home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

XYY syndrome (အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်|ရောဂါလက္ခဏာများ|ဖြစ်ပွားမှုအကြောင်းရင်းများ|ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ|ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း|လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ဆိုတာဘာလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းက ယောက်ျားတွေမှာ ဖြစ်တာပါ။ ပုံမှန်အခြေအနေတွေမှာ ယောက်ျားတစ်ယောက်က အိတ်ခ်ျနဲ့ ဝိုင် ခရိုမိုဆုမ်း ပိုင်ဆိုင်ထားပါတယ်။ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းမှာတော့ ဖော်ပြခရိုမိုးဆုမ်းတွေအပြင် ဝိုင်တစ်လုံးအပိုပါလာပါတယ်။ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းလူနာအချို့မှာ ရောဂါလက္ခဏာတွေက သိရုံမျှသာ ပါပါတယ်။ တချို့ကတော့ ပညာမသင်ကြားနိုင်ခြင်း၊ စကားပြောနှေးခြင်း၊ ကြွက်သားအားနည်းခြင်းနဲ့ သာမန်ထက်အရပ်ပိုရှည်ခြင်းလိုမျိုး ရောဂါလက္ခဏာတွေ ခံစားကြရပါတယ်။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းဆိုတာ ရှားပါ ခရိုမိုဆုမ်းချို့ယွင်းရောဂါတစ်မျိုးပါ။ မွေးရာပါဖြစ်ပြီး ယောက်ျားလေးတွေသာ ခံစားကြရပါတယ်။ ဖြစ်ပွားနှုန်းက ၁ထောင်မှာ ၁ယောက်နှုန်းလို့ ခန့်မှန်းရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက သိရုံမျှသာရှိခြင်းကနေ ဆိုးရွားတဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာဆိုရင် ရောဂါလက္ခဏာပျော့တာကြောင့် ရောဂါမတွေ့ရှိဘဲရှိတတ်ပါတယ်။ တချို့လူနာတွေက ကြွက်သားအားနည်းခြင်းနဲ့ စကားပြောနှေးခြင်းလိုမျိုး ရောဂါလက္ခဏာတွေကို ကလေးဘဝလောက်မှ စတင်ခံစားကြရပါတယ်။ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကလေးတစ်ယောက်မှာ စာရေးစာဖတ်လိုမျိုး ပညာသင်ကြားမှုတို့မှာ အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း အများစုမှတော့ ပညာမသင်ကြားနိုင်မှု မတွေ့ရပါဘူး။

အခြားရောဂါလက္ခဏာတွေက ပန်းနာရင်ကြပ်၊ သွားပြဿနာနဲ့ ဝက်ခြံပေါက်ခြင်းတို့ပဲဖြစ်ပါတယ်။ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကလေးတွေမှာ အခြားသူတွေနဲ့ သိသိသာကွဲပြားနေတဲ့ ရုပ်ပိုင်းဆိုင်ရာသွင်ပြင်တွေ မရှိတတ်ကြပါဘူး။ အရပ်တော့ သိသိသာသာရှည်နေတတ်ပါတယ်။ အခြားယောက်ျားလေးတွေနဲ့ လိင်အင်္ဂါကွဲပြားမှုမရှိဘူးလို့ ထင်ရပါတယ်။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကလေးတွေ အထီးကျန်စိတ်ဝေဒနာ (Autism) နဲ့ လှုပ်ရှားမှုလွန်ပြီး အာရုံမစိုက်နိုင်သောရောဂါ (ADHD) တို့လိုမျိုး အပြုအမူဆိုင်ရာကွဲပြားမှုတွေ ရှိတတ်ကြပါတယ်။ စိတ်လှုပ်ရှားမှုဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာနိုင်ခြေများပါတယ်။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကလေးအများစုက ပုံမှန်လိင်ဖွံ့ဖြိုးမှု၊ မျိုးအောင်နိုင်စွမ်းတို့ ပုံမှန်ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ်လည်း တချို့ယောက်ျားလေးတွေမှာ ဝှေးစေ့အလုပ်မလုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တက်စတိုစတီရုန်းမထုတ်နိုင်ခြင်း သို့မဟုတ် သုတ်ပိုးမထုတ်လုပ်နိုင်ခြင်းကြောင့် မျိုးမအောင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ဖြစ်ပွားစေသလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းရဲ့ အဓိကအကြောင်းအရင်းမှာ မျိုးအောင်ချိန်အတွင်း သုတ်ပိုးရှိ ဆဲလ်ပွားမှုမှာ အမှားအယွင်းဖြစ်သွားခြင်းကြောင့်လို့ ယုံကြည်ရပါတယ်။ ဘာကြောင့်အမှားအယွင်းဖြစ်ရတာလဲဆိုတာတော့ မသိရသေးပါဘူး။ ထိုအမှားအယွင်းကြောင့် ဝိုင် ခရိုမိုဆုမ်း အပိုတစ်ခုထပ်တိုးလာပြီး ခရိုးမုန်ဆုမ်းပေါင်း ၄၆ခုရှိရမယ့်အစား ၄၇ခုဖြစ်လာပါတယ်။ ဒါကြောင့် အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းလို့ခေါ်တာပါ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းနဲ့ ပတ်သက်တဲ့ မျိုးရိုးဗီဇကို မိဘတွေထံမှ လက်ခံရရှိတာမဟုတ်ပါဘူး။ မျိုးမအောင်ခင်မှာ သုတ်ပိုးမှာ ဖြစ်ပေါ်လာတဲ့ ဘာမှန်းမသိသော ဖြစ်စဉ်ကြောင့် ရရှိလာတာပါ။ ထိုချို့ယွင်းသော သုတ်ပိုးက အဖေထံမှလာသော်လည်း အဖေထံမှ မျိုးရိုးဗီဇလက်ခံရရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဖခင်မှာ ထိုချို့ယွင်းမျိုးရိုးဗဇမရှိလို့ပဲဖြစ်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ကြွက်သားအားနည်းခြင်း၊ စကားပြောနှေးခြင်းနဲ့ ပညာသင်ကြားမှုပြဿနာတွေလိုမျိုး အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းနဲ့ ဆပ်နွယ်နေနိုင်မယ့် ရောဂါလက္ခဏာတွေကို တွေ့လာရပြီဆိုရင် ဆရာဝန်က သံသယရှိလာပါလိမ့်မယ်။ ထို့နောက် နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆရာဝန်ညွှန်ကြားပါလိမ့်မယ်။ အောက်ပါစစ်ဆေးမှုတို့ကို ပြုလုပ်နိုင်ပါတယ်။

  • ကာရိုတိုက် – ဆဲလ်အတွင်းက ခရိုမိုဆုမ်းအားလုံးကို ကြည့်ရှုသော စစ်ဆေးမှု
  • ခရိုမိုဆုမ်း မိုက်ခရိုအာရေး – ခရိုမိုဆုမ်းအပိုတွေ၊ မပါရှိတဲ့ခရိုမိုဆုမ်းတွေကို ကြည်ရှုသောစစ်ဆေးမှု

တချို့အခြေအနေမှာ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကို မမွေးခင်ကတည်းက တွေ့ရှိကြပါတယ်။ အမ်နီရိုဆန်တီးစစ် သို့မဟုတ် ကိုရီရိုးနစ်ဗေးလပ်စ်ဆမ်ပယ်လင်း (CVS) တို့ဖြင့် မမွေးခင် တွေ့နိုင်ပါတယ်။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်း ကို ဘယ်လိုကုသလဲ။

အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေကို ကုထုံးတော်တော်များများဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ကလေးများကြွက်သားအားနည်းခြင်းအတွက် အလုပ်အကိုင်ကုထုံး၊ စကားပြောနှေးခြင်းအတွက် စကားပြောကုထုံးတို့ကို အကြံပြုထားပါတယ်။ အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကလေးတွေကို အထူးသင်ကြားမှုပုံစံဖြင့် သင်ကြားပေးဖို့ လိုသလို အပိုဂရုစိုက်ပေးဖို့လိုပါတယ်။

လှုပ်ရှားမှုလွန်ပြီး အာရုံမစိုက်နိုင်သောရောဂါ (ADHD) နဲ့ အခြားအပြုအမူဆိုင်ရာပြဿနာများအတွက် အပြုအမူဆိုင်ရာကုထုံးများနဲ့ ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ အထီးကျန်စိတ်ဝေဒနာ (Autism) အတွက် လက်တွေ့အသုံးချ အပြုအမူဆိုင်ရာအကဲဖြတ်ခြင်းကုထုံး (ABA) ကို အကြံပြုပါတယ်။ တချို့အခြေအနေတွေမှာ ဟော်မုန်းကုထုံးလိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အိတ်ခ်ျဝိုင်ဝိုင် စင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

47, XYY syndrome

https://rarediseases.info.nih.gov/diseases/5674/47-xyy-syndrome

Accessed February 7, 2018

XYY Syndrome

https://rarediseases.org/rare-diseases/xyy-syndrome/

Accessed February 7, 2018

What is XYY Syndrome: Causes, Symptoms, Treatment

https://www.epainassist.com/genetic-disorders/xyy-syndrome

Accessed February 7, 2018

စာရေးသူ ဓာတ်ပုံbadge
Phyo Wai Yan မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။