှာ အဆီတွေစုလာမယ်၊ အဝလွန်လာမယ်။ ဒါ့အပြင် သွေးတွင်း အဆီဓာတ်တွေများလာတာကြောင့် သွေးပေါင်တွေ တက်လာခြင်းနဲ့ နှလုံးထိခိုက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အစားအစာတွေ အလွန်အကျွံစားတဲ့အခါ အချိုဓာတ်တွေများလာပြီး သေချောချာ ဂရုမစိုက်မိရင် ဆီးချိုရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်။

    ၅။ ဦးနှောက်ရဲ့ လုပ်ငန်းတွေ ထိခိုက်လာမယ်။

    အစားအလွန်အကျွံစားတဲ့ သူတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတင်မကဘဲ အသက်ကြီးလာတဲ့ အခါမှာ ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်လာနိုင်ပါတယ်။

    ဒီလို ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်စေတာကြောင့် အစာစားတဲ့အခါ မကြာခဏ အလွန်အကျွံ မစားမိစေဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ကောင်းစေတဲ့ သဘာဝသစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ နဲ့ အရမ်းချိုတာ၊ အဆီများ၊ အငန်များတာတွေကို ရှောင်ကြဉ်ကြဖို့လည်း မမေ့ကြပါနဲ့နော်။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement