backup og meta

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

    ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကို အသားပေးစားတဲ့ ဂျပန်တွေကတော့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေလို့တောင် အသိအမှတ်ပြုခံထားရသေးတာ မဟုတ်လား။ ဒါဆို ဆူရှီတွေက စားသင့်တာလား။ မစားသင့်တာလား။ ဆူရှီတွေက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရင်ကြည့်ကြည့်ရအောင်။

    ၁။ ဆူရှီလုပ်ရာမှာ အသုံးပြုတဲ့ ငါးတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

    ထရောက်ရေချိုငါး၊ တူနာ နဲ့ ဆယ်လ်မွန်တို့လို ငါးတွေနဲ့ ဆူရှီတွေမှာ Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါဟာ ဆူရှီက ပေးနိုင်တဲ့ အကောင်းဆုံးသော ကျန်းမာရေး အကျိုးကျေးဇူးပါပဲ။ ဒီအဆီဟာ ကောင်းမွန်တဲ့ ကိုလက်စထရော ပုံစံတစ်မျိုးဖြစ်ပြီး သွေးကြောပိတ်တာတွေကို ကာကွယ်တားဆီးပေးနိုင်သလို သွေးဖိအားကျခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ငါးနဲ့ Soy sauce တွေမှာ တွေ့ရတဲ့ သံဓာတ်က သွေးနီဥတွေကို အားပေးပြီး သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းလာမယ်ဆိုရင် ဇီဝလှုံ့ဆော်မှု အားကောင်းလာတာ၊ အသားအရောင်ညီလာတာ၊ ဆံသားတွေ ပိုကောင်းမွန်လာတာနဲ့ အနာကျက်မြန်စေတာတွေက နောက်က အလိုအလျောက် လိုက်လာပြီပေါ့။

    ၂။ ရေညှိက ဟော်မုန်းတွေကို ပုံမှန် လည်ပတ်နိုင်စေပါတယ်။

    ဆူရှီစားရင် ရေညှိလေးနဲ့ ထုပ်ပေးတာပဲမဟုတ်လား။ ဒီ ရေညှိတွေမှာ ကျန်းမာရေးအတွက် သင့်လျော် ကောင်းမွန်တဲ့ အိုင်အိုဒင်းလို သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ အိုင်အိုဒင်းဟာ သိုင်းရွိုက်ဂလင်းတွေ အလုပ်ပုံမှန် လုပ်နိုင်ဖို့အတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါပဲ။ အိုင်အိုဒင်းတွေ အများကြီး စားသုံးခြင်းက အန္တရာယ်ရှိပေမဲ့ ရေညှိမှာ ပါဝင်တဲ့ ပမာဏကတော့ ဟော်မုန်းတွေကို မျှခြေညီစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

    ၃။ Topping တွေက ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

    ဆူရှီစားရင် မရှိမဖြစ် ပါလာတာက ဝါဆာဘိ နဲ့ ချင်း (ဂျင်း) ပါ။ သူတို့ နှစ်မျိုးလုံးမှာ radicals တွေကို ခြေဖျက်ပေးနိုင်တဲ့ ပဋိဇီဝပစ္စည်းတွေ ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားမှု၊ တစ်နည်းအားဖြင့် ကင်ဆာဆဲလ်တွေ အဆင့်မြင့်လာမှုကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

    နောက်ပြီး ဆူရှီမှာ တွေ့ရတဲ့ Selenium ကလည်း ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ anticancer properties တွေ ရှိနေပါသေးတယ်။ ဒါပဲလားဆိုတော့ ဒီ ဝါဆာဘိ နဲ့ ချင်း(ဂျင်း)ကို ဆူရှီနဲ့ တွဲစားပေးခြင်းက ငါးမှာ ပါလာတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ဘက်တီးရီးယားတွေကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုဆိုတော့ ခုခံအားကို မြင့်တက်စေတယ်လို့ ပြောရင်လည်း မမှားဘူးပေါ့။

    ဒါဖြင့် မကောင်းတာတွေရော ရှိလား။ သတင်းထဲမှာ တွေ့တာတော့ သန်ကောင်တွေက တစ်ကိုယ်လုံး လျှောက်သွားနေတာဆို။ လာမှာပေါ့။

    ၁။ Refined Carbs တွေ ပါဝင်ပြီး အမျှင်ပါဝင်မှုနှုန်း နည်းပါတယ်။

    ဆန်ရယ်၊ ငါးရယ်၊ ရေညှိရယ်၊ Soy sauce ရယ်လေနော်။ အမျှင်ဓာတ်က ဘယ်ကရမှာတုန်း။ ပြီးတော့ ဆူရှီဆန်ကို ချက်တဲ့အခါ ဗီနီဂါ နဲ့ သကြားတွေ ထည့်ရပါတယ်။ ဒါမှ အရသာက ကောင်းမှာကိုး။

    ဒီတော့ ဒီသကြားနဲ့ အမျှင်ဓာတ်နည်းတာက ဘာတွေ ဖြစ်လာစေနိုင်သလဲဆိုတော့ များများ စားမိရင် သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင် လယ်ဗယ်ကို မြင့်စေပါတယ်။ ဒါပေမဲ့ Rice Vinegar ကို ထည့်တွက်မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်၊ သွေးဖိအားနဲ့ သွေးတွင်း အဆီဓာတ်ကို လျော့စေပါတယ်နော်။

    ၂။ ပရိုတိန်းဓာတ်နည်းပြီး အဆီဓာတ် များပါတယ်။

    အဓိကက ငါးက ရတဲ့ အဆီဓာတ်များများ ပါဝင်နေတာပါ။ ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ် နည်းတာက သူ့ကို ကယ်လိုရီများတဲ့ စားစရာဖြစ်သွားစေပြီး ဘယ်လောက်စားစား မဝတာမျိုး ဖြစ်စေတတ်ပါတယ်။

    ၃။ ဆားပါဝင်မှု များပါတယ်။

    ဆူရှီဆန်ကို ချက်တဲ့အခါ ဆားထည့်ပါတယ်။ ငါးကြပ်တိုက်အတွက် ဆားပါရပါတယ်။ အသီးအရွက်တွေ ထည့်လိပ်ရာမှာ အရသာ ရှိဖို့အတွက် ဆားလေး ခတ်ရပါတယ်။ မီဆိုဟင်းရည်လေးက အများကြီး စားမှာကို ကာကွယ်ပေးနိုင်သော်ငြား သူ့မှာလည်း ဆားတွေ အများကြီးပါပဲ။

    ဟော.. စားတော့လည်း Soy sauce လေးနဲ့ တို့စား.. ဆားတွေချည်းပါပဲနော်။ ဆားအစားများတာက အစာအိမ်ကင်ဆာဆီ ဦးတည်သွားစေနိုင်ပါတယ်။ ပြီးတော့ သွေးတိုးတဲ့သူတွေနဲ့ မသင့်တော်ဘူးပေါ့။

    ၄။ ဘက်တီးရီးယားတွေ ပါပါတယ်။

    ငါးအစိမ်းကို စားရတာပါ။ ငါးအစိမ်းပေါ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေ၊ ကပ်ပါးကောင်တွေ ဘယ်လောက်ပါနေမလဲ မမြင်ရဘူး မဟုတ်လား။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းစနစ်နဲ့ ငါးတွေကို ထိန်းသိမ်းမယ်၊ အဆင့်ဆင့် လုပ်ဆောင်မယ်ဆိုရင်တော့ ပိုးမွှားပါဝင်နှုန်းကို လျှော့ချနိုင်ပါတယ်။

    သတိထားရမှာက ငါးအစိမ်းနဲ့ လုပ်တဲ့ ဆူရှီတွေကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေနဲ့ ခုခံအား နည်းတဲ့ လူတွေ မစားသင့်ဘူးဆိုတာပါပဲ။

    ဒါတွေကတော့ ဆူရှီရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေပါပဲ။ နောက်ထပ် ဆောင်းပါးတစ်ပုဒ်မှာ ကျန်းမာရေးနဲ့ ညီတဲ့ ဆူရှီကို ဘယ်လို စားကြမလဲဆိုတာ ဆက်ပြီး ဖော်ပြပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement